ပူနွေးကမ္ဘာနှင့်နယ်ချဲ့ရောဂါများ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် လေထုနှင့်ရေထုကိုသာမက လူနှင့်အခြားသက်ရှိများကိုလည်း တိုက်ရိုက်ထိခိုက်လျက် ရှိသည်။ လူတို့ ရောဂါဖြစ်ပွားမှုများနှင့်သေဆုံးမှုများ တိုးပွားနေသည်။

အပူချိန်မြင့်မားလာနေသောကမ္ဘာတွင် အပူလှိုင်းကျရောက်မှုတိုးပွားလာရန် သေချာနေကြောင်း ပညာရှင်များက ပြောဆိုထားသည်။ ပူပြင်းသောအချိန်များတွင် ကိုယ်ခန္ဓာအေးမြစေရန်အတွက် နှလုံးနှင့် သွေးကြောစနစ်များ ပိုအားစိုက်၍ အလုပ်လုပ်သည်။ နှလုံး ပိုအလုပ်လုပ်ရမှုကြောင့် ပင်ကိုက နှလုံး အားနည်းသူ နှလုံးရောဂါရှိသူများအတွက် နှလုံးထိခိုက်တတ်သည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း အပြင် အသက်ရှူလမ်းကြောင်းရောဂါများလည်း ပိုမို ဖြစ်ပွားသည်။

မြင့်မားသောအပူချိန်တွင် မြေပြင်နှင့်နီးကပ်နေသော လေထုအလွှာရှိ အိုဇုန်းဓာတ်ပမာဏ တိုးမြင့်လာသည်။ လေထုအပေါ်ပိုင်းရှိ အိုဇုန်းတို့သည် အာကာသထဲမှအန္တရာယ် ခရမ်းလွန်ရောင်ခြည်များကို မြေပြင်ပေါ် ကျမလာအောင်တားဆီးပေးခြင်းဖြင့် အကျိုးပြုသော်လည်း မြေပြင်ဝန်းကျင် လေထုတွင်းရှိ အိုဇုန်းတို့သည်မူ လူ့ကျန်းမာရေးကို ထိခိုက်စေသည်။ အိုဇုန်းကြောင့် အဆုပ်တစ်သျှူးများ ပျက်စီးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ပန်းနာရင်ကျပ်နှင့်အဆုပ်ရောဂါများကို ဖြစ်စေတတ်သည်။ တိုင်းတာချက်များအရ ၃ ဒီဂရီ စင်တီဂရိတ် အပူချိန်တက်တိုင်း မြေပြင်နှင့်နီးကပ်နေသော လေထုအလွှာရှိ အိုဇုန်းပမာဏ ၅ ရာခိုင်နှုန်းခန့် ပိုလာသည်။

အပူပိုင်းရောဂါ သမပိုင်းရောက်

ပူနွေးလာနေသော ကမ္ဘာ၏အခြားနောက်ဆက်တွဲ ဆိုးကျိုးများအနက်တစ်ခုမှာ အပူပိုင်းဒေသ ရောဂါဖြစ်ပွားမှု များသည် ပင်ရင်းဒေသတွင်ပင် အရေအတွက်တိုးမြင့်လာခြင်း ဖြစ်သည်။ ဥပမာ ငှက်ဖျားရောဂါပိုး သယ် ဆောင်သည့် အနိုဖလီးစ်ခြင်တို့သည် ပင်ရင်းအပူပိုင်းဒေသတွင် အရေအတွက် ပိုမိုပေါများလာသည့်အပြင် ခြင်ကိုက်နှုန်းလည်း မြင့်လာသည်။

ခြင်အပါအဝင် သတ္တဝါများနှင့်ပိုးမွှားများသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်အခြေအနေကိုလိုက်၍ အနေအထိုင်သာမက နေရင်းဒေသပါ လိုက်ပြောင်းတတ်ရာ ယခင်က ပူနွေးသောအနိမ့်ပိုင်းတွင်သာ ရှင်သန် သည့် ပိုးမွှားများသည် ပြောင်းလဲလာသောရာသီဥတုနှင့်အတူလိုက်၍ပူနွေးလာသည့် အမြင့်ပိုင်းသို့ ပြောင်းရွှေ့ ရှင်သန်လာကြသည်။ ဥပမာ အာဖရိကတိုက် ကင်ညာနိုင်ငံ၏မြို့တော် နိုင်ရိုဘီ၊ ဇင်ဘာဘွေနိုင်ငံ၏မြို့တော် ဟရားရီတို့သည် အမြင့်ပိုင်းတွင် တည်ရှိကြသဖြင့် ခြင်အန္တရာယ်မှကင်းဝေးခဲ့ကြသော်လည်း ယခုအခါ ယင်းမြို့များတွင် ခြင်များ ပေါက်ပွားရောက်ရှိနေကြသည်။

