ရာသီဥတုကို လွှမ်းမိုးခြယ်လှယ်နေသည့် ရေထု

မိုးရွာခြင်း လေတိုက်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ၊ နွေ မိုး ဆောင်း ရာသီဥတုများသည် လေထုကြောင့် အဓိကပေါ်ပေါက်သည့် သဘာဝ အခြင်းအရာများဟု သိရှိကြသည်။ သို့သော် ယင်းတို့ ဖြစ်ပေါ် ပြောင်းလဲရာတွင် ရေထုသည်လည်း လေထုကဲ့သို့ပင်အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။

ရေမျက်နှာပြင်သည် ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမျှကို ပိုင်ဆိုင်ထားသည့်အတွက် မိုးလေဝသ နှင့်ရာသီဥတုဖြစ်စဉ်များကို မောင်းနှင်နေသည့် နေရောင်ကိုစုပ်ယူနိုင်သည့်ဧရိယာပမာဏသည် ကုန်းမြေထက် ပိုသည်။ ထို့အပြင် ရေမျက်နှာပြင်၏အရောင်သည် ကုန်းမြေ၏အရောင်ထက် ပိုရင့်သဖြင့် နေရောင်ကို စုပ်ယူနိုင်မှုစွမ်းအားသည် ကုန်းမြေထက် ပိုသည်။ ပင်ကိုသဘာဝအားဖြင့် ရေထုသည် လေထုထက် အပူဓာတ်ကို ပိုမိုစုပ်ယူသိုမှီးထားနိုင်စွမ်းလည်းရှိသည်။ သမုဒ္ဒရာရေထုသည် မိမိအပေါ်ကျလာသော နေရောင် ပမာဏ၏ ၉၈ ရာခိုင်နှုန်းအထိကို စုပ်ယူထားနိုင်သည်။ အပူချိန်တက်နေသောကမ္ဘာတွင် ရေထုသည် အပူဓာတ်ကို ယခင်ကထက် ပိုမိုစုပ်ယူလာနေသည်။ ထို့ကြောင့် များမြောင်လှသော အပူဓာတ်များ၏ ပိုင်ရှင် သမုဒ္ဒရာရေထုသည် ကမ္ဘာ့ရာသီဥတုကို ကောင်းစွာခြယ်လှယ်လျက်ရှိကြောင်း သိသာပေသည်။

ရေထုကစုပ်ယူထားသောအပူဓာတ်များသည် ရေငွေ့ပျံသောအခါ ရေငွေ့များနှင့်အတူ လေထုတွင်းကူးပြောင်း ရောက်ရှိကာ လေထုကို၊ အထူးသဖြင့် အပူပိုင်းဒေသလေထုကို အပူတိုက်ခြင်းဖြင့် လှုပ်ရှား လည်ပတ်စေသည်။ လေထုတွင်းမှရေငွေ့များ မိုးအဖြစ်ရွာကျလာသောအခါတွင်လည်း အပူဓာတ်တို့သည် လေထုတွင်းမှလွတ်ထွက်လာပြီး လေထုကို လှုပ်ရှားလည်ပတ်စေသည်။ ထို့ကြောင့် ကမ္ဘာ့ရာသီဥတုကို ဖြစ်ပေါ်စေ ပြောင်းလဲစေသော အင်အားများထဲတွင် သမုဒ္ဒရာရေထုသည် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လျက် ရှိသည်။

