ရေမရှိ အသက်မရှိ

လေးဂါလန်ဆန့်ရေပုံးနှစ်ပုံးကိုထမ်းပိုးဖြင့်သယ်သွားနေသော ရေထမ်း သမားတစ်ယောက်ကိုကြည့်၍ မိမိတို့သာဆိုလျှင် သူကဲ့သို့ သယ်ရန် မလွယ်လှကြောင်း တွေးမိကြမည်။ ကိုယ်တိုင်ကသတိမပြုမိသော် လည်း လူတို့သည် ရေထမ်းသမား သယ်နေသည့် ရေသုံးပုံးခန့်ကို အမြဲသယ်နေရသည်။

ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်အလေးချိန်၏ ၇၀ ရာခိုင်နှုန်းသည် ရေများဖြစ်ကြရာ မိမိကိုယ်တွင်းရှိ ရေပမာဏကို သိလိုလျှင် ကိုယ်အလေးချိန် (ပေါင်)ကို ၀ . ၇ နှင့်မြှောက်ရသည်။ ယင်းကိုဂါလန်ဖြင့် သိလိုပါက ၀ . ၁၂ နှင့်ထပ်မြှောက်ရသည်။ ဥပမာ ပေါင် ၁၅၀ လေးသောသူတွင်ရေ ၁၀၅ ပေါင်မျှပါပြီး ထုထည်အားဖြင့်မူ ၁၂ . ၆ ဂါလန်ရှိရာ လေးဂါလန်ဆန့် ရေသုံးပုံးကျော်မျှ ဖြစ်သည်။

ကလေးသူငယ်များတွင် ၈၀ ရာခိုင်နှုန်းမျှရေပါပြီး အသက်ရလာသည်နှင့်အမျှ ရေဓာတ်ဖြည်းဖြည်းချင်း လျော့သွားသည်။ အသက်ကြီးရင့်သူများတွင် ကျောက်ကပ်အလုပ်လုပ်မှု၊ ဟော်မုန်းနှင့် ကိုယ်တွင်းဇီဝဖြစ်စဉ် ပြောင်းလဲသဖြင့် ရေသောက်လိုစိတ်နည်းလာခြင်း စသည်တို့ကြောင့် ရေသည် ကိုယ်အလေးချိန်၏ ၅၅ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။

ကိုယ်တွင်းရှိရေ၏သုံးပုံနှစ်ပုံသည် ဆဲလ်များထဲတွင်ရှိပြီး ကျန်တစ်ပုံသည် ဆဲလ်များကြားရှိကွက်လပ်များနှင့် သွေးထဲတွင်ရှိ သည်။ ဦးနှောက်တွင်ရေ ၇၅ ရာခိုင်နှုန်းမျှပါပြီး အရိုးကို ၂၂ ရာခိုင် နှုန်းအထိ ရေများဖြင့်ဖွဲ့စည်းထားသည်။ သွေးတွင်ရေ ၈၃ ရာခိုင်နှုန်း၊ ကျောက်ကပ်တွင် ရေ ၈၃ ရာခိုင်နှုန်းစသဖြင့် ပါသည်။ ယင်းရေများ အပြင်ထွက်မကျအောင် အရေထူအရေပါးများက အိတ်ကြီးတစ်ခုသဖွယ် ငုံအုပ်ထားသည်။ တစ်နည်းဆိုရသော် လူသည် အရေပြားအိတ်ကြီးထဲတွင်ထည့်ထားသည့် ရေပူဖောင်းတစ်ခုသဖွယ်ပင် ဖြစ်သည်။


ရေ၏လုပ်ငန်းဆောင်တာများ

ရေပူဖောင်းထဲက ရေများသည် ပူဖောင်းကိုဖောင်းနေအောင် ထောက်ကန်ပေးထားခြင်းမျှသာရှိသော်လည်း လူ့ကိုယ်တွင်းရှိရေသည်မူ လူအတွက်အမျိုးမျိုးသောအကျိုးများကို ဖန်တီးပေးသည်။ စားလိုက်သောအစာများတွင် ပါသောရေသည် အစာကို အူလမ်း ကြောင်းတစ်လျှောက် ချောမွေ့စွာရွေ့လျားစေသည်။ အစာ၊ သောက် လိုက်သောရေနှင့် အခြားအရည်များတွင်ပါသော သတ္တုဓာတ်၊ ဗီတာ မင်၊ ဂလူးကို့စသည့် အာဟာရဓာတ်များကို ဆဲလ်များဆီသို့ သယ်ဆောင်ပေးသည်။

