လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

၁၉၀၀ ပြည့်နှစ်က ကမ္ဘာပေါ်တွင်လူသန်း ၁၆၅၀ သာရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင်ကမ္ဘာ့လူဦးရေသန်း ၆၀၀၀ ပြည့်ခဲ့ပြီး ယနေ့သန်း ၇၈၀၀ ကျော်သွားခြင်းဖြစ်စဉ်နှင့်အတူ စီးပွားရေးမြင့်မားလာ၍ ပျမ်းမျှတစ်ဦးချင်း ဝင်ငွေ ကောင်းလာပြီး လူနေမှုအဆင့်အတန်းလည်းတိုးတက်လာခြင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ ရေသုံးစွဲမှု မကြုံစဖူး မြင့်မားလာခဲ့သည်။ ၁၉၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရေသုံးစွဲမှုပမာဏ ခြောက်ဆတက်ခဲ့သည်။

ဆက်လက်၍တက်နေသော ကမ္ဘာ့လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင်သန်း ၈၅၀၀ နှင့် ၂၀၅၀ ပြည့်နှစ်တွင် သန်း ၉၈၀၀ ရှိလာမည်ဟုခန့်မှန်းထားသည်။ ကမ္ဘာတွင်လူဦးရေအများဆုံးဖြစ်သည့် တရုတ်နိုင်ငံတွင် လက်ရှိလူဦးရေ ၁၄၃၉ သန်းရှိရာ ၂၀၃၀ ပြည့်နှစ်တွင် သန်း ၁၄၅၀ ရှိလာမည်။ လူဦးရေဒုတိယအများဆုံး အိန္ဒိယနိုင်ငံတွင် လက်ရှိလူဦးရေသန်း ၁၃၈၀ ရှိပြီး ၂၀၃၀ ပြည့်နှစ်၌ သန်း ၁၅၀၀ ကျော်မည်ဟု ခန့်မှန်းထားသည်။

လူများလာ၍ရေပိုလိုလာသည်ဟုဆိုရာတွင် သောက်သုံးရေကိုသာ ပို၍လိုလာခြင်းမဟုတ်ပေ။ လူတို့စားသုံးရန် အစားအစာများ ထုတ်လုပ်သည့်စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင်လည်း ရေသည်မပါမဖြစ်ချေ။ လူတစ်ဦးလျှင် အိမ်သုံးအတွက် တစ်ရက်လျှင် အနည်းဆုံး ၁၀ ဂါလန်လိုပြီး စိုက်ပျိုးမွေးမြူရေးနှင့် စက်မှု လုပ်ငန်းများ၌လိုသောရေပမာဏကို လူတစ်ဦးနှုန်းနှင့်တွက်ပါက အိမ်သုံးသက်သက်ထက်ငါးဆမှအဆ ၂၀ အထိ လိုအပ်သည်။

မတိုးမလျော့သောရေပမာဏ

ရေလိုအပ်မှုကိုဖြည့်ဆည်းရာတွင် ကမ္ဘာပေါ်ရှိရေပမာဏသည်အပြောင်းအလဲမရှိ၊ တစ်သမတ်တည်း တည်နေသောအချက်ကို သတိပြုရသည်။ ကမ္ဘာပေါ်တွင်လူစ၍ဖြစ်ပေါ်စဉ်ကရှိသောရေပမာဏနှင့် လက်ရှိ ရေပမာဏသည်အတူတူပင် ဖြစ်သည်။ လျော့အောင်လုပ်၍မရသကဲ့သို့ ပိုများလာအောင်ဖန်တီး၍လည်း မရစကောင်းချေ။ မိုးအဖြစ်ရွာကျလာသောရေများသည် မျက်နှာပြင်မှ အငွေ့ပျံတက်သွားသောရေများသာ ဖြစ်သည်။ အသစ်တိုးလာသောရေများမဟုတ်ချေ။

