
ကမ္ဘာ၏ သက်တမ်း နှစ်သန်းပေါင်း ၄၆၀၀ အတွင်း၌ ကမ္ဘာ့ ရာသီ ဥတုသည် အကြိမ်ကြိမ် ပြောင်းလဲခဲ့ကြောင်း သိခဲ့ကြရပြီ။ မည်သည့်အကြောင်းကြောင့် မည်သည့်အချိန်က မည်သို့ပြောင်းခဲ့ကြောင်း သိပ္ပံပညာရှင်တို့က ပြောနိုင်ခြင်းမှာ ရှေးဟောင်းရာသီဥတုဗေဒပညာရပ်၏ ကျေးဇူးကြောင့် ဖြစ်သည်။
ရှေးဟောင်းရာသီဥတုဗေဒသည် အပူချိန်ကိုတိုင်းသော သာမိုမီတာ၊ လေဖိအားကို တိုင်းသော ဘာရိုမီတာ အစရှိသည့် သိပ္ပံကိရိယာများဖြင့် မှတ်တမ်းမတင်နိုင်မီ အချိန်က ရာသီဥတုအခြေအနေများကို လေ့လာသည့် ပညာ ဖြစ်သည်။ ရှေးဟောင်းရာသီဥတုဗေဒပညာရှင်များသည် ယင်းကိရိယာများအစား ဘူမိဗေဒ၊ ရုက္ခဗေဒနှင့် အခြားသဘာဝပတ်ဝန်းကျင်မှတ်တမ်းများကိုလေ့လာ၍ ရှေးခေတ်ရာသီဥတုကို စူးစမ်းသည်။
သစ်ပင်အတော်များများ၏ ပင်စည်နှင့်အကိုင်းအခက်များကို ပိုင်းဖြတ်ကြည့်ပါက ဗဟိုတူအရစ်များ ပေါ်နေသည်ကို တွေ့ရမည်။ အပင်ကြီးထွားခြင်းဖြစ်စဉ်တွင် မူလရှိပြီးသစ်ပင်အသားနှင့်အခေါက်တို့၏ကြား၌ ဖြစ်ထွန်းပေါ်ပေါက်သော ဆဲလ်အသစ်များကြောင့် အသားတက်၍ အရစ်များပေါ်နေခြင်း ဖြစ်သည်။ ဆောင်းအခါ အသားတက်ခြင်းနှေးကွေးပြီး နွေနှင့်မိုးတွင် မြန်ဆန်သဖြင့် ပူနွေးသောနှစ်များတွင်ပေါ်သော အရစ်များသည် ထူပြီး အေးသောနှစ်များတွင် ပေါ်သော အရစ်များသည် ပါးသည်။ ထို့ပြင် အရစ်ပေါ် နေချိန်တွင် လေထုတွင်းရှိ ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်အိုက်ဆိုတုပ်များသည် အရစ်များထဲတွင် ပေါင်းစပ် ပါဝင်နေကြရာ ယင်းတို့ကိုလေ့လာခြင်းဖြင့် ယင်းအချိန်က ရာသီဥတုကို တစ်စွန်းတစ်စသိနိုင်သည်။
သန္တာကျောက်တန်းများသည် ထုံးဓာတ်၏အသွင်တစ်မျိုးဖြစ်သော ကယ်လ်စီယံကာဘွန်နိတ်များကို ပင်လယ်ရေထဲမှဓာတ်ပြုရယူ၍ ကြီးထွားလာသော သန္တာကောင်များ၏ ရုပ်ကြွင်းများ ဖြစ်သည်။ ကယ်လ်စီယံ ကာဘွန်နိတ်များတွင် ယင်းအချိန်က ရေထဲတွင်ရှိသော အောက်ဆီဂျင် အိုင်ဆိုတုပ်များ ပါဝင်ရာ ယင်းတို့ကို လေ့လာခြင်းဖြင့် သန္တာကောင်များ ရှင်သန်ကြီးထွားစဉ်အခါက ရေအပူချိန်၊ ထိုမှတစ်ဆင့် လေထုအပူချိန် တို့ကိုပါ ဆက်စပ်တွက်ချက်သိရှိနိုင်သည်။