ယင်းအာဟာရဓာတ်များကို ဆဲလ်များက ဇီဝဓာတုနည်းဖြင့် ဖြိုခွဲကျေညက်စေပြီး ကိုယ်ခန္ဓာ၏ လုပ်ငန်းဆောင်တာအ၀၀၌ အသုံး ချရာ ထိုအချိန်တွင် ရေ၏အခန်းကဏ္ဍက အထူးအရေးပါသည်။

ဆဲလ်များက စွန့်ထုတ်လိုက်သောအညစ်အကြေးများကို ကျင်ငယ်ကျင်ကြီးများမှတစ်ဆင့် ကိုယ်ခန္ဓာပြင်ပသို့ ရေက သယ်ထုတ် ပေးသည်။ ရေဓာတ်နည်းသောအခါ အဆိုပါဖြစ်စဉ်တွင် အနှောင့် အယှက် အဆီးအတား ဖြစ်လာပြီး ဆီးချုပ်ဝမ်းချုပ် ဖြစ်လာသည်။

ရေသည် အပူဓာတ်ကိုထိန်းထားနိုင်သောသတ္တိရှိသဖြင့် အေး သော၊ ပူသောပတ်ဝန်းကျင်တို့တွင် ကိုယ်ခန္ဓာ ရုတ်ချည်း အေးလွန်း၊ ပူလွန်းခြင်းမဖြစ်အောင် ထိန်းညှိပေးသည်။ ပြင်ပအပူချိန်သည် ခန္ဓာ အပူချိန်ထက် မြင့်နေပါက ကိုယ်တွင်းရှိရေသည် ချွေးအသွင်ဖြင့်ထွက် လာပြီး ချွေးအငွေ့ပျံသောအခါ ကိုယ်ခန္ဓာသည် အေး၍ကျန်ရစ်သည်။

အရိုးအဆစ်များကြားရှိ ရေသည် လှုပ်ရှားမှု၊ ဆောင့်မိမှုတို့ ကြောင့် ယင်းအင်္ဂါများ မထိခိုက်မိအောင် ကူရှင်သဖွယ် အကာအကွယ် ပေးသည်။ စိုစွတ်နေရန်လိုသောအင်္ဂါများ ဖြစ်ကြသည့် ပါးစပ်၊ မျက်စိ၊ နှာခေါင်းစသည့်အင်္ဂါများကို ရေက စိုစွတ်နေစေသည်။ မျက်လုံးအိမ်၊ ဦးနှောက်၊ ကျောရိုးများကိုလည်း ရေအဓိကပါသောအရည်များက မထိခိုက်အောင် ဝန်းရံကာကွယ်ထားသည်။

ရေများများသောက်လျှင် ဆာလောင်မှုပြေလျော့ကာ အစာ မစားမိအောင် တားဆီးပေးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့လိုသူများကို ရေက အထောက်အကူပေးသည်။ ကိုယ်တွင်းအဆီများကို ရေက ချက်လုပ်ဓာတ်ပြောင်းစေကာ အဆီကို လျှော့ချပေးသည်။

ရေ၏ထူးခြားသောဂုဏ်သတ္တိ

လူအပါအဝင်သက်ရှိတို့၏ခန္ဓာကိုယ်ထဲတွင် အမျိုးမျိုးသော ဝန်ဆောင်မှုများကို ရေက လုပ်ဆောင်နိုင်ခြင်းမှာ ရေမော်လီကျူး သည် အခြားသောမော်လီကျူးများနှင့်အလွယ်တကူချိတ်ဆက် ဓာတ်ပြုနိုင်ခြင်း၊ မော်လီကျူးများကို ဖြိုခွဲခြင်း၊ ပြောင်းလဲစေခြင်း၊ ပြန်လည် ချိတ်ဆက်စေနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ထူးခြားသော ယင်းဂုဏ် သတ္တိကြောင့် ရေတွင်ဓာတုပစ္စည်းများ အလွယ်တကူ ပျော်ဝင်နိုင် သည်၊ သက်ရှိတို့စတင်ဖြစ်ပေါ်ရန်နှင့် ဆက်လက်ရှင်သန် ကြီးထွားရန် လိုအပ်သည့် ကိုယ်တွင်းဇီဝဓာတု ပြောင်းလဲခြင်းများသည် ရေကိုအခြေ ခံ၍သာ ပေါ်ပေါက်သည်။