ကမ္ဘာပေါ်ရှိရေပမာဏသည် မတိုးမလျော့ဘဲ အမြဲပုံသေရှိနေသဖြင့် လူဦးရေတိုးလာသောအခါ တစ်ဦးချင်းစီ အတွက်ရနိုင်သော ရေပမာဏယုတ်လျော့လာသည်။ ၁၉၇၀ ပြည့်နှစ်က လူတစ်ဦး တစ်နှစ်လျှင် ဂါလန် ၄၅၀၀၀၀ ရနိုင်ခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင်ဂါလန် ၃၀၀၀၀၀ သို့လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဂါလန် ၂၅၀၀၀၀ သို့လည်းကောင်း ကျဆင်းလာခဲ့သည်။ ဆက်လက်၍ တစ်ဦးချင်းရနိုင်သောရေပမာဏ၏ တစ်ကမ္ဘာလုံးပျမ်းမျှကိန်းသည် ၂၀၂၅ ခုနှစ်တွင် ဂါလန် ၁၈၀၀၀၀ အထိကျဆင်းသွားဖွယ်ရှိနေသည်။

ကမ္ဘာ၏မြေဆွဲအားကိုတိုင်းတာခြင်းဖြင့် ကမ္ဘာ့မြေထု၊ ရေထုနှင့်ရာသီဥတုတို့ကို လေ့လာသော ဂရေ့စ် ဂြိုဟ်တုများGravity Recovery and Climate Experiment (GRACE)က ၂၀၀၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ကြား၊ ၁၄ နှစ်ကာလအတွင်း ဒေသအလိုက် ရေအရင်းအမြစ် အတိုးအလျော့ကို လေ့လာခဲ့ရာ ကမ္ဘာ့ဆည်မြောင်းရေသွယ်စိုက်ခင်းရှိရာ ဒေသများတွင် ရေချိုပမာဏ လျင်မြန်စွာ လျော့နည်းလာနေကြောင်း တွေ့ရသည်။ ဥပမာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘင်္ဂလားဒက်ရှ်၊ မြန်မာနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့ကို ဒေသတစ်ခုအဖြစ်လေ့လာခဲ့ရာ ဤဒေသတွင်း မိုးနှင့်ဆီးနှင်းကျမှု သည် ၁၉၉၈ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်ကြားက ပုံမှန်ထက်များခဲ့သော်လည်း ၂၀၀၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ကြား၊ ၁၄ နှစ်ကာလအတွင်း၌မူ တစ်နှစ်လျှင် ၁၀ မီလီမီတာ(၀ .၄ လက်မ) နှုန်းနည်းလာခဲ့သည်။ တစ်ချိန်တည်းတွင် ဆည်မြောင်းရေသွယ် စိုက်ခင်းများက ရေရယူမှုကြောင့် ဒေသတွင်းမြေပေါ်မြေအောက်ရေ သိုလှောင်မှုသည် တစ်နှစ်လျှင် ၂၃ ဂိုင်ဂါတန်နှုန်းဖြင့် လျော့နည်းလာနေကြောင်းသိရသည်။ ဤဒေသသည် ကမ္ဘာတွင် ဆည်မြောင်းရေသွယ်စိုက်ခင်း တတိယအများဆုံးရှိသည့်ဒေသဖြစ်ရာ မိုးပုံမှန်မရပါက မြေပေါ် မြေအောက်ရေသိုလှောင်မှု ဆက်လက်လျော့နည်းကျဆင်းနေလိမ့်မည်။

တည်ရှိပုံမညီမျှ

ထိုသို့ကျဆင်းသွားသည့်တိုင် ယင်းပျမ်းမျှပမာဏကို လူအားလုံးအညီအမျှရလျှင် လုံလောက်သေးသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ဘဲ နေရာဒေသ ပထဝီအနေအထားနှင့် အချိန်အခါကိုလိုက်၍ ရေရှားခြင်း ရေပေါခြင်းတို့ကို ကြုံရသဖြင့် ရေအခက်အခဲပေါ်ပေါက်ရခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ရေပေါသည့် နေရာ အချို့တွင်လူနေထိုင်မှုကျဲပါးပြီး ရေနည်းသည့်နေရာအချို့တွင် လူဦးရေထူထပ်နေသည်။

