ရေပေါ်မြို့

မော်လ်ဒိုက်ကျွန်းများ

သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် မိုင် ၄၀၀ ကျော်အကွာ အိန္ဒိယသမုဒ္ဒရာထဲတွင် ရှိပြီး ကျွန်းငယ်ပေါင်း ၁၂၀၀ ခန့် ပါဝင်သည့် မော်လ်ဒိုက်(မော်လ်ဒိ(ဗ်)ဟုလည်းအသံထွက်)နိုင်ငံတွင် ရှုမောဖွယ်ကမ်းခြေများ၊ လှပသည့် သန္တာကျောက်တန်းများ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားလာရောက်ကြသည်။

မော်လ်ဒိုက်ကျွန်းများ၏ထူးခြားချက်မှာ အလွန်တရာ ညီညာပြန့်ပြူးသော မြေမျက်နှာပြင်ရှိသည့်အချက် ဖြစ်သည်။ မြေပြင်သည် ပြန့်ပြူးရုံတင်မဟုတ် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှသုံးပေခွဲမျှသာ မြင့်သဖြင့် မြင့်တက်လာနေသည့် ပင်လယ်ရေပြင်အောက်သို့ တစ်နိုင်ငံလုံး ရောက်တော့မည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။

ကျွန်းသစ်တည်

မော်လ်ဒိုက်အစိုးရသည် ယင်းအန္တရာယ်မှကင်းဝေးပြီး အဆောက်အအုံများ ကျပ်ညပ်နေသော မြို့တော်မားလေ(Malé )ထက် ပိုမိုသစ်လွင်ကျယ်ဝန်းသော မြို့သစ်ကို ဖော်ထုတ်ရန် ရည်ရွယ်၍ ဟားလူမားလေ(Hulhumalé ) အမည်ရသည့် ကျွန်းသစ်တစ်ကျွန်းကို မားလေမြို့တော်အနီး ပင်လယ်ထဲ၌ သဲဖို့၍ တည်ဆောက်ခဲ့သည်။

မြို့တော်မားလေမှ မိနစ်အနည်းငယ် သင်္ဘောစီးသွားလျှင် ဟားလူမားလေကျွန်းသို့ ရောက်သည်။ အနာဂတ်တွင် မြင့်တက်လာနိုင်သည့်ပင်လယ်ရေပြင်ထက် ပိုမြင့်နေအောင် ဖန်တီးတည်ဆောက်ထားသော ကျွန်းပေါ်တွင် ယခုအခါလူတစ်သိန်းခန့် နေထိုင်လျက်ရှိပြီး နောက်ငါးနှစ်အတွင်း လူ ၂၅၀၀၀၀ အထိ လာရောက် နေထိုင်မည်ဟု ခန့်မှန်းထားသည်။

ရေပေါ်မြို့

မြင့်တက်လာသောရေပြင်ကို အန်တုသည့်နောက်ထပ်ခြေလှမ်းတစ်လှမ်းအဖြစ် မော်လ်ဒိုက်အစိုးရသည် ရေပေါ်မြို့တစ်မြို့ကို ၂၀၂၂ ခုနှစ်တွင် စတင်ဆောက်တော့မည်ဟု ၂၀၂၁ ခုနှစ် ဧပြီလက ကြေငြာလိုက်သည်။ ယင်းရေပေါ်မြို့သည် မြင့်တက်လာသောရေပြင်နှင့်အတူလိုက်၍ မြင့်တက်မည်ဖြစ်၍ ပင်လယ်ရေမည်မျှတက်လာသည်ဖြစ်စေ စိုးရိမ်ရန်မလိုတော့ချေ။