အယ်လ်နီညိုနှင့်လာနီညာ

ကမ္ဘာ့ရာသီဥတုအပေါ် သမုဒ္ဒရာရေထု၏သက်ရောက်မှုကို အယ်လ်နီညို၊ လာနီညာစသည့် ပုံမှန် သဘာဝဖြစ်စဉ်များနှင့် ဥပမာပြလေ့လာနိုင်သည်။ သမုဒ္ဒရာမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက် ၀ . ၅ ဒီဂရီ စင်တီဂရိတ် ပိုတက်လျှင် အယ်လ်နီညိုပေါ်ပေါက်သည်ဟု သတ်မှတ်သည်။ ပုံမှန်အားဖြင့် အပူချိန် လျော့ နည်းနေလေ့ရှိသည့် တောင်အမေရိကကမ်းရိုးတန်းမှ အီကွေတာတစ်လျှောက် အနောက်ဘက်ယွန်းယွန်း ဒေသအထိတိုင်သော ပစိဖိတ်သမုဒ္ဒရာရေထု နွေးထွေးလာခြင်းကြောင့် အယ်လ်နီညို ဖြစ်ပေါ်သည်။ ပစိဖိတ် သမုဒ္ဒရာရေထု၏ အနွေးဓာတ်သည် လေထုကို လည်ပတ်တိုက်ခတ်စေသောအင်အားတစ်ရပ်ဖြစ်ရာ ယင်း ရေထုပုံမှန်ထက် ပိုမိုနွေးထွေးလာလျှင် မိုးလေဝသနှင့်ရာသီဥတု အခြေအနေများကို ကမောက်ကမ ဖြစ်စေသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ၂ နှစ်မှ ၇ နှစ်အတွင်းတစ်ကြိမ် ပေါ်လေ့ရှိသည်။

အယ်လ်နီညိုပေါ်ပေါက်လျှင် ပစိဖိတ်သမုဒ္ဒရာ၏အရှေ့ဗဟိုပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးပိုရွာပြီး သြစတေးလျ မြောက်ပိုင်း၊ အင်ဒိုနီးရှား ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှဒေသ၊ အရှေ့အာဖရိကနှင့် ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းတွင် ပုံမှန်ထက်ခြောက်သွေ့သော အခြေအနေများနှင့် ကြုံရလေ့ရှိသည်။ အရှေ့ အာရှနှင့် မြောက်အမေရိကတွင် ဆောင်းတွင်း အအေးပေါ့သည်။ ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက်တွင် မုန်တိုင်းပိုလာကာ အတ္တလန်တိတ်သမုဒ္ဒရာတွင် မုန်တိုင်းဖြစ်ပေါ်မှု နည်းသွားတတ်သည်။

အယ်လ်နီညိုနှင့်ဆန့်ကျင်ဘက်အခြေအနေကို လာနီညာဟု ခေါ်သည်။ လာနီညာပေါ်လျှင် အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အရှေ့ဘက်တို့တွင် ရေအပူချိန် ကျပြီး ကုန်သည်လေ အားကောင်းသည်။ အရှေ့တောင်အာရှအပါအဝင် အချို့ဒေသများတွင် မိုးပိုရွာသည်။

သမုဒ္ဒရာရေစီးကြောင်းများ

ရေထုသည် မိမိအတွင်းရှိ အပူဓာတ်တို့ကို သမုဒ္ဒရာရေစီးကြောင်းများဖြင့် ကမ္ဘာ့တစ်နေရာမှ အခြား တစ်နေရာသို့သယ်ဆောင်ကာ ဆိုင်ရာဒေသများ၏ ရာသီဥတုကို ကြိုးကိုင်ဖန်တီးသည်။ ကုန်းမြေပေါ်တွင် စီးဆင်းနေသောမြစ်များကို မြင်သာသော်လည်း သမုဒ္ဒရာထဲတွင် စီးနေသည့် ရေစီးကြောင်းတို့ကို မမြင်သာချေ။ သို့သော် ရေမျက်နှာပြင်တွင်ရော၊ ရေအောက်အနက်ပိုင်းတွင်ပါ စီးနေသည့် ရေစီးကြောင်းများသည် ကုန်းမြေပေါ်ရှိ မြစ်များထက် ထုထည်ကြီးမားသည်။

