ကမ္ဘာပေါ်၌ ရေများ မည်သို့ စတင်ဖြစ်ပေါ်တည်ရှိနေသနည်းဆိုသော မေးခွန်း၏အဖြေကို ယနေ့အထိတိကျစွာမပေးနိုင်သေးချေ။ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၆၀၀ အချိန် စကြဝဠာအတွင်း လွင့်မျောနေခဲ့သော ဓာတ်ငွေ့နှင့် ကျောက်တုံးများ ဖုန်မှုန့်များ ရောနှောပါဝင်သည့် အစုအဝေးကြီးတစ်ခုမှ ကမ္ဘာအပါအဝင်နေအဖွဲ့အစည်း၁အဖြစ်သို့စတင် ပြောင်းလဲပေါ်ပေါက်ခဲ့စဉ်က ယင်းကျောက်တုံးများ ဖုန်မှုန့်များထဲတွင် ရေများလည်းပါဝင်ခဲ့သည်။ သို့သော်အဆိုပါအစုအဝေးကြီး၏အလယ် ဗဟိုတွင် နေဖြစ်ပေါ်လာကာ ယင်း၏အပူဓာတ်ကြောင့် ရေတို့သည် နေနှင့်နီးရာတွင်မရှိနိုင်ကြဘဲ နေနှင့်ဝေးရာတွင်သာရှိခဲ့သည်။
ထို့ကြောင့် နေအဖွဲ့အစည်းဖြစ်ပေါ်စအချိန်တွင် ရေသည် နေနှင့်ဝေးသော စနေဂြိုဟ်ပတ်လည်၊ ကြာသပတေးဂြိုဟ်၏ လ တစ်စင်း၊ နက်(ပ)ကျွန်းဂြိုဟ်၊ ယူရေးနပ်ဂြိုဟ်နှင့် နေအဖွဲ့အစည်း၏ ပြင်ပအနားသတ်ဒေသရှိ ကြယ်တံခွန်များတွင်သာ တည်ရှိနေနိုင်ခဲ့ သည်။ နေနှင့်နီးသောဒေသဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ် တို့တွင် ရေမရှိနိုင်ချေ။ ကမ္ဘာ့မျက်နှာပြင်ပေါ်တွင်လည်း တည်ဦးစက ရေမရှိခဲ့ချေ။
တည်ဦးစကမ္ဘာပေါ်ရှိ ကျောက်တုံးများ ဖုန်မှုန့်များထဲတွင် ရေများရောယှက်ပါဝင်နေခဲ့သော်လည်း ထိုစဉ်က ကမ္ဘာတွင် လေထု အကာအကွယ်မရှိခဲ့သဖြင့် ကျရောက်လာသော နေအပူဓာတ်ကြောင့် သော်လည်းကောင်း၊ မီးတောင်ပေါက်မှုများမှထွက်ပေါ်လာသော အပူဓာတ်ကြောင့်သော်လည်းကောင်း ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိရေများ အာကာသထဲသို့အငွေ့ပျံပျောက်ကွယ်သွားခဲ့ဖွယ်ရာရှိသည်ဟု အချို့က ယူဆသည်။
တည်ဦးစကမ္ဘာပေါ်တွင် ရေရှိခဲ့သည် ဖြစ်စေ၊ ရှိခဲ့ပြီးမှ အကြောင်းကြောင်းကြောင့် မျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားသည် ဖြစ်စေ ခြောက်သွေ့သောကမ္ဘာအဖြစ် နှစ်သန်းပေါင်းအတန်ကြာ ရှိ နေခဲ့ပြီးနောက် ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် ရေများ တစ်ဖန်ဖြစ်တည် လာခဲ့သည်။ အဆိုပါရေများ မည်သို့ရောက်လာသနည်း ဆိုသည်ကို ပညာရှင်များတိကျစွာ မပြောနိုင်ကြသေးချေ။ တည်ဦးစက ရှိခဲ့သော