ရေပေါ်မြို့ဖွဲ့စည်းပုံ

ကျွန်းများဝိုင်းရံထားသော ရေပြင်ပေါ်၌ အကောင်အထည်ဖော်မည့် ရေပေါ်မြို့၏ “မြေကွက်”များကို ထုံးကျောက်ဖြင့် မံထားသော အလွန်ပေါ့ပါးသည့် biorock ခေါ်ပစ္စည်းများဖြင့် တည်ဆောက်မည်။ မြေကွက်တစ်ကွက်စီကို ဆဋ္ဌဂံပုံမြေကွက်အစုအဖွဲ့များအဖြစ် ဆက်စပ်မည်။ ဆဋ္ဌဂံမြေကွက်အစုအဖွဲ့များကို အချင်းချင်းချိတ်ဆက်ထားသည့်အပြင် ဝိုင်းပတ်ထားသောကျွန်းများနှင့်လည်း ဆက်စပ်ထားသဖြင့် မုန်တိုင်းတိုက်သည့် တိုင်အောင်မှ မလှုပ်မရှား တည်ငြိမ်စွာ ရှိမည်။ ပတ်ပတ်လည်မှကျွန်းများသည် ရေပေါ်အကွက်များကို တည်ငြိမ်နေအောင်ထိန်းပေးထားသည့်အပြင် ပင်လယ်လှိုင်းဒဏ်မှ ကာကွယ်ပေးမည်။

စုစုပေါင်းဟက်တာ ၂၀၀ ခန့်ကျယ်သည့် မြေကွက်အစုအဖွဲ့များပေါ်တွင် လုံးချင်းအိမ် ၁၀၀၀ ခန့်၊ စားသောက်ဆိုင်များ ဈေးဆိုင်များ ကျောင်းတစ်ကျောင်းနှင့် ဆေးရုံတစ်ရုံပါဝင်သည်။ အထပ်မြင့်ဟိုတယ်များကိုမူ ပတ်ပတ်လည်ရှိ ကျွန်းများပေါ်တွင် တည်ဆောက်မည်။ လိုအပ်သော လျှပ်စစ်စွမ်းအင်အတွက် နေ၊ လေစသည့် ပြန်ပြည့်မြဲစွမ်းအင်များဖြင့်သာ အသုံးချထုတ်ယူမည်။

မော်လ်ဒိုက်ရေပေါ်မြို့ဗီဒီယိုသရုပ်ပြ ရှုစားရန်

မြေကွက်အစုအဖွဲ့များ၏အောက် ရေထဲတွင် သန္တာကျောက်တန်းများကို ဖန်တီး တည်ဆောက်ထားရှိမည်ဖြစ်ရာ မြို့အောက်သို့ဆင်းကာ ရေငုပ်၍ အလှအပများကို ရှုစားနိုင်ကြမည်။

သန္တာကျောက်တန်းများသည် မြို့အောက်တည့်တည့်ပင်လယ်ကြမ်းပြင်ပေါ်၌ ရှိနေမည့်အပြင် မြို့”မြေကွက်”များ၏ရေအောက်မျက်နှာပြင်တွင်လည်း ကပ်၍ တွဲလွဲခိုကာ ရှင်သန်နေမည်။ သန္တာကျောက်တန်းများသည် ရေအောက်အလှအပကိုသာ ဖန်တီးပေးသည်မဟုတ်၊ ယင်းတို့ရှိနေခြင်းကြောင့် ရေပေါ်မြို့တော်အောက်သို့ လာရောက်ရိုက်ခတ်မည့် ရေအောက်ရေစီးကြောင်းများ၏အားကိုလည်း ထိရောက်စွာ လျှော့ချပေးမည်။

ရေပေါ်မြို့ကို နယ်သာလန်နိုင်ငံမှကုမ္ပဏီများဖြစ်ကြသော Waterstudio ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပြီး Dutch Docklands က တည်ဆောက်မည်။ အိမ်အကျယ်စတုရန်းပေ ၁၀၀၀ ခန့်ရှိပြီး အိမ်တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ဖြင့် ရောင်းချမည်ဖြစ်ရာ စိတ်ပါဝင်စားသူများ စာရင်းပေးနိုင်ကြောင်း ကြေငြာထားသည်။

One thought on “ရေပေါ်မြို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s