လေတိုက်ခြင်း၊ ကမ္ဘာလည်ပတ်ခြင်း၊ အပူချိန်မညီမျှခြင်း၊ အငန်ဓာတ် မညီမျှခြင်း တို့ကြောင့် သမုဒ္ဒရာရေ သည် ရေစီးကြောင်းများအဖြစ် လှုပ်ရှားလည်ပတ်နေသည်။ သမုဒ္ဒရာရေစီးကြောင်းများအနက် အကြီးဆုံးမှာ မဟာရွေ့လျားခါးပတ်ကြီးဟု တင်စားခေါ်ဝေါ်ကြသည့် ကမ္ဘာပတ်ရေစီးကြောင်းကြီး ဖြစ်သည်။

တောင်အမေရိကတိုက် အယ်မဇုန်မြစ်ထက် အဆ ၁၀၀ ခန့်ကြီးသည့် ကမ္ဘာပတ်ရေစီးကြောင်းသည် ကမ္ဘာ့အရှေ့ခြမ်းပစိဖိတ်သမုဒ္ဒရာမှ နေရောင်အပူဓာတ်ကို သယ်ဆောင်၍ စီးဆင်းလာပြီး သြစတေးလျတိုက်၊ အင်ဒိုနီးရှားကျွန်းစု၊ အာဖရိကတိုက်တောင်ဘက်တို့ကို ဖြတ်၍ ကမ္ဘာ့အနောက်ခြမ်း အတ္တလန်တိတ် သမုဒ္ဒရာသို့ ရောက်လာသည်။ ယင်းရေစီးကြောင်းတွင် ပါလာသော အပူဓာတ်၏ သက်ရောက်မှုကြောင့် ဥရောပတိုက်၏ အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းခြေဝန်းကျင်အရပ်များသည် ဆောင်းအခါတွင် အနွေးဓာတ် ရသည်။ အနောက်ဥရောပနိုင်ငံများက ယင်းနည်းဖြင့် ရသည့် အနွေးဓာတ်ပမာဏသည် နေရောင်မှ ရသည့် အနွေးဓာတ်ပမာဏ၏ ၃ ပုံ ၁ ပုံမျှရှိမည်ဟု ခန့်မှန်းကြသည်။ ယင်းသို့ ရေစီးကြောင်းမှ အနွေးဓာတ်ရသော ဥရောပတိုင်းပြည်များနှင့် လတ္တီတွဒ် တစ်တန်းတည်း ဖြစ်သော အတ္တလန်တိတ်သမုဒ္ဒရာ၏ဟိုမှာဘက်ကမ်း မြောက်အမေရိကတိုက် အရှေ့ဘက်ခြမ်းအရပ်များသည် အနွေးဓာတ် မရသဖြင့် ဥရောပတိုင်းပြည်များထက် များစွာ အအေးပိုသည်။

မဟာရွေ့လျားခါးပတ်ရေစီးကြောင်းက အချို့ဥရောပတိုင်းပြည်များကို အနွေးဓာတ်ပေးသကဲ့သို့ အမေရိကန်ပြည်အောက်ပိုင်းမှ စီးဆင်းလာသည့် ပင်လယ်ကွေ့ရေစီးကြောင်းက သယ်လာသည့် အပူဓာတ် သည်လည်း ဥရောပမြောက်ပိုင်း နော်ဝေစသည့် တိုင်းပြည်များကို အနွေးဓာတ် ပေးသည်။