အနည်များထဲတွင်နစ်မြုပ်နေသော ပန်းဝတ်မှုန်များကိုလေ့လာလျှင် ပန်းဝတ်မှုန်များ မြေပေါ်တွင်ရှိစဉ်က ကမ္ဘာပေါ်တွင်ပွင့်ခဲ့သော ပန်းပွင့်နှင့် အပင်အမျိုးအမည်များ၊ ယင်းတို့မှတစ်ဆင့် ရာသီဥတုအခြေအနေတို့ကို ကောက်ချက်ဆွဲယူသိရှိသည်။ ပန်းဝတ်မှုန်များနည်းတူ ကုန်းမြေများမှ စီးဆင်းကာ ရေအိုင် ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်များတွင်ထိုင်နေသည့်အနည်များကို တူးဖော်လေ့လာလျှင်လည်း ယင်းအနည်တို့ မြေပေါ်တွင် ရှိနေချိန်က ဓာတ်ပစ္စည်းများမှတစ်ဆင့် ယင်းအချိန်က ရာသီဥတုအခြေအနေကိုနားလည်နိုင်သည်။
ဂူများထဲတွင် သဘာဝအလျောက်ဖြစ်ပေါ်နေသော ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များ ကလည်း ရှေးခေတ်ရာသီဥတုအကြောင်းကို ဖော်ထုတ်သည်။ မြေပြင်ပေါ်ရှိ မြေသား ကျောက်သားများကို တိုက်စားပြီး ယင်းမြေသားတွင်ပါသော သတ္တုဓာတ်များကို သယ်လာကာ မြေအောက်ဂူများထဲ စိမ့်ဝင် စီးကျလာရာမှ ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များ ဖြစ်ပေါ်သည်။
ကျောက်စက်ပန်းဆွဲစသည်တို့တွင် ကပ်နေသော သတ္တုဓာတ်များ၏ ပမာဏသည် ယင်းသတ္တုတို့ ဖြစ်ပေါ်တည်ရှိစဉ်အချိန်က မိုးခေါင်သလော၊ မိုးများသလော ဆိုသည်ကို ညွှန်ပြသည်။ မိုးခေါင်သောအချိန်တွင် ရေစီးနည်းကာ ကျောက်စက်များတွင် ကပ်နေသောသတ္တုဓာတ် နည်းသည်။ မိုးများသောအချိန်တွင် ရေစီး များကာ ကျောက်စက်များတွင်ကပ်နေသော သတ္တုဓာတ် များသည်။ ကျောက်စက်များတွင်ရှိသော ယူရေနီယံကိုလေ့လာ၍ ယင်းတို့၏သက်တမ်းကို တွက်ချက်ကြသည်။ ထို့အပြင် ကျောက်စက်များတွင် ကျန်နေသော အောက်ဆီဂျင်အိုင်ဆိုတုပ်များကို လေ့လာ၍လည်း ယင်းတို့ဖြစ်ပေါ်စဉ်က အပူချိန်၊ မိုးရွာသွန်းမှု စသည်တို့ကို တွက်ချက် သိရှိနိုင်သည်။
အနည်ကျကျောက်များကို လေ့လာမှုမှလည်း ယင်းတို့ထဲတွင် ပါနေသည့် မြေသားများ၊ ရုပ်ကြွင်းများမှ တစ်ဆင့် ယင်းမြေသား၊ ရုပ်ကြွင်းတို့ မြေပေါ်တွင်ရှိစဉ်က ရာသီဥတုအခြေအနေကို ဖော်ထုတ်ပေးသည်။