ပြန်ပြည့်နိုင်သောရေအရင်းအမြစ်အများဆုံးငါးနိုင်ငံ

နိုင်ငံကုဗပေ
(လူတစ်ဦးတစ်နှစ်လျှင်)
ကနေဒါ၂၇၉၈၀၀၀
ဘရာဇီး၁၄၆၀၀၀၀
ရုရှား၁၁၁၀၀၀၀
သြစတေးလျ၇၁၀၀၀၀
အမေရိကန်၃၃၄၀၀၀

ကမ္ဘာ့ရေချိုပမာဏစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် ကိုးနိုင်ငံတွင် စုဝေးတည်ရှိသည်။ ယင်းနိုင်ငံတို့မှာ ဘရာဇီး၊ ရုရှား၊ ကနေဒါ၊ အင်ဒိုနီးရှား၊ တရုတ်၊ ကိုလမ်ဘီယာ၊ အမေရိကန်၊ ပီရူးနှင့် အိန္ဒိယတို့ ဖြစ်ကြသည်။ သို့သော် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်နေထိုင်သော တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံပေါင်း၏ ရေအရင်းအမြစ်ပမာဏမှာကမ္ဘာ့စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာလျှင်ရှိသည်။

ထို့အတူ ပင်မအာရှတိုက်နှင့်အရှေ့အလယ်ပိုင်းဒေသတွင်ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်း နေထိုင်သော်လည်း ဒေသတွင်းမြစ်ရေစီးပမာဏသည် ကမ္ဘာ့စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းသာရှိသည်။ တောင်အမေရိကတိုက်တွင်မူ ကမ္ဘာ့လူဦးရေ၏ ခြောက်ရာခိုင်နှုန်းသာရှိသော်လည်း ယင်းဒေသတွင်း စီးနေသည့်မြစ်ရေပမာဏမှာ ကမ္ဘာ့မြစ်ရေစီး၏ ၂၆ ရာခိုင်နှုန်းခန့်ရှိသည်။

တစ်နိုင်ငံတည်းအတွင်း၌ပင် ရေအရင်းအမြစ်တည်ရှိပုံ မညီမျှချေ။ အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရွာသွန်းသော မိုးရေချိန်သည် နိုင်ငံအနောက်ပိုင်း သဲကန္တာရတွင်ရွာသောမိုးထက် အဆပေါင်း ၁၀၀ ကျော် ပိုသည်။ တစ်နိုင်ငံလုံးအနေနှင့်ကြည့်လျှင် အိန္ဒိယတွင်ရေအရင်းအမြစ်မရှားပါးသော်လည်း ဒေသအလိုက်ကြည့်လျှင်ရေအတွက်အခက်ပွေနေသူ အများအပြားရှိနေသည်။

ထို့အတူ မြန်မာနိုင်ငံတွင်လည်း မိုးအများဆုံးဒေသနှင့်အနည်းဆုံးဒေသတို့အကြား မိုးရရှိမှုသည် ဆယ်ဆ နီးပါး ကွာခြားသည်။ အိန္ဒိယနှင့်မြန်မာနည်းတူ ကမ္ဘာ့နိုင်ငံအများအပြားတွင် ရေမလုံလောက်မှုများနှင့် ကြုံနေရခြင်းတွင် အထက်ပါ အကြောင်းသည် အဓိကနေရာမှပါသည်။

မြန်မာနိုင်ငံ၏ရေအရင်းအမြစ်ကိုကြည့်လျှင် တစ်နှစ်အတွင်း ပြန်လည်ပြည့်တင်းနိုင်သော ရေပမာဏသည် ၂၇၀ ကုဗမိုင်ရှိပြီး သုံးစွဲမှုသည် ၈ ကုဗမိုင်သာရှိသည်။ မြန်မာနိုင်ငံတွင် ရေသုံး၍ မကုန်အောင် ရှိနေသော်လည်း အချိန်ကာလအားဖြင့်ရော၊ နေရာအားဖြင့်ပါ မိုးမညီမျှမှု၊ မြေအောက်ရေâနေရာတိုင်းတွင် မရနိုင်မှုတို့ကြောင့် နွေရောက်တိုင်း ရေအခက်အခဲဖြစ်ပေါ်နေသည်။