သမုဒ္ဒရာရေစီးကြောင်း ရှုစားရန်

မဟာရွေ့လျားခါးပတ်ရေစီးကြောင်းကြီးသည် မိမိ၏ အပူဓာတ်ကို စွန့်ထုတ်ခဲ့ရသဖြင့် ဥရောပတိုက်ကို လွန်သော် ရေအပူချိန်ကျဆင်းလာသည်။ စီးလာရာလမ်းတစ်လျှောက်တွင် အပူဓာတ်ကြောင့် ရေအချို့ အငွေ့ပျံသွားကြသဖြင့် အငန်ဓာတ်ပိုများလာသည်။ ပို၍ သိပ်သည်းလာသည်။ အတ္တလန်တိတ်သမုဒ္ဒရာ မြောက်ပိုင်း အိုက်စလန်ကျွန်းအနီးသို့ ရောက်သော် အောက်ခြေမှ ရေများထက် ပိုလေးလာသဖြင့် အောက်ပိုင်းသို့မြုပ်ဆင်းကာ ရေအောက်ရေအေးစီးကြောင်း အဖြစ်နှင့် သမုဒ္ဒရာကြမ်းပြင်တစ်လျှောက် ရှပ်၍ စီးရင်း အာဖရိကတောင်ပိုင်းနှင့် သြစတေးလျအောက်ပိုင်းတို့ကို ဖြတ်၍ ပစိဖိတ်သမုဒ္ဒရာသို့ ပြန်ရောက်သည်။ မူရင်းနေရာသို့ရောက်သောအခါ ရေတို့သည် ပြန်လည်ပူနွေးလာလျက် အပေါ်ပိုင်းသို့ ပြန်တက်ကြသည်။

ဤနည်းဖြင့် ရေတို့သည် ပစိဖိတ်နှင့် အတ္တလန်တိတ်သမုဒ္ဒရာအကြား ရွေ့လျားခါးပတ်ကြီးတစ်ခုသဖွယ် စီးဆင်း၍ သံသရာလည်နေသည်။ ယင်းရေစီးကြောင်း၏ ရွေ့လျားမှုမှာ နှေးကွေးလှသည်။ ရေစီးကြောင်း တစ်ပတ်ပတ်မိရန် နှစ် ၁၀၀၀ ခန့် ကြာသည်။

မဟာရွေ့လျားခါးပတ်ရေစီးကြောင်းဟု ခေါင်းတပ်၍ ပြောသော်လည်း ကမ္ဘာတွင် တစ်ခုနှင့်တစ်ခု အနည်းနှင့်အများ ဆက်နွှယ်နေသည့် ရေပေါ်ရေအောက် အခြားရေစီးကြောင်းများလည်း ရှိသေးသည်။ ယင်းတို့သည်လည်း မဟာရွေ့လျားခါးပတ် ရေစီးကြောင်းနည်းတူ ဆိုင်ရာကုန်းမြေများ ၏ မိုးလေဝသနှင့် ရာသီဥတုအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုတွင် အကျိုး သက်ရောက်ကြသည်။

ရေစီးနှေးခဲ့ဖူး

မဟာရွေ့လျားခါးပတ်ရေစီးကြောင်း၏ အချို့အပိုင်းများသည် ရှေးခေတ်က ပြောင်းလဲမှုအချို့ ရှိခဲ့သည်။ မြောက်ဝင်ရိုးစွန်းဝန်းကျင်ရေခဲပြင်များ အရည်ပျော်ခြင်းကြောင့် အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ ရေချိုများ စီးဝင်လာသဖြင့် အငန်ဓာတ် လျော့ကာ အတ္တလန်တိတ်သမုဒ္ဒရာရေစီးကြောင်း နှေးကွေးခဲ့ဖူးသည်။ ယခုလည်း ယင်းရေစီးကြောင်း နှေးကွေးလာဦးမည့် အလားအလာများကို မြင်တွေ့နေရသည်။

မဟာရွေ့လျားခါးပတ်ရေစီးကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀၀ ခန့် ရေခဲခေတ်ကုန်ဆုံးချိန်မှစ၍ အပြောင်းအလဲ မရှိသလောက်ဖြင့် ပုံမှန်လည်ပတ်နေခဲ့သည်။ သို့သော် စက်မှုတော်လှန်ရေးခေတ်မှစ၍ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုထဲရောက်လာကာ ကမ္ဘာ့အပူချိန် တက်လာသည်တွင် ရေစီးကြောင်းကြီး ပြောင်းလဲတော့မည့်လက္ခဏာများ ပေါ်လာသည်။