ရေခဲပြင်အောက်မှ ရှေးဟောင်းလေနမူနာ
ရှေးခေတ်လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်နှင့် အခြားဓာတ်ငွေ့များ၏ ပမာဏကို ထုတ်ဖော်ပြသည့် အခြားအရာတစ်ခုမှာ ရေခဲနမူနာများ ဖြစ်သည်။ လေထုတွင်းဓာတ်ငွေ့များသည် ယင်းတို့နှင့်ထိတွေ့နေသော ဆီးနှင်းမှုန်များနှင့်အတူ မြေပြင်ပေါ်ကျလာပြီး ရေခဲပြင်များထဲ၌ရောက်ရှိသည်။ ကာလကြာ၍ ရေခဲပြင်များ ထူထပ်လာသော် ယင်းဓာတ်ငွေ့များသည် ရေခဲပြင်များအောက်တွင် မပျက်မစီး ရှိနေကြသည်။ ယခု ရေခဲပြင်များကိုတူးဖော်၍ ရေခဲနမူနာများကို လေ့လာလျှင် ယင်းအချိန်က လေထုတွင်းဓာတ်ငွေ့ပမာဏနှင့် အချိုးအဆကို သိနိုင်သည်။
ယင်းရေခဲနမူနာများထဲတွင် အောက်ဆီဂျင်အိုင်ဆိုတုပ်၊ ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်နှင့် ဟိုက်ဒရိုဂျင်၏အသွင် တစ်မျိုးဖြစ်သော ဒျူတေရီယံတို့ ပါသည်။ ဒျူတေရီယံ ပမာဏနှင့် ယင်းဓာတ်ဖြစ်ပေါ်ချိန်က လေထု၏ အပူချိန်တို့ဆက်သွယ်ပုံကို သိထားကြရာ ဒျူတေရီယံတို့ကို တိုင်းတာလေ့လာခြင်းဖြင့် ရှေးခေတ်အပူချိန်ကို တွက်ချက်နိုင်ကြသည်။ ထို့အတူ ရေခဲများထဲတွင်ပါသောဖုန်မှုန့်များကို လေ့လာမှုမှ ထိုအချိန်က မီးတောင်ပေါက်မှုများ ရှိမရှိ သိနိုင်သည်။
နွေတွင်ကျသောဆီးနှင်းနှင့် ဆောင်းတွင်ကျသောဆီးနှင်းတို့သည် ပုံပန်းချင်း ကွဲပြားကြသည်။ ဝင်ရိုးစွန်း အရပ်များတွင် နွေအခါ ၂၄ နာရီပတ်လုံး နေရောင်ထိုးနေသဖြင့် ယင်းအခါတွင်ကျသောဆီးနှင်းသည် ဆောင်းဆီးနှင်းနှင့် ပုံပန်းအပြင် ဓာတုဖွဲ့စည်းပုံပါ ကွဲပြားသည်။ နွေဆီးနှင်းနှင့် ဆောင်းဆီးနှင်းတို့၏ ကွဲပြားခြားနားပုံကိုလေ့လာ၍ ပညာရှင်တို့သည် ထိုစဉ်က ရာသီဥတုပြောင်းလဲပုံကို လေ့လာနိုင်ကြသည်။
ကမ္ဘာ့မြောက်ပိုင်း ဂရင်းလန်းကျွန်းရေခဲပြင်များနှင့် တောင်ပိုင်း အန္တာတိတ် ရေခဲပြင်များ၌ ရေခဲနမူနာများကို တူးဖော်လေ့လာနေကြရာ အန္တာတိကတိုက် ဗော့စတော့စခန်းမှ တူးဖော်ထားသော ရေခဲအတောင့်ကြီး၏ အရှည်စုစုပေါင်းမှာ ပေ ၁၂၀၀၀ ခန့်ရှိပြီး လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀၀၀ ခန့်မှ လေထု၏အခြေအနေကို ဖော်ထုတ်ပေးလျက် ရှိသည်။