ကြောင့်ကြနေရမှု

ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် ရေဘက်ဆိုင်ရာအဖွဲ့အစည်းများသည် ရေရရှိရေးအခြေအနေကို လေ့လာရာတွင် ရေအတွက်ကြောင့်ကြနေရမှု(Water Stress)ဟူသော ဝေါဟာရကို သုံးစွဲသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏အလိုအရ ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ရေချိုသုံးစွဲမှု၊ ပြန်လည်ပြည့်တင်းနိုင်သည့်ရေချိုအရင်းအမြစ်နှင့်ဂေဟစနစ်ရှင်သန်ရေးအတွက် လိုအပ်သောရေတို့ကို ထည့်သွင်း၍ ရေအတွက်ကြောင့်ကြနေရမှုကိန်းကိုရာခိုင်နှုန်းဖြင့်တွက်ချက်သည်။

ပြန်ပြည့်နိုင်သည့်ရေချို များလျှင် ကြောင့်ကြကိန်းနည်းသည်။ သုံးစွဲသောရေချိုပမာဏနှင့် ဂေဟစနစ် ရှင်သန်ရေးအတွက် လိုအပ်သောရေ များလျှင် ကြောင့်ကြကိန်းများသည်။ ရေအတွက် ကြောင့်ကြရမှုကိန်း ၀ နှင့် ၁၀ ကြား ၉၄ နိုင်ငံ၊ ၁၀ နှင့် ၂၅ ကြား ၃၂ နိုင်ငံ၊ ၂၅ နှင့် ၇၀ ကြားတွင် ၃၂ နိုင်ငံရှိသည်။ တစ်နည်းဆိုရလျှင် ယင်းနိုင်ငံများသည် ရေအတွက်ပူပင်ကြောင့်ကြစရာမလိုသည့်နိုင်ငံများဖြစ်ကြသည်။ ၇၀ မှ ၁၀၀ ကြား ၂၂ နိုင်ငံ၊ ၁၀၀ မှအထက် ၁၅ နိုင်ငံရှိသည်။

ပြန်လည်ပြည့်တင်းနိုင်သောရေဆိုသည်မှာ သဘာ၀ အလျောက်ပြန်ပြည့်နိုင်သော မြစ်ချောင်း အင်းအိုင် ရေများနှင့် မြေအောက်ရေအချို့ ဖြစ်ကြသည်။ ပြန်မပြည့်နိုင်ဘဲကုန်ခန်းသွားသော ရေများကို ထည့်မတွက်ချေ။ အချို့မြေအောက်ရေကြောများသည် အလွန်နက်ရှိုင်းသောအပိုင်းတွင်ရှိနေသဖြင့် ယင်းတို့မှရေထုတ်ယူပါက မြေပေါ်မှရေများ ပြန်လည်စိမ့်ဝင်နိုင်ခြင်းမရှိချေ။

ရေအတွက်ကြောင့်ကြရမှုကိန်း ၁၀၀ နှင့်အထက်ရှိသောနိုင်ငံများသည် ဆိုင်ရာနိုင်ငံတွင်းရှိ ပြန်လည် ပြည့်တင်းနိုင်သည့် ရေချိုအရင်းအမြစ်အကုန် သို့မဟုတ် ထို့ထက်များ၍သုံးစွဲကြသည်။ မိမိပိုင်နက်အတွင်းရှိ ရေများအပြင် အိမ်နီးချင်းနိုင်ငံများ၏ မြေပေါ်မြေအောက်ရေများကို ရယူနေသော၊ ရုပ်ကြွင်းမြေအောက်ရေကို သုံးနေသော၊ ပင်လယ်ရေငန်မှရေချိုချက်လုပ်သုံးစွဲနေသောနိုင်ငံများဖြစ်သည်။ ယင်းနိုင်ငံများအားလုံးသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းနှင့်အာရှအလယ်ပိုင်းတွင် တည်ရှိသည်။

ရေအတွက်ကြောင့်ကြရမှုကိန်းသည် နိုင်ငံအလိုက် ပျမ်းမျှတွက်ချက်ထားခြင်းသာဖြစ်သဖြင့် ရေအတွက် ကြောင့်ကြရမှုကိန်း နိမ့်သောနိုင်ငံသားတိုင်းသည် ရေကိုဖူလုံလောက်ငစွာ သုံးနေနိုင်သူများမဟုတ်သကဲ့သို့ ရေအတွက်ကြောင့်ကြရမှုကိန်းမြင့်သော နိုင်ငံသားများသည်ရေမလောက်မငသုံးနေရသည်ဟု မကောက်ယူနိုင်ပြန်ချေ။

ရေအသုံးအများဆုံးငါးနိုင်ငံ

နိုင်ငံထရီလျံဂါလန်
(တစ်နှစ်လျှင်)
တရုတ်၃၆၂
အမေရိကန်၂၁၆
ဘရာဇီး၉၅
ရုရှား၇၁
မက္ကဆီကို၅၃

နိုင်ငံသားအားလုံး သို့မဟုတ် အများစု ရေကိုဖူလုံလောက်ငစွာသုံးနိုင်ခြင်းမနိုင်ခြင်းသည် ကြောင့်ကြရမှုကိန်း အပြင် ရေဘက်ဆိုင်ရာစီမံခန့်ခွဲတတ်မှု၊ နိုင်ငံ့စီးပွားရေးစသည်တို့ပေါ်တွင်လည်း မူတည်သေးသည်။

ပညာရှင်တို့၏ခန့်မှန်းချက်အရ တိုးတက်လာသောလူဦးရေ၊ တစ်ဦးချင်း ရေအသုံးများလာနေမှုကြောင့် ဆိုးရွားလာနေသော ရေရရှိမှု အခြေအနေသည် ရာသီဥတုပြောင်းလဲမှုကြောင့် ပို၍စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်နေသည်။

လက်ရှိအခြေအနေပေါ်မူတည်ကာ အနာဂတ်တွင်ဖြစ်နိုင်ဖွယ်ရှိသည်ကို မှန်းဆချက်များအရ ၂၀၂၅ ခုနှစ်တွင် လူဦးရေသန်း ၁၈၀၀ တို့သည် ရေအလွန်ရှားပါးသောအခြေအနေသို့ရောက်ပြီး ကမ္ဘာ့ လူဦးရေ၏ ၃ ပုံ ၂ ပုံသည် ရေရရှိရေးအတွက် နေ့စဉ်ကြောင့်ကြပူပင် နေရမည်ဟုဆိုသည်။

မြို့နေသူတို့အခက်ပို

ရေပြဿနာသည် အချို့သောဖွံ့ဖြိုးပြီးနိုင်ငံများမှအပနိုင်ငံတိုင်းလိုလို မြို့ပြကျေးလက်မခွဲဘဲ အနည်းနှင့်အများ ရင်ဆိုင်နေရခြင်း ဖြစ်သော်လည်း မြို့ကြီးများတွေ့ကြုံနေရသောပြဿနာက ယင်းမြို့ကြီးများ အလျင်အမြန် တိုးချဲ့ပြန့်ကားလာနေမှုကြောင့် ပို၍စိုးရိမ်ဖွယ်ရာဖြစ်နေသည်။ ရေရရှိရေးသည် နေရာတိုင်း လူတိုင်းအတွက် အရေးကြီးသည်မှန်သော်လည်း လူနေသိပ်သည်းပြီးသားမြို့ကြီးများသို့ လူများပိုမိုပြောင်းရွှေ့လာနေခြင်း၊ မြို့ပြ လူဦးရေတိုးလာနေမှုသည် အခြေခံအဆောက်အအုံမပြည့်စုံသည့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပို၍များပြားနေခြင်း တို့ကြောင့် မြို့ပြရေဖူလုံရေးအတွက် အရေးတကြီး စဉ်းစားကြံဆနေကြရသည်။

ထိုမလောက်မငအခြေအနေမှ ပို၍ဆိုးရွားလာကာ ဧရာမရေပြဿနာများနှင့်ရင်ဆိုင်နိုင်ရသည့် မြို့များမှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ ဘရာဇီးနိုင်ငံ ဆော်ပေါင်လိုမြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့၊ သြစတေးလျနိုင်ငံ မဲလ်ဘန်းမြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ ရုရှားနိုင်ငံ မော်စကိုမြို့၊ တူရကီနိုင်ငံ အစ္စတန်ဘူးမြို့၊ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့၊ အိန္ဒိယ နိုင်ငံ ချင်းနိုင်၊ ဘန်ဂလို၊ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၊ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့တော်တို့ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့လူဦးရေသန်း ၇၈၀၀ ကျော်ရှိသည့်အနက် မြို့ပြများတွင်နေထိုင်သည့်ဦးရေသည် ၅၅ ရာခိုင်နှုန်း ကျော်သွားပြီဖြစ်ရာ လူ့သမိုင်းတွင် ကျေးလက်နေလူဦးရေကိုမြို့နေလူဦးရေက ပထမဦးဆုံးအကြိမ် ကျော်လွန် များပြားသွားခြင်းပင် ဖြစ်သည်။ ဆက်လက်၍လည်း ကျေးလက်မှ မြို့ပြများသို့ ပြောင်းရွှေ့နေထိုင်သူဦးရေ တိုးတက်လာလျက်ရှိသည်။ ပျမ်းမျှအားဖြင့် မြို့ပြလူဦးရေတိုးနှုန်းသည် တစ်နှစ်လျှင် ၃၈ ရာခိုင်နှုန်း ရှိသည်ဟုသိရသည်။ မြို့ပြလူဦးရေဆက်လက်တိုးပွားလာနေသဖြင့်လူဦးရေ ၁၀ သန်းအထက်ရှိသည့် မက်ဂါစီးတီးခေါ် မဟာမြို့တော်များလက်ရှိ ၃၃ မြို့ရှိနေရာမှ ၂၀၃၀ ခုနှစ်တွင် ၄၃ မြို့အထိဖြစ်လာနိုင်သည်။ ၂၀၅၀ ခုနှစ်၌ ကမ္ဘာ့လူဦးရေ၏ ၆၈ ရာခိုင်နှုန်းအထိ မြို့ပြများတွင် နေထိုင်လာကြမည်။

ကျယ်ပြန့်လာသော မြို့ပြများအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးနိုင်ရမည် ဖြစ်သော်လည်း လက်တွေ့တွင်ထိုသို့မဟုတ်ပေ။ မြို့နေလူဦးရေ ၁၅၆ သန်းတို့သည် ဘေးကင်းသောရေကို သောက်ခွင့်မရကြချေ။ မြို့နေလူဦးရေသန်း ၈၀၀ နီးပါးတို့သည်စနစ်ကျသောသန့်ရှင်းမှုနှင့်ကင်းဝေးနေသည်။ ထို့ကြောင့် ယင်းတို့သည် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါတို့ကိုခံစားနေကြရသည်။ ရေပေးရေးနှင့် သန့်ရှင်းမှုစနစ်တိုးတက် ကောင်းမွန်လာအောင်ကြိုးစားနေကြသော်လည်း မြို့နေလူဦးရေ အလွန်အမင်းတိုး တက်နေမှုကို အမီမလိုက်နိုင်သေးချေ။

ယင်းဖြစ်စဉ်များမှာ ရေပေးဝေရေးလုပ်ငန်းများတွင် ကျေးလက်များထက် မြို့ပြများကို ဦးစားပေးနေသည့်ကြားကပင် ဖြစ်ပေါ်နေသည်။ ဦးစားပေးမခံရသောကျေးလက်များတွင်ငွေကြေးနှင့်အခြား အခြေခံအချက်များ မပြည့်စုံသဖြင့် ယင်းဒေသများတွင် နေသူတို့၏ ရေဒုက္ခသည်လည်း မသေးလှချေ။

ယင်းအခြေအနေဆိုးကိုပြေလျော့စေရန် ကြိုးပမ်းအားထုတ်မှုများရှိသော်လည်း လက်တွေ့တွင် မနိုင်မနင်းဖြစ်နေသည်။ ရသမျှရေကို တိုး၍ ထုတ်ယူနေကြသည့်အတွက် မြစ်ရေ၊ ကန်ရေများသာမက မမြင်သာသည့် မြေအောက်ရေများသည်ပင် စိုးရိမ်ဖွယ်ရာ လျော့နည်းလာလျက် ရှိသည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s