အပူချိန်တက်၍ မြောက်ဝင်ရိုးစွန်း အာတိတ်ရေခဲပြင်များ အရည်ပျော်ကာ ပင်လယ်သမုဒ္ဒရာများထဲ ပိုမိုစီးဝင်လာခဲ့သဖြင့် မြောက်အတ္တလန်တိတ် သမုဒ္ဒရာရေ၏ အငန်ဓာတ်သည် လျော့နည်းစ ပြုလာသည်။ အငန်ဓာတ် ယခုထက်ပို၍ပို၍နည်းလာလျှင် သိပ်သည်းမှုလည်း နည်းလာသည့်အတွက် ရေစီးကြောင်းသည် အောက်သို့ငုပ်ဆင်းနေကျ အိုက်စလန်ကျွန်းအနီးတွင် ရေအောက်ပိုင်းသို့ မဆင်းနိုင်တော့သည့် အလားအလာ နှင့်ကြုံရနိုင်သည်။ ရေအောက်သို့မဆင်းတော့လျှင် ရေစီးကြောင်းကြီး နှေးကွေးသွားနိုင်သည်။ ခန့်မှန်း တွက်ချက်မှုများအရ ယခုရာစုအကုန်တွင် အတ္တလန်တိတ်သမုဒ္ဒရာ ရေစီးကြောင်း၏ စီးဆင်းနှုန်းသည် ၃၀ ရာခိုင်နှုန်းမျှ နှေးသွားနိုင်သည်ဟုဆိုသည်။

ပညာရှင်အချို့က ကမ္ဘာပူနွေးလာနေမှုသည် မဟာရွေ့လျားခါးပတ်ရေစီးကြောင်းကို သာမက သမုဒ္ဒရာ၏ အခြားအပိုင်းများကိုပါ ပြောင်းလဲစေကာ တစ်ကမ္ဘာလုံး၏ ရာသီဥတုကိုပါ ထိခိုက်လာနိုင်သည်ဟု စိုးရိမ်နေကြသည်။

ရေအောက်ရောက်ကာဘွန်

လူတို့က ရုပ်<ကင်းလောင်စာများကို လောင်မြိုက်မှုမှ ထွက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ၏ ထက်ဝက်ကို သမုဒ္ဒရာရေထုက စုပ်ယူသည်။ အထူးသဖြင့် အအေးပိုင်းဒေသရှိသမုဒ္ဒရာရေထုက ပို၍စုပ်ယူ သည်။ ယင်းသို့ စုပ်ယူထားမှုကြောင့် သမုဒ္ဒရာရေထုတွင်းရှိ ကာဘွန်ပမာဏသည် လေထုတွင်း ကာဘွန်ပမာဏထက် အဆ ၅၀ ခန့်များပြားသည်။ ရေထုတွင်းရှိ ကာဘွန်များသည် ရေစီးကြောင်းများနှင့် အတူ လိုက်ပါစီးဆင်းရင်း အပူပိုင်းဒေသသို့ ရောက်သောအခါမှ မျက်နှာပြင်ပေါ်တက်လာပြီး လေထုတွင်း သို့ ပြန်လည်ဝင်ရောက်ကြသည်။ ရေတို့သည် အအေးပိုင်းမှအပူပိုင်းသို့ရောက်ရန် နှစ်ပေါင်းရာထောင်ချီ၍ ကြာသဖြင့် စုပ်ယူထားသော ကာဘွန်များသည်လည်း ရေအောက်တွင် နှစ်ပေါင်းရာထောင်ချီ၍ ရှိနေကြသည်။ တစ်နည်းဆိုရသော် သမုဒ္ဒရာရေထုသည် ကာဘွန်တို့ကို ရာစုနှစ်ပေါင်းများစွာ သိုလှောင် ထားနိုင်သည့်သဘောပင် ဖြစ်သည်။ ဤအချက်ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ယခုချက်ချင်း ရပ်တန့်ပစ်လိုက်သည့်တိုင်အောင်မှ လေထုတွင်း၌သာမက ရေထုအတွင်းတွင်ပါ ကာဘွန်တို့ရောက်နှင့်နေပြီး ဖြစ်သည့်အတွက် ကမ္ဘာကြီးဆက်လက်ပူနွေးလာနေဦးမည်ဟု ဆိုကြခြင်း ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s