လူ့ခန္ဓာကိုယ်ထဲရှိဆက်သွယ်မှုဖြစ်စဉ်များသည် ရေ၏ လျှပ်စစ်ဓာတ် ဖြတ်သန်းစီးဆင်းရန် လွယ်ကူသောအချက်ပေါ်တွင် အခြေခံ ပေါ်ပေါက်သည်။ ဥပမာ ဦးနှောက်တွင်းရှိ နျူရွန်ခေါ်ဆဲလ်များသည် ရေကို ကြားခံမီဒီယာအဖြစ် အသုံးချ၍ လျှပ်စစ်လှိုင်းများလွှတ်ကာ အချက်ပြဆက်သွယ်ကြသည်။ ယင်းဆက်သွယ်မှုများကြောင့် လူတို့ တွေးခေါ်စဉ်းစားနိုင်သည်။ ကိုယ်တွင်းအင်္ဂါများလှုပ်ရှားရန် ဦးနှောက်မှ ညွှန်ကြားနိုင်သည်။

တစ်နေ့သောက်သင့်သောရေပမာဏ

တစ်နေ့သောက်သင့်သောရေပမာဏသည် ရာသီဥတု၊ လေထုအပူချိန်၊ ကိုယ်လက်လှုပ်ရှားမှု စသည်တို့ပေါ်တွင် မူတည်သည်။ ယေဘုယျအားဖြင့် ခန္ဓာကိုယ်ကတစ်နေ့တာလိုအပ်သည့် ရေပမာဏသည် အမျိုးသားဆိုလျှင် ပုံမှန်ဖန်ခွက်(ရှစ်အောင်စဝင်)ဖြင့် ၁၅ ခွက်ခန့်၊ အမျိုးသမီးဆိုလျှင် ၁၂ ခွက်ခန့်မျှဖြစ်သည်။ ထိုပမာဏ ၏ ငါးပုံတစ်ပုံကို စားလိုက်သောအစာနှင့် ကော်ဖီ၊ ဖျော်ရည် စသည်တို့မှ ရရှိသဖြင့် အမျိုးသားဆိုလျှင် ရေ ၁၂ ခွက်၊ အမျိုးသမီးဆိုလျှင် ၁၀ ခွက်နီးပါး သောက်သင့်သည်။

သောက်သင့်သောရေပမာဏတွက်ချက်ပုံ နောက်တစ်နည်း မှာကိုယ်အလေးချိန်(ပေါင်)ကို ၁၆ နှင့်စား၍ ရသောအဖြေကိုယူရသည်။ ဥပမာ ပေါင် ၁၆၀ လေးသောသူသည် ၁၀ ခွက်သောက်သင့်ပြီး ၁၂၈ ပေါင် လေးသောသူသည် ရှစ်ခွက်သောက်သင့်သည်။

ရေလျော့နည်းလျှင်

လူတို့ ရှင်သန်တည်တံ့ရေးတွင် အရေးပါလှသည့် ရေသည် ခန္ဓာကိုယ်တွင်းမှ အချိန်နှင့်အမျှလျော့ပါးလျက်ရှိသည်။ ရှူထုတ် လိုက်သောလေ၊ ထွက်သောချွေးနှင့် စွန့်လိုက်သောကျင်ငယ်ကျင်ကြီး တို့မှတစ်ဆင့်ကိုယ်တွင်းရှိရေ ၁၀ ရာခိုင်နှုန်းအထိဆုံးရှုံးရာ ထုထည်ဖြင့် ဆိုလျှင် တစ်ဂါလန်၏လေးပုံတစ်ပုံခန့် ဖြစ်သည်။ ဆုံးရှုံးမှုအနည်း အများမှာ လူ၏လှုပ်ရှားမှု၊ ရာသီဥတု အခြေအနေ စသည်တို့ပေါ်တွင် မူတည်သည်။ ယင်းတို့ကို သောက်ရေ၊ အစာတွင်ပါသော ရေတို့ဖြင့် ပြန်ဖြည့်ပေးရသည်။

အလျဉ်မီအောင် ပြန်ဖြည့်မပေးနိုင်သောအခါ လူ့ခန္ဓာကိုယ် ဖောက်ပြန်လာသည်။ ရေဓာတ်နည်း၍ အာခြောက်လာသည်၊ တံတွေး နည်းလာသည်၊ ဆီးပမာဏနှင့် သွားသောအကြိမ် နည်းလာသည်။ ဆီးအနံ့ပြင်းလာသည်၊ အရောင်ရင့်လာသည်။ သွေးသည် ပုံမှန်ထက် ပို၍ပျစ်လာသည်။ သွေးလှည့်ပတ်မှု နှေးလာသည်။ ပျစ်သောသွေးကို တွန်းပို့နေရ၍ နှလုံးသည် ပို၍အလုပ်လုပ်လာရသည်။ ရေတစ်ဂါလန် ၏ လေးပုံတစ်ပုံမျှ အသားတင်ဆုံးရှုံးလျှင် စိတ်စူးစိုက်မှု၊ နိုးကြားမှုတို့ လျော့ပါးလာသည်။ အတွက်အချက် မှားယွင်းလာသည်။ အမြင်အာရုံ လျော့နည်းလာသည်။ ပင်ပန်းနွမ်းနယ်လာသည်။ တစ်ဂါလန်မျှဆုံးရှုံး သူသည် မူးမော်လာသည်။ ခေါင်းကိုက်လာသည်။ သုံးဂါလန် အသား တင်ထွက်သွားလျှင် သေဆုံးမည်။

များလွန်းလျှင်

ခန္ဓာကိုယ်တွင်း ရေလျော့နည်းလျှင် ရုပ်ဖောက်ပြန်သကဲ့သို့ များလွန်းလျှင်လည်း သေဆုံးသည်အထိ ဖြစ်တတ်သည်။ ရေအဝင် များလွန်းလာသောအခါ သွေးထဲတွင်ရှိသင့်သည့်ဆိုဒီယမ် စသည့် ဓာတ်ဆားအချိုးအဆ လွန်စွာလျော့နည်းသွားပြီး ခန္ဓာတွင်း ဇီဝဓာတု ဖြစ်စဉ်များ ကမောက်ကမ ဖြစ်လာသည်။ ပုံမှန်အခြေအနေတွင် ကျောက်ကပ်သည် သွေးတွင်ပါသော ရေ၊ ဆားဓာတ်နှင့် အခြားဓာတ် များကိုစိစစ်၍ မလိုသည်တို့ကိုကိုယ်ပြင်ပသို့ထုတ်ပေးသည်။ ရေအလွန် အကျွံသောက်လျှင် ပိုသောရေကို ကျောက်ကပ်က စွန့်ထုတ်မပေးနိုင် သဖြင့် သွေးထဲတွင် ရေပမာဏ များလာသည်။ ပိုသောရေတို့သည် ဆဲလ်များထဲသို့ ဝင်ရောက်ကြသဖြင့် ဆဲလ်များ ပွလာသည်။ အခြား ဆဲလ်များသည် မည်သို့မျှဒုက္ခမပေးဘဲ အတိုင်းအတာတစ်ခုအထိ ပွလာနိုင်သော်လည်း တစ်ခုနှင့်တစ်ခု ကျပ်တည်းစွာတည်ရှိကြသော နျူရွန်ခေါ်ဦးနှောက်ဆဲလ်များသည်မူ ရေအဝင်များလွန်းသောအခါ အလိုက်သင့်ပွမလာနိုင်ဘဲ ဖောက်ပြန်လာသဖြင့် သတိလစ်မေ့မျော ခြင်း၊ အသက်ရှူရပ်ခြင်းစသည်မှ အသက်ဆုံးသည်အထိ ဖြစ်တတ် သည်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရေသောက် ပြိုင်ပွဲတစ်ခုလုပ်ခဲ့ရာ အသက် ၂၈ နှစ်အရွယ် ဂျနီဖာစထရိန်းသည် သုံးနာရီအတွင်း ရေတစ်ဂါလန်ခွဲမျှကို သောက်ပြခဲ့အပြီး ခေါင်းအလွန် ကိုက်လာ၍ သေဆုံးခဲ့ဖူးသည်။

ရေကြောင့်သက်ရှိတို့ပေါ်ပေါက်

ကမ္ဘာပေါ်တွင် ကာဘွန်နှင့်စွမ်းအင်တစ်မျိုးမျိုးအပြင် ရေလည်းရှိနေသောကြောင့်သာ လူနှင့်အခြားသက်ရှိများပေါ်ပေါက် ရှင် သန်နေနိုင်သည်။ အခြားသောဂြိုဟ်များတွင်သက်ရှိတို့ရှင်သန်နေခြင်း ရှိမရှိသိလိုလျှင်လည်း ယင်းနေရာများ၌ ရေရှိမရှိကို ဦးစွာလေ့လာ ဖော်ထုတ်နေကြရသည်။

သိပ္ပံယူဆချက်များအရ သက်ရှိများသည် သက်မဲ့ဝတ္ထု ပစ္စည်းများမှ တရွေ့ရွေ့တိုးတက်ပြောင်းလဲဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ဓာတုနှင့်ဇီဝဖွဲ့စည်းပုံလွယ်ကူရိုးရှင်းသော သက်မဲ့ဓာတ်ပေါင်း တို့သည် အထူးထူးသောအကြောင်းတို့ကြောင့် အဆင့်မြင့်ရှုပ်ထွေး သည့် ဓာတုနှင့်ဇီဝဖွဲ့စည်းပုံသို့ပြောင်းလဲကာ သက်ရှိဇီဝရုပ်များ ဖြစ်ပေါ် သည်။ ထိုသို့ တိုးတက်ပြောင်းလဲနိုင်ရန် ဇီဝဓာတုဓာတ်ပြုမှုများသည် လွယ်ကူစွာလှုပ်ရှားရွေ့လျားခွင့်ရရန်လိုအပ်သည်။ အစိုင်အခဲများထဲ၌ ဖြစ်ပေါ်သော ဓာတ်ပြုမှုများသည် ရွေ့လျားရန် မလွယ်ကူခြင်းကြောင့် အဆင့်မြင့်ဓာတ်ပေါင်းများဘဝသို့ ပြောင်းလဲရောက်ရှိရန် မဖြစ်နိုင်ချေ။ ဓာတ်ပြုမှုများသည် အငွေ့(သို့မဟုတ်)အရည်ထဲ၌သာ ဖြစ်ပေါ်ရမည်။

အငွေ့များသည် ပြင်းထန်စွာလှုပ်ရှားတတ်သောသဘော ရှိရာ ယင်းလှုပ်ရှားမှုများကြောင့် ဆိုင်ရာမော်လီကျူးများပျက်စီးသွား တတ်၍ အငွေ့များထဲ၌ သက်ရှိတို့စတင် ဖြစ်ပေါ်ရန် အခြေအနေ မပေးပေ။ ထို့ပြင် သက်ရှိများတွင်ပါဝင်သည့် လေးလံသော အော်ဂဲနစ် မော်လီကျူးများသည် အငွေ့များထဲမှခွဲထွက်ကာအနည်ထိုင်ကျန်ရစ် နိုင်သည်။ ထို့ကြောင့် ကြာသပတေးဂြိုဟ်လေထုထဲသို့ ဆင်းသက်ခဲ့ သည့် ဂလီလီယိုအာကာသယာဉ်သည် ဓာတ်ငွေ့တို့နှင့် ပြည့်နှက်နေ သည့် ဂြိုဟ်လေထုထဲ၌ သက်ရှိတို့နှင့်ဆက်စပ်နေသော အော်ဂဲနစ် ပစ္စည်းများကို မတွေ့ခဲ့ခြင်း ဖြစ်သည်။ အရည်တို့၏ ရွေ့လျားမှုသည်မူ အငွေ့တို့ထက်ညင်သာတတ်၍ သက်ရှိမော်လီကျူးများ ပေါက်ပွားရန် အလားအလာ ပိုကောင်းသည်။ ထို့အပြင် အရည်ဖြစ်မှလည်း မော်လီ ကျူးများသည် ပိုမို ပျော်ဝင်နိုင်ကာ ဇီဝဓာတုဓာတ်ပြုမှုများ ဖြစ်ပေါ်ရန် လွယ်ကူသည်။ ဓာတ်ပြုမှုများကို အရည်ကနေရာအနှံ့သို့သယ်ဆောင် ပြန့်ပွားစေနိုင်သည်။

