
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံသယံဇာတ ပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်းနိုင်ငံဟုသိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကိုရေနံမှရသည်။
ရေနံအပြင် အဖိုးတန်လှသောအခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာလွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀၀ ခန့် ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန်နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် ဧရာမမြေအောက်ရေသိုက်ကြီးပင် ဖြစ်သည်။
ရုပ်ကြွင်းရေ
ပုံမှန်အခြေအနေတွင် မြေပေါ်ရေများစိမ့်ဝင်မှုကြောင့် မြေအောက်ရေများသည် ပြန်ပြည့်မြဲသယံဇာတ တစ်မျိုးပင် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်း ထောင်သောင်းခန့်က အချို့နေရာများ၌ ရေများသည် အလွန်နက်ရှိုင်းသော နေရာများအထိ ရောက်ရှိပြီးနောက် ဘူမိမြေလွှာအနေအထား ပြောင်းလဲသွားမှုကြောင့် မြေပေါ်ရေများ စိမ့်ဝင်ခြင်းမရှိတော့သည့်ရေလွှာများလည်းရှိရာ ယင်းရေများကို ရုပ်ကြွင်းရေများဟု ခေါ်သည်။ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့သည် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက သတ္တဝါနှင့် အပင်တို့၏ ရုပ်ကြွင်းများအဖြစ်မှလောင်စာအဖြစ် ပြောင်းလဲလာခြင်းဖြစ်၍ ရုပ်ကြွင်းလောင်စာဟုခေါ်သည်။ ရုပ်ကြွင်းရေများသည်မူ ရုပ်ကြွင်းများမှ ပြောင်းလဲ ဖြစ်ပေါ်လာခြင်းမဟုတ်သော်လည်း ရုပ်ကြွင်းလောင်စာများကဲ့သို့ နှစ်ပေါင်းသောင်းနှင့်ချီ၍ မြေပေါ်နှင့် အဆက်ပြတ်ကာ သီးခြားတည်ရှိနေသဖြင့် ရုပ်ကြွင်းရေများဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ ယင်းရုပ်ကြွင်းရေများကို ထုတ်ယူလျှင် အခြားမြေအောက်ရေများကဲ့သို့ပြန်လည် ပြည့်တင်းနိုင်ခြင်းမရှိချေ။
အာဖရိကတိုက်မြောက်ပိုင်း ဆဟာရသဲကန္တာရ၊ အာဖရိကတောင်ပိုင်း ကလာဟာရီ သဲကန္တာရ၊ တောင်ဝင်ရိုးစွန်း ဝန်းကျင် အန္တာတိကတိုက်နှင့် အမေရိကန် အနောက်ပိုင်းတို့၏ နက်ရှိုင်းသော အချို့အပိုင်း တို့တွင် ရုပ်ကြွင်းရေများရှိသည်။ ယင်းတို့အနက် လစ်ဗျားအပါအဝင်ဖြစ်သော အာဖရိကတိုက်မြောက်ပိုင်း ဆဟာရသဲကန္တာရအောက်ရှိ နျူဘီယန်းသဲကျောက်မြေအောက်ရေသိုက် Nubian Sandstone Aquifer System ဟု ခေါ်သည့် မြေအောက် ရေကြောသည် အကြီးမားဆုံးဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကျော်က လစ်ဗျားတွင် ရေနံရှာဖွေရင်း အမှတ်မထင် တွေ့ရှိခဲ့သည့် အဆိုပါ မြေအောက်ရေကြောသည် အကျယ်အဝန်း စတုရန်းမိုင် တစ်သန်းခန့်ရှိပြီး ရေပမာဏကုဗမိုင် ၃၆၀၀၀ ကျော်မျှ ရှိသည်။ ကမ္ဘာကျော် နိုင်းလ်မြစ်မှ နှစ်ပေါင်း ၅၀၀ ကြာ စီးထွက်သောပမာဏနှင့်တူညီသည်။ အဆိုပါ မြေအောက်ရေကြောသည် ချဒ်၊ အီဂျစ်၊ လစ်ဗျားနှင့်ဆူဒန် လေးနိုင်ငံတို့၏ အောက်မြေလွှာများထဲတွင် ဖြန့်ကျက်တည်ရှိသည်။ နျူဘီယန်း မြေအောက်ရေသိုက်ရှိ ရုပ်ကြွင်းရေများကို အီဂျစ်၊ ဆူဒန်နှင့် လစ်ဗျားတို့က အမြောက်အမြား ထုတ်ယူအသုံးချလျက်ရှိသည်။
ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင်ပါသည့် လစ်ဗျား၏ မြို့ကြီးအများအပြားသည် နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ကမ်းစပ်တွင်ရှိကြသဖြင့် မြို့တော်ထရစ်ပလီအပါအဝင် မြို့ကြီးများအတွက် မြေထဲပင်လယ် ရေကို ရေချိုချက်စက်ရုံများဖြင့်ချက်လုပ်သန့်စင်ပြီး သောက်သုံးရေအဖြစ် ပေးဝေနေခဲ့သည်။ ယင်းစက်ရုံများသည် လည်ပတ်စရိတ်ကြီးမားသည့်အပြင် အချို့ရေချိုချက်စက်ရုံများသည်ကောင်းစွာအလုပ် မလုပ်နိုင်သဖြင့် မြို့တော်ထရစ်ပလီသာမက အခြားမြို့ကြီးအချို့တွင်လည်း ရေအခက်အခဲဖြစ်နေခဲ့သည်။
လူလုပ်မြစ်
နိုင်ငံတောင်ပိုင်းတွင် နျူဘီယန်းဧရာမမြေအောက်ရေကြောကြီးကို တွေ့ရှိသောအခါလစ်ဗျားသည် ၁၉၈၃ ခုနှစ်က မဟာလူလုပ်မြစ်စီမံကိန်း the Great Manmade River ဟုခေါ်သောလုပ်ငန်းကြီးကိုစတင်ခဲ့သည်။ ယင်းစီမံကိန်းအရ မြေအောက်ရေကြောများရှိ ရေများကိုပေပေါင်း ၁၅၀၀ ကျော် အထိနက်သော အဝီစိတွင်းပေါင်း ၁၃၀၀ ကျော် တူး၍ထုတ်ယူပြီး ရေအခက်တွေ့နေသည့် မြောက်ပိုင်းမြို့များသို့ ပို့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ မျှကုန်ကျခဲ့သည့် မဟာလူလုပ်မြစ်စီမံကိန်းတွင် ချထားသော ပိုက်လိုင်းများမှာ မိုင် ၃၀၀၀ မျှ ရှည်လျားသည်။
မဟာလူလုပ်မြစ်စီမံကိန်းဗီဒီယိုသရုပ်ပြ ရှုစားရန်
ယင်းပိုက်လိုင်းများသည် တစ်ရက်လျှင် ရေထုထည် ကုဗပေသန်း ၂၀၀ မျှပို့ပေးလျက်ရှိရာ လူလုပ်မြစ်ဟူသောအမည်နှင့် လိုက်လျော ညီထွေ ရှိလှသည်။ လစ်ဗျား၏လူလုပ်မြစ်သည်နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို သောက်သုံးရေ ပေးဝေလျက်ရှိသည့်အပြင် စိုက်ပျိုးရေးကဏ္ဍတွင်လည်း အသုံးချနေရာ ယင်းရေကိုအမှီပြုသောစိုက်ပျိုးရေးကဏ္ဍသည် ကမ္ဘာ့အကြီးဆုံးစိုက်ပျိုးဧကများထဲတွင် ပါဝင်သည်။

လစ်ဗျားအပြင် ချဒ်၊ အီဂျစ်နှင့်ဆူဒန်တို့ကလည်း ထုတ်ယူအသုံးပြုနေသည့် နျူးဘီးယန်းမြေအောက်ရေ ကြောသည် မူလကနှစ်ပေါင်း ၁၀၀၀ ခန့်ခံမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ထုတ်ယူမှုများလွန်းသဖြင့် ယခုအခါနှစ် ၁၀၀ ပင် ခံမှခံပါ့မည်လောဟု စိုးရိမ်နေရသည်။ နျူးဘီးယန်းမြေအောက်ရေကြော၏ အခြေအနေကို ကမ္ဘာ့အနုမြူစွမ်းအင်အေဂျင်စီက အိုင်ဆိုတုပ် ဇလဗေဒ နည်းပညာသုံး၍ ကြီးကြပ်လေ့လာနေသည်။ ရေကြောအကြောင်း ပိုမိုသိရှိလာနေပြီး ရေရှည်ထုတ်ယူ အသုံးပြုနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်မည်ဟုမျှော်လင့်ရသည်။