ရှေးဟောင်းရာသီဥတုဗေဒ၏ ကျေးဇူးကြောင့် ပညာရှင်တို့သည် နှစ်ပေါင်း သိန်းသန်းကုဋေက ကမ္ဘာ့ရာသီ ဥတုအခြေအနေကိုတွက်ချက်သိရှိကာ ယင်းတို့ကို အခြေခံ၍ အနာဂတ်ရာသီဥတုကိုလည်းခန့်မှန်းနိုင်ကြသည်။
ကမ္ဘာ့သက်တမ်းကို ၂၄ နာရီကာလအဖြစ် ချုံ့၍ လေ့လာခြင်း
အတိတ်က ရာသီဥတုပြောင်းလဲခဲ့ခြင်းကို ပြန်လည်မှတ်တမ်းတင်ရာတွင် သက်တမ်းနှစ်ပေါင်းသန်း ၄၆၀၀ ခန့် ကြာပြီ ဖြစ်သော ကမ္ဘာ့သမိုင်းတစ်လျှောက် ဆစ်ပိုင်းဆန်းစစ်ရသည်။ သို့သော် ယင်းကာလသည် ရှည်လျားလွန်းလှ၍ သာမန်လူများအတွက် အတိတ်ကို လွယ်ကူစွာရှုမြင်နိုင်ရန် မလွယ်လှချေ။ ထို့ကြောင့် နှစ်ပေါင်းသန်း ၄၆၀၀ ကို ၂၄ နာရီဟု သဘောထား၍ ပိုင်းခြား လေ့လာလေ့ရှိသည်။
နေ့ဟောင်း၏အဆုံး နေ့သစ်၏အစဖြစ်သော ညသန်းခေါင် ၁၂ နာရီတွင် ကမ္ဘာစတင်မွေးဖွားဖြစ်ပေါ်သည် ဟု ယူဆလျှင် ညသန်းခေါင်မှ နံနက် ၃ နာရီ ၄၄ မိနစ်ခန့်အထိ သို့မဟုတ် လွန်ခဲ့သောနှစ်သန်း ၃၈၀၀ ခန့်အထိ ကမ္ဘာဦးခေတ်၏ လေထုသည် အဆိပ်ဓာတ်ငွေ့များဖြင့် အတိပြီးနေခဲ့သည်။ ကမ္ဘာ၏ မျက်နှာပြင်သည် ယခုကဲ့သို့ ခဲမာခြင်းမရှိသေးဘဲ အရည်ပျော်နေခဲ့သည်။ ယင်းကာလအတွင်းတွင် ဘက်တီးရီးယားပိုးကောင်ငယ်များ စတင် ပေါ်ပေါက်လာသည်။ တိုက်ကြီးများပေါ်ထွန်းလာသည်။ ပေါ်ထွန်းလာ သော တိုက်ကြီးများနှင့်အတူ မီးတောင်ပေါက်ကွဲမှုများလည်း အနှံ့အပြား ရှိခဲ့သည်။ မီးတောင်မှ ကာဘွန်ဒိုင်အောက်ဆိုက်အများအပြား ထွက်ခဲ့သည်။ လက်ရှိထက် ၁၀ ဆမှ အဆ ၁၀၀၀ ခန့်အထိ မြင့်မားခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏကြောင့် ကမ္ဘာ့အပူချိန်လည်း မြင့်မားခဲ့သည်။ ယင်းအချိန်က နေမှ စွမ်းအင်ထွက်ပေါ်မှု နည်းပါးနေခဲ့ရာ ယင်းကာဘွန်ဒိုင်အောက်ဆိုက်များသာ မရှိခဲ့လျှင် ကမ္ဘာသည် သဘာဝဖန်လုံအိမ်အာနိသင်ကိုမရသည့်အတွက် လွန်စွာအေးစက်နေခဲ့မည်။
သက်ရှိပေါက်ပွားမှု များလာ
နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်နှင့်ညီမျှသည့် လွန်ခဲ့သောနှစ်သန်း ၂၅၀၀ ဝန်းကျင်တွင် ကမ္ဘာ့ မျက်နှာပြင်သည် သိသာစွာ အေးလာသည်။ ယင်းနောက်ပိုင်းတွင် ပြန်နွေးလာကာ သက်ရှိအမျိုးအစား ပိုမိုများပြားလာသည်။ သေးငယ်သော သက်ရှိဇီဝရုပ်များ၊ ပလန်တွန်၊ အယ်လ်ဂျီစသည့် အပင်ငယ်များ စတင် ပေါ်ပေါက်ခဲ့ရာ ယင်းတို့က ဖိုတိုဆင်းသစစ်ခေါ် အလင်းရောင်ကိုသုံး၍ အစာချက်နည်းဖြင့် ရှင်သန်ကြသည်။ ယင်းဖြစ်စဉ်တွင် လေထုတွင်းမှ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူ၍ အောက်ဆီဂျင်ကို ပြန်လည် ထုတ်လွှတ်ကြသည်။ ထို့ကြောင့် လေထုတွင်း ယင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တဖြည်းဖြည်း လျော့ကျလာကာ ကမ္ဘာ့ရာသီဥတုလည်း အအေးဘက်သို့ ယိုင်လာခဲ့သည်။ ယင်းဖြစ်ရပ်သည် လွန်ခဲ့သည့်နှစ် သန်းပေါင်း ၁၀၀၀ ခန့်က ဖြစ်ခဲ့သည်ဟု ယူဆကြသည်။
ထိုအချိန်က ကမ္ဘာ့ကုန်းမြေများသည် တိုက်ကြီးတစ်ခုတည်းတွင် စုစည်းနေခဲ့ကြသည်။ နှစ်သန်းပေါင်း ၁၀၀၀ နောက်ပိုင်းတွင် ကမ္ဘာ့ကုန်းမြေထုကြီး မြောက်ဘက်သို့ ဦးတည်ရွေ့လျားခဲ့ကြရာ ကုန်းမြေအစိတ်အပိုင်း အများစုသည် မြောက်ဝင်ရိုးစွန်းနှင့် ပိုနီးလာသဖြင့် အအေးပိုလာသည်။ ရေခဲပြင် ပိုများလာသည်။ ရေခဲပြင်များသည် ကျရောက်လာသော နေရောင်ကို ရောင်ပြန်ဟပ်ထုတ်ကြသဖြင့် ကမ္ဘာ့မျက်နှာပြင်ပေါ် ကျသောနေရောင်ပမာဏ နည်းလာသဖြင့် ရာသီဥတုကို အေးမြလာရန် ဖန်တီးပေးသည်။
ယင်းသို့ တဖြည်းဖြည်းအေးလာခဲ့ရာ လွန်ခဲ့သောနှစ်သန်း ၇၅၀ မှ ၅၈၀ အတွင်း ကမ္ဘာသည် နှင်းလုံးကြီးဟု တင်စား ခေါ်ဝေါ်ရလောက်အောင် အအေးပိုခဲ့သည်၊ ရေခဲနှင့်ဆီးနှင်းများ ဖုံးနေခဲ့သည်။ ယင်းအချိန်တွင် လက်ရှိအပူပိုင်းဒေသများမှ ဝင်ရိုးစွန်းအရပ်များအထိ အနည်းဆုံးမိုင်ဝက်ခန့်ထူသောရေခဲပြင်များ ဖုံးနေခဲ့သည်။ ကမ္ဘာပေါ်တွင်ရှင်သန်နေခဲ့သော သတ္တဝါငယ်များမှာ အအေးဒဏ်ကြောင့် သေဆုံး မျိုးတုံးသွားသည်။ ထိုအချိန်ကို ၂၄ နာရီကာလနှင့် ပြောလျှင် ည ၇ နာရီခွဲခန့် ဖြစ်သည်။
ပူနွေးလာ
ထို့နောက် ကမ္ဘာသည် တဖြည်းဖြည်းနွေးလာသည်။ နွေးလာခြင်းအကြောင်းရင်းကို အတိအကျ မသိသော်လည်း မီးတောင်များမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်က ဖန်တီးဖြစ်ပေါ်စေသည့် ဖန်လုံအိမ် အာနိသင်ကြောင့်ဟု ခန့်မှန်းကြသည်။ နွေးသောရာသီနှင့်အတူ ရိုးရှင်းသော ဇီဝရုပ်များ ဖြစ်သည့် ဘက်တီးရီးယားများအပြင် ပို၍အဆင့်မြင့်သော သက်ရှိအမျိုးအမည်များ တိုးပွားများပြားလာသည်။
လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀၀ ခန့်မှအစပြု၍ အမျိုးအမည်ကွဲပြားသည့် အပင်နှင့်သတ္တဝါများ အများအပြား ပေါ်ပေါက်သည်။ ယင်းကာလအတွင်းတွင် အအေးပိုသောခေတ်အချို့ရှိခဲ့သော်လည်း အများအားဖြင့် နွေးသောရာသီဥတုက ကြီးစိုးခဲ့သည်။
ည ၉ နာရီ ၆ မိနစ်ခန့်(နှစ်သန်းပေါင်း ၅၄၅ မှ ၂၄၈ အတွင်း)အထိ ကမ္ဘာပေါ်ရှိ ကုန်းမြေများသည် တိုက်ကြီးတစ်ခုတည်းကဲ့သို့ ဆက်စပ်နီးကပ်နေခဲ့သည်။ အပင်နှင့်သတ္တဝါများ အစားစား ပေါ်ထွက်သည်။ အများအားဖြင့် ယခုထက်ပူနွေးခဲ့သော်လည်း တိုတောင်းသောရေခဲခေတ်များလည်း ရှိခဲ့သည်။
ည ၁၀ နာရီ ၄၁ မိနစ်ဝန်းကျင်အချိန်(လွန်ခဲ့သော နှစ်သန်းပေါင်း ၂၄၈ မှ ၆၅ သန်းအတွင်း)တွင် ဒိုင်နိုဆောများအပါအဝင် အပင်နှင့်သတ္တဝါ အမျိုးမျိုး ထပ်မံပေါ်ပေါက်လာသည်။ မြေလွှာများသည် တိုက်ကြီးတစ်ခုတည်းအဖြစ် ပေါင်းစည်းနေခဲ့ကြသော်လည်း ဤကာလအတွင်းမှစ၍ သီးခြားကွဲ ထွက်ခဲ့ကြသည်။ ယင်းကာလတစ်ခုလုံးသည် ယခုထက်နွေးနေခဲ့သည်။
ယင်းကာလ၏အဆုံးပိုင်း သို့မဟုတ် ည ၁၁ နာရီ ၃၉ မိနစ်ခန့်တွင် ကမ္ဘာပေါ်သို့ အာကာသထဲမှ ဧရာမ ဥက္ကာခဲကြီးတစ်ခုကျရောက်လာခဲ့သည်။ ကျရောက်သောအရှိန်ကြောင့်ကမ္ဘာတစ်ခုလုံးဖုန်မှုန့်များဖုံးသွားသည်။ ယင်းဖုန်မှုန့်ခြုံလွှာကြီးက နေရောင်ကိုကာဆီးထားသဖြင့် ကမ္ဘာတစ်ခုလုံး အေးမြလာကာ ရေနေသက်ရှိများ၏ ၉၆ ရာခိုင်နှုန်းခန့်နှင့် ကုန်းနေကျောရိုးရှိ သတ္တဝါများ၏ ၇၅ ရာခိုင်နှုန်းခန့် မျိုးတုံးခဲ့သည်။
ယင်းအချိန်နောက်ပိုင်းတွင် ကမ္ဘာပြန်လည်ပူနွေးလာပြီး နို့တိုက်သတ္တဝါများ ပေါ်လာသည်။ ရှေးခေတ် လူသားများလည်း ကမ္ဘာပေါ်တွင် ပေါ်ပေါက်လာသည်။ လွန်ခဲ့သောနှစ်သန်း ၅၀ ခန့်အထိ နွေးထွေးနေခဲ့ပြီး တစ်ဖန် အေးလာပြန်ကာ လွန်ခဲ့သော နှစ် ၃၅ သန်းခန့်မှစ၍ အန္တာတိတ်ရေခဲပြင်ကြီး စတင် တည်ရှိလာသည်။
ရေခဲခေတ်ကြား ကာလ
လက်ရှိရာသီဥတုအခြေအနေသို့ တကယ်တမ်းစတင်ပြောင်းလဲခဲ့သည်မှာ လွန်ခဲ့သောနှစ် ၃၄ သန်းခန့်က ဖြစ်သည်။ ယင်းအချိန်က ကမ္ဘာ့ရာသီဥတုသည် ယခုထက်ပူနေခဲ့သော်လည်း နောက်ပိုင်းတွင် အပူချိန် သိသာစွာ လျော့ကျလာသည်။ ကမ္ဘာ့တိုက်ကြီးများ ထပ်မံရွေ့လျားကာ နေရာပြောင်းလာခဲ့သောကြောင့်ဟု ယူဆကြသည်။ ယင်းအချိန် တောင်ဝင်ရိုးစွန်း အန္တာတိတ်ဒေသတွင် အပူပိုင်းတွားသွားသတ္တဝါများ ရှင်သန်နိုင်ခဲ့သည်အထိ နွေးထွေးခဲ့သာ်လည်း တိုက်ကြီးများရွေ့လျားမှုကြောင့် ရာသီဥတု အေးမြကာ ရေခဲပြင်များ ဖုံးလွှမ်းခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၇၀၀၀၀ ခန့်ကမူ ယခုအင်ဒိုနီးရှားကျွန်းစုရှိ တိုဘာမီးတောင်ပေါက်မှုမှ ပြာနှင့် ဖုန်မှုန့်ပေါင်း ကုဗမိုင် ၆၇၀ ခန့်လေထုထဲ ဝင်ရောက်ခဲ့ရာ နဂိုကအေးနေပြီး ဖြစ်သည့် ရာသီဥတုကို ပိုအေးစေခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရေခဲခေတ်များ ပေါ်လာလိုက် ပုံမှန်ပြန်ဖြစ်လိုက်နှင့် ပြောင်းလဲနေခဲ့ရာ နှစ်တစ်သောင်းခန့်ကြာသည့် ရေခဲခေတ်ကြား ကာလများတွင် အပူချိန် အနည်းငယ်စီ တက်ခဲ့သည်။ နောက်ဆုံးရေခဲခေတ်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀၀ ခန့်က အဆုံးသတ်ခဲ့သည်။ ယင်းရေခဲခေတ်၏ နိဂုံးပိုင်းတွင် ကမ္ဘာ့အပူချိန်သည် ယခုထက် ၅ ဒီဂရီ စင်တီဂရိတ် လျော့နည်းသည်။ ကမ္ဘာစတင် မွေးဖွားသော နှစ်သန်းပေါင်း ၄၆၀၀ ရှိပြီ ဖြစ်သည့်အချိန်ကို လွန်ခဲ့သည့် သန်းခေါင်ယံဟု သဘောထားလျှင် စတင်ပေါ်ပေါက်ပြီး ၂၄ နာရီကြာသည့် ယခုအချိန်ကို ရေခဲခေတ်ကြားကာလဟု သတ်မှတ်ကြသည်။
နှစ်သန်းပေါင်း ၄၆၀၀ သို့မဟုတ် ၂၄ နာရီအတွင်း ရာသီဥတု အကြိမ်ကြိမ် ပြောင်းလဲခဲ့ကြောင်း၊ ယင်း ပြောင်းလဲမှုများသည် သဘာဝအကြောင်းများကြောင့် ဖြစ်ကြောင်း ရှေးဟောင်းရာသီဥတုဗေဒ၏ ကျေးဇူး ကြောင့်သိခွင့်ရကြသည်။