ရေနှင့်လူ့ခန္ဓာကိုယ်ဗီဒီယိုသရုပ်ပြ ရှုစားရန်

ရေ၏အရည်အဖြစ်တည်နေနိုင်မှု

ကျယ်ပြောသောအပူချိန်နယ်ပယ်တွင်း၌ အရည်ဘဝနှင့်ရှိ နေနိုင်သောအချက်သည်လည်း ရေ၌ သက်ရှိတို့ပေါက်ပွားရန် လွယ် ကူစေသည်။ ရေသည် ၀ ဒီဂရီစင်တီဂရိတ်မှ ၁၀၀ ဒီဂရီစင်တီ ဂရိတ်အတွင်း၌ အရည်ဘဝတွင် တည်နိုင်သည်။ ရေတွင် ဆားခတ် လိုက်လျှင် အနုတ် ၄၅ ဒီဂရီအထိခဲမသွားဘဲ အရည်ဘဝတွင်နေနိုင် ကာ ဖိအားပေးထားလျှင် ၃၄၀ ဒီဂရီစင်တီဂရိတ်အထိမဆူဘဲနေ နိုင်သည်။ အခြားအရည်များသည်မူ ရေထက်ပိုမိုခဲလွယ် အငွေ့ဖြစ် လွယ်ကြသည်။

ရေ၏ အခြားအရည်အများစုနှင့်မတူသောအချက်မှာ ခဲသော အခါ ကျယ်ပြန့်ပွယောင်းလာမှု ဖြစ်သည်။ ထိုသို့ ကျယ်ပြန့်ပွယောင်း မလာလျှင် အေးသောအရပ်များ၌ ကန်များတွင် ရေခဲသွားသောအခါ ရေခဲတုံးများ အောက်သို့ မြုပ်သွားပြီး ကန်နှင့်ပင်လယ်မျက်နှာပြင် အောက်ရှိ ရေသတ္တဝါများရှင်သန်ရန် အခက်အခဲ တွေ့လိမ့်မည်။ ကျယ် ပြန့်ပွယောင်းလာသော ရေခဲသည် မျက်နှာပြင်ပေါ်တွင် ပေါ်နေခြင်းဖြင့် ရေခဲပြင်များအောက်၌ သက်ရှိတို့ရှင်သန်ရန် ထောက်ပံ့ပေးသည်။

ရေမှတစ်ပါး သက်ရှိတို့ပေါက်ပွားရှင်သန်နိုင်သေးသည့် အခြားအရည်တစ်မျိုးမှာအမိုးနီးယားရည် ဖြစ်သည်။ အလွန်အေးသည့် ဂြိုဟ်များရှိအမိုးနီးယားအရည်များထဲ၌သက်ရှိတို့ပေါက်ပွားရန်အလားအလာ အနည်းငယ်ရှိသည်ဟု အချို့သိပ္ပံပညာရှင်များက ဆိုသည်။ သို့သော် အမိုးနီးယား၏ အရည်ဖြစ်အပူချိန် နယ်ပယ်သည် ရေကဲ့သို့ မကျယ်ပြန့်ဘဲကျဉ်းမြောင်းလှသဖြင့်လည်းကောင်း၊ အမိုးနီးယားသည် ခဲသွားသည့်အခါ မျက်နှာပြင်အောက်မြုပ်သွားသဖြင့် လည်းကောင်း အမိုးနီးယားအရည်ထဲ၌သက်ရှိပေါက်ပွားရန် အခွင့်အလမ်းမှာ လွန်စွာ နည်းပါးလှသည်။

ထို့ကြောင့် ယနေ့အထိ သိရှိပြီးသမျှသော သိပ္ပံအချက် အလက်တို့အရ သက်ရှိတို့သည် ရေထဲ၌သာ စတင်ဖြစ်ပေါ် ရှင်သန် နိုင်ကြသည်။ ကမ္ဘာပေါ်တွင် လူအပါအဝင်သက်ရှိတို့ ဖြစ်ပေါ် ရှင်သန် နေသည်မှာလည်း ရေရှိ၍သာ ဖြစ်သည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s