အလားတူ အပူပိုင်းဒေသတွင်သာ ပေါက်ပွားရှင်သန်သော ကူးစက်ရောဂါပိုးသယ်ဆောင်သည့် သတ္တဝါနှင့် ပိုးမွှားများသည် ယခင်ကထက် ပိုမိုပူနွေးလာသောသမပိုင်းဒေသသို့တိုင် ရွှေ့ပြောင်း နယ်ချဲ့လာနေကြသည်။ ဥပမာ ၁၉၉၉ ခုနှစ်မတိုင်မီက အမေရိကန်နိုင်ငံတွင် မရှိခဲ့သော အနောက်နိုင်းလ်ဗိုင်းရပ်စ်ပိုးသည် ယင်းနှစ်မှ စ၍ အမေရိကန်သို့ စတင်ရောက်ရှိခဲ့ရာ ၂၀၀၃ ခုနှစ်တွင် အမေရိကန်တစ်ပြည်လုံးသို့ ပြန့်နှံ့ရောက်ရှိခဲ့သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း ဖြစ်နေကျထက် ပိုပူသည့်ရာသီဥတုနှင့် မိုးရွာသွန်းမှုများက ယင်းပိုးကို သယ်ဆောင်သည့် ခြင်များပေါက်ပွားပြန့်နှံ့မှုကိုအားပေးသည့်အတွက် ထိုသို့ ဖြစ်ရသည်ဟု ယူဆကြသည်။
ယင်းနည်းအတိုင်းပင် အနိုဖလီးစ်ခြင်တို့၏နယ်ချဲ့လာနေမှုကြောင့် အမေရိကန်ပြည်တွင် မြောက်ပိုင်းကျသည့် မစ်ချီဂန်နှင့်နယူးယောက်ပြည်နယ်တို့အထိ ငှက်ဖျားရောဂါရောက်ရှိဖြစ်ပွားနေသည်။ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)၏အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသည် ငှက်ဖျားရောဂါ စွဲကပ်နိုင်သည့် အနေအထားတွင် ရှိနေသည်။

အအေးပိုင်းဒေသများတွင်ရှင်သန်ရန် ခက်ခဲသည့် ကပ်ပါးပိုးကောင်များသည် အအေးပိုင်းတိုင်းပြည်တစ်ပြည် ဖြစ်သည့် ဆွီဒင်နိုင်ငံအနှံ့အပြားတွင် ရောက်ရှိရှင်သန်လျက်ရှိသည်။ မွှားတို့တွင် ကပ်နေသည့်ဗိုင်းရပ် ကြောင့် ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုသည် ဆွီဒင်နိုင်ငံတွင် ၁၅ နှစ်အတွင်း နှစ်ဆတိုးလာသည်။

အထက်ပါရောဂါများပြန့်ပွားသည့်နည်းအတိုင်း ခြင် ယင် <ကက် ပိုးဟပ်စသည်တို့ကြောင့် ရောဂါဖြစ်ပွားမှုများ သမပိုင်းဒေသများတွင် တစ်ချိန်ထက်တစ်ချိန် ပိုလာနေသည်။ သွေးလွန်တုပ်ကွေးသည် အေးဒီးစ်ခြင်ကိုက်၍ ဖြစ်ပွားသည်။ ယင်းခြင်၏ဥနှင့်အကောင်ပေါက်များသည် အအေးလွန်ကဲသော ဒေသများတွင် မရှင်သန်နိုင်သဖြင့် သွေးလွန်တုပ်ကွေးသည် အပူပိုင်းဒေသ၊ သမပိုင်းနှင့် အပူပိုင်းစပ်ကြားဒေသများတွင်သာ ဖြစ်ပွားခဲ့သည်။ သို့သော် သွေးလွန်တုပ်ကွေးရောဂါသယ်သည့် ခြင်များသည် အပူချိန်တက်လာနေသော သမပိုင်းဒေသများဆီသို့ ဦးတည်ကာ အမေရိကန်ပြည်တွင် ချီကာဂို၊ ဥရောပတိုက်တွင် နယ်သာလန်နှင့် တောင်အမေရိကတိုက်တွင် အင်းဒီးစ်တောင်တန်းများအထိ ရောက်နေကြောင်း သိရသည်။

ပလိပ်ရောဂါ ဘက်တီးရီးယားစွဲကပ်နေသော <ကက်တို့ကြောင့် ပလိပ်ရောဂါ ပြန့်ပွားသည်။ လေထုအပူချိန် ၁ ဒီဂရီ စင်တီဂရိတ်တိုးတိုင်း ပလိပ်ရောဂါဖြစ်ပွားနိုင်ချေ ၅၀ ရာခိုင်နှုန်းမြင့်လာသည်ဟု လေ့လာချက် တစ်ရပ်က ဖော်ပြသည်။ စိုစွတ်သောရာသီဥတုတွင် <ကက်နှင့် အခြားပိုးမွှားများအတွက် အစာရှာရရှိရန်နှင့် ပေါက်ပွားကြီးပြင်းရန် လွယ်ကူသဖြင့် အမေရိကန်ပြည် နယူးမက္ကဆီကိုပြည်နယ်တွင် ဆောင်းတွင်းနှင့် နွေဦးရာသီ စိုစွတ်မှုလွန်ကဲစဉ်က ပလိပ်ရောဂါဖြစ်နှုန်း ၆၀ ရာခိုင်နှုန်းမျှ တိုးတက်ခဲ့သည်။

ဝမ်းရောဂါပိုဖြစ်

ဝမ်းရောဂါသည် မသန့်ရှင်းသော ရေနှင့်အစာတို့ကြောင့် ဖြစ်ပွားသည်။ ပူနွေးလာသောပင်လယ်ရေပြင်၊ ပင်လယ်ရေပြင်မြင့်တက်မှု၊ အယ်လ်နီညိုဖြစ်ရပ်တို့နှင့် ဝမ်းရောဂါပိုမိုဖြစ်ပွားလာမှုတို့ ဆက်စပ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာထားသည်။ အမေရိကန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကလည်း အယ်လ်ဂျီခေါ် အပင်ငယ်များ ရေတွင်ပေါက်ပွားပြန့်နှံ့မှုသည် ပူနွေးသောရေပြင်တွင် များပြားလာနေပြီး ယင်းတို့နှင့်အတူ ဝမ်းရောဂါဖြစ်ပွားမှုလည်း ပိုလာနိုင်သည်ဟု ဆိုသည်။ လူ့ပယောဂကြောင့် ရေထုတွင်း ဝင်ရောက်လာသော အညစ်အကြေးတို့ကို အကြောင်းပြုပေါက်ပွားလာသော အယ်လ်ဂျီအပင်ငယ်တို့သည် ပူနွေးလာသော ရေပြင်တွင် အရှိန်အဟုန်နှင့်များပြားလာနိုင်သည်။

ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော မိုးခေါင်ခြင်း၊ အပူချိန်မြင့်မားခြင်းတို့အပြင် မုန်တိုင်းတိုက်မှုနှင့်ရေကြီးမှုကြောင့် ဖြစ်ပေါ်သော ရေအရင်းအမြစ်များလျော့နည်းကာ အရည်အသွေးကျဆင်း သဖြင့် အူရောင်ငန်းဖျားရောဂါနှင့် အာဟာရချို့တဲ့မှုများအပါအဝင် အခြားကျန်းမာရေးပြဿနာများကို ပိုမို ဆိုးရွားစေမည်။ မိုးရွာသွန်းမှု ပိုလာခြင်းနှင့် ရေခဲပြင်အရည်ပျော်ခြင်းတို့ကြောင့် ပေါ်ပေါက်သော ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် မိလ’ာစနစ်များ ပိတ်ဆို့ပြည့်လျှံကာ ဝမ်းပျက်ဝမ်းလျှောရောဂါများ တိုးပွားလာမည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ရောဂါအမျိုးအမည် အသစ်နှင့် တစ်ချိန်ကပျောက်ကွယ်သွားခဲ့သော ရောဂါအမျိုးပေါင်း ၃၀ ခန့် ကမ္ဘာတွင် ပေါ်ပေါက်လာသည်ဟု သိရသည်။ အခြားလေ့လာချက်တစ်ရပ်က ရာသီဥတုပြောင်းလဲမှုကြောင့် နှစ်စဉ် လူ ၁၅၀၀၀၀ သေဆုံးပြီး ရောဂါဖြစ်ပွားမှု ၅ သန်းခန့် ရှိသည်ဟု ဆိုသည်။

လန်ဒန် ယူနီဗာစီတီကောလိပ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပါမောက္ခ အန်ထိုနီကော့စတယ်လို ဦးဆောင်ရေးသားပြီး လန်းဆက်ဂျာနယ်နှင့်လန်ဒန်ယူနီဗာစီတီကောလိပ်တို့ ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာတွင်မူ ကမ္ဘာကြီး ပူနွေးလာနေခြင်းသည် ၂၁ ရာစုတွင် အကြီးမားဆုံးကျန်းမာရေး အန္တရာယ်ဖြစ်သည်ဟု ဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s