ရေများသည် အခြားဓာတ်များနှင့်အတူ ကမ္ဘာ့အတွင်းပိုင်းသို့ရောက် ကာ မြေသားကျောက်သားတို့ထဲတွင် အရည်အသွင်ဖြင့် ရောယှက် ပါဝင်နေခဲ့သည်။ လွန်ကဲသောအပူဓာတ်နှင့် ထိတွေ့ခွင့်မရခြင်းကြောင့် အငွေ့ပျံမသွားဘဲရှိခဲ့ပြီး တစ်ချိန်တွင်မှ ယင်းရေများ မြေသား ကျောက် တုံးများထဲမှ ထွက်လာကာ မြေပြင်ပေါ်ရောက်ရှိခဲ့သည်လည်း ဖြစ်နိုင်သည်။
ကြယ်တံခွန်တွင်ပါလာသောရေ
ထိုထက်ပို၍ဖြစ်နိုင်ခြေတစ်ခုအနေနှင့် ယင်းအချိန်က ကမ္ဘာပေါ်သို့ ဆက်တိုက်ဆိုသလို ကျရောက်လာနေခဲ့သော ကြယ်တံခွန်တို့တွင် ပါလာသောရေများကြောင့်ဟုထင်မြင်ကြသည်။ ယင်းထင်မြင်ချက် နှင့်ပတ်သက်၍ ခိုင်လုံသောအထောက်အထားမပြနိုင်ဘဲရှိခဲ့ရာ ၂၀၁၁ ခုနှစ်အတွင်းတွင် ပေါ်ထွန်းလာခဲ့သော နက္ခတ္တဗေဒဆိုင်ရာ တွေ့ရှိချက် များက ယင်းအချက် ဖြစ်နိုင်ကြောင်း အားဖြည့်ပေးလိုက်သည်။

ပထမတွေ့ရှိချက်မှာ ဟာ့(တ်)လေ-၂ Hartley 2 ခေါ် ကြယ်တံခွန်ကို လေ့လာမှုမှ ထွက်ပေါ်လာသည်။ ရေများကို ကမ္ဘာပေါ်သို့ ကြယ်တံခွန် များက သယ်ဆောင်လာသည်ဟူသော အယူအဆကိုလက်မခံလိုသူ အချို့က တွေ့ရှိလေ့လာပြီး ကြယ်တံခွန်များတွင်ပါသည့် ရေများ သည် ကမ္ဘာပေါ်ရှိရေများနှင့် မတူဘဲ “ရေလေး”Heavy Water များဖြစ်နေသော အချက်ကို ထောက်ပြခဲ့ကြသည်။
ရိုးရိုးရေတွင်ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်တို့ပါပြီး ရေလေးတွင် ဟိုက်ဒရိုဂျင်၏နေရာ၌ ယင်း၏ အဆက်အနွယ် ဖြစ်သော ဒျူတေရီယမ်ပါဝင်သည်။ ဒျူတေရီယမ်နှင့် အောက်ဆီဂျင်တို့ပါဝင် သော ရေသည် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ပါဝင်သော ရိုးရိုးရေ ထက် ၁၀ ရာခိုင်နှုန်းမျှ ပိုလေးသဖြင့် ရေလေးဟု ခေါ်ခြင်းဖြစ် သည်။ ရေလေးသည် တွေ့ထိမှုနှင့်အရသာတွင် ရိုးရိုးရေနှင့် အတူတူ ဖြစ်သော်လည်း ရေဆူမှတ်နှင့်ရေခဲမှတ် အနည်းငယ်ပိုမြင့်သည်။ ရိုးရိုး ရေသည် ၁၀၀ ဒီဂရီစင်တီဂရိတ်တွင်ဆူပြီး သုညဒီဂရီ စင်တီဂရိတ် တွင် ခဲသော်လည်း ရေလေးသည် ၁၀၁ . ၄ ဒီဂရီစင်တီဂရိတ်တွင် ဆူပြီး ၃ . ၈ ဒီဂရီ စင်တီဂရိတ်တွင် ခဲသည်။
ကြယ်တံခွန်များတွင် ရေလေးများသာပါသည်ဟူ၍ မူလက နားလည်ထားခဲ့သော်လည်း ဟာ့(တ်)လေ၂-၂ ကြယ်တံခွန်တွင် ရေ လေးများသာမက ကမ္ဘာပေါ်ရှိရေများနှင့် ဓာတုဖွဲ့စည်းပုံပိုမိုနီးစပ်သည့် ရေများလည်း အများအပြား ပါကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ရိုးရိုးရေအများအပြားပါသော ဟာ့(တ်)လေ-၂ ကဲ့သို့ ကြယ်တံခွန်များ ကမ္ဘာ့မြေပြင်ပေါ်အလုံးအရင်းနှင့်ကျရောက်ခဲ့ရာမှ ပင်လယ်သမုဒ္ဒရာ ရေထုကြီး ဖြည်းဖြည်းချင်းဖြစ်ပေါ်လာသည်ဆိုသောအချက်ကို ပို၍ လက်ခံနိုင်ဖွယ်ရာ ဖြစ်လာသည်။
ကြယ်တံခွန်အစုအဝေး
ကြယ်တံခွန်များသည် ယင်းတို့၏ပင်ရင်းနေရာဖြစ်သော နေ အဖွဲ့အစည်းအစွန်အဖျားဒေသမှ နေဆီသို့ ဦးတည်ဝင်ရောက်လာလေ့ ရှိရာ ကမ္ဘာတည်ဦးစအချိန်က ယင်းသို့ဝင်ရောက်လာနေခဲ့သော ကြယ် တံခွန်အရေအတွက်သည် လက်ရှိအချိန်ထက် အဆမတန်များပြား ခဲ့ကြောင်း နက္ခတ္တပညာရှင်တို့ ယူဆခဲ့သည်။
သူတို့ယူဆသည့်အတိုင်း ကမ္ဘာဦးစက အခြေအနေမျိုးဖြစ် သည့် ကြယ်တစ်လုံးနှင့်မလှမ်းမကမ်းနေရာသို့ ကြယ်တံခွန်အမြောက် အမြား စုရုံးရောက်ရှိနေကြသောဖြစ်ရပ်တစ်ခုကို ၂၀၁၁ ခုနှစ် စက်တင် ဘာလအတွင်းက စကြဝဠာတစ်နေရာတွင် ပညာရှင်တို့တွေ့ရှိခဲ့မှုက လည်း ကမ္ဘာ့ရေများအစ ကြယ်တံခွန်က ဟူသော အယူအဆကို အားသစ်လောင်းပေးလိုက်ပြန်သည်။ ကမ္ဘာမှမိုင်ထရီလျံပေါင်း ၄၀၀ ခန့်(တစ်ထရီလျံ = သန်းပေါင်းတစ်သန်း) ဝေးသည့် စကြဝဠာတစ်နေ ရာတွင် ရှိသည့် အီတာကော်ဗီ Eta Covi အမည်ရှိ ကြယ်တစ်လုံးကိုလေ့လာရာ ယင်းကြယ်အနီးတစ်နေရာသို့ ကြယ်တံခွန်အမြောက်အမြား စုရုံး ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
အမေရိကန်ပြည် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှသုတေသီ ကာရီလစ္စာ ဦးဆောင်လေ့လာချက်အရ အဆိုပါဒေသ၏ အနီအောက် ရောင်ခြည်ပုံရိပ်များတွင်ဗဟိုကြယ်ဖြစ်သောအီတာကော်ဗီမှ ၃ အေယူ၂ (၁ အေယူ = မိုင် ၉၃ သန်း)အကွာတွင် ဖုန်မှုန့်အစုအဝေးများကို တွေ့ရသည်။ အမေရိကန် အာကာသအဖွဲ့အစည်းက လွှတ်တင်ထား သော စပစ်ဇာတယ်လီစကုပ်မှ ရိုက်ယူသောပုံများအရ ယင်းဖုန်မှုန့် များသည် ကြယ်တံခွန်များနှင့် ကမ္ဘာကဲ့သို့ ကျောက်သားမြေသား တို့ဖြင့် ဖွဲ့စည်းထားသောဂြိုဟ်ဟု ယူဆရသည့် ဂြိုဟ်ကြီးတစ်ခုနှင့် ဝင်တိုက်ရာမှ ထွက်ပေါ်လာသည်ဟု ယူဆရသည်။ ယင်းဖုန်မှုန့်များ ထဲတွင် အလွန်သေးငယ်သည့် စိန်မှုန့်များ၊ သဲဓာတ်တစ်မျိုး ဖြစ်သည့် ဆီလီကာတို့ပါသဖြင့် ကြယ်တံခွန်နှင့်ဂြိုဟ်ကြီးတစ်ခု တိုက်ရာမှ ထွက် ပေါ်လာကြောင်း ပညာရှင်တို့ ကောက်ချက်ချကြသည်။ ဖုန်မှုန့်အစု အဝေးထဲတွင် ရေခဲမှုန်များနှင့် အော်ဂဲနစ်ဓာတ်ပေါင်းများ ပါဝင်နေ သည်ကိုလည်း သိရသည်။
အထက်ပါအချက်များကိုဆက်စပ်ခြုံငုံသုံးသပ်၍ ကမ္ဘာတည် ဦးစအချိန်က ကမ္ဘာရှိရာဒေသဝန်းကျင်တွင် အရေအတွက် သိန်းသန်း ချီသောကြယ်တံခွန်များစုရုံးရောက်ရှိခဲ့နိုင်ကြောင်း၊ ယင်းတို့ထဲမှအများ အပြား ကမ္ဘာပေါ်ကျရောက်ကာ အတူပါလာသောရေများကြောင့် ကမ္ဘာပေါ်တွင် ရေထုကြီးဖြည်းဖြည်းချင်းဖြစ်ပေါ်လာခဲ့ကြောင်း၊ ရေကို အမှီပြု၍ သက်ရှိများလည်း ပေါ်ပေါက်ခဲ့ကြောင်း မှန်းဆနိုင်ကြသည်။
လေထုအထောက်အကူ
တစ်နည်းနည်းဖြင့် ပေါ်ပေါက်ခဲ့သောရေများ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိနေရန် လေထုက အထောက်အကူပြုသည်။ တည် ဦးစကမ္ဘာ၏ လေထုသည် ယခုကဲ့သို့ အောက်ဆီဂျင်နှင့်နိုက်ထရိုဂျင် အဓိကပါသောအချိုးအဆမဟုတ်ဘဲ အမိုးနီးယား၊ မီသိန်းနှင့် ကာဘွန် ဒိုင်အောက်ဆိုက်တို့ အဓိကပါဝင်သောလေထု ဖြစ်သည်။ မီသိန်းနှင့် ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် အပူဓာတ်ကို အုပ်စီးထိန်းသိမ်းထား သော သတ္တိရှိ၍ ယင်းအချိန်က ကမ္ဘာ့လေထုအပူချိန်သည် ယခုထက် မြင့်မားနေခဲ့သည်။ ထိုအချိန်က ရေရှိခဲ့လျှင်သော်မှ အရည်အသွင်ဖြင့် တည်နေခဲ့မည်မဟုတ်ပေ။
ယင်းလေထုသည် နောက်ပိုင်းကမ္ဘာပေါ်တွင် ရှင်သန်လာ သောအယ်လ်ဂျီ၁အပင်ငယ်များကြောင့် ဖွဲ့စည်းပုံပြောင်းလဲလာခဲ့သည်။ အယ်လ်ဂျီတို့သည် ဖိုတိုဆင်းသစစ် ခေါ် နေရောင်ကိုအသုံးချ၍ အပင် တွင်း၌ လိုအပ်သော ဓာတုစွမ်းအင်တို့ကို ထုတ်လုပ်ခြင်း ဖြစ်စဉ်တွင် အောက်ဆီဂျင်ဓာတ်ကိုထုတ်လွှတ်ကြသဖြင့် လေထုထဲတွင် အောက် ဆီဂျင် များလာသည်။ အောက်ဆီဂျင်က အမိုးနီးယားနှင့်မီသိန်းတို့ကို ဓာတ်ပြုဖျက်ဆီးသဖြင့် ယင်းဓာတ်ငွေ့များလျော့ပါးသွားသည်။ အပူ ထိန်း မီသိန်းလျော့နည်းသွားခြင်းကြောင့် ကမ္ဘာတွင် ရေသည် အရည် အသွင်နှင့်တည်နေနိုင်သည့်အခြေအနေများဖြစ်ပေါ်လာသည်။ မီသိန်း နည်းသွားသော်လည်း လေထုထဲတွင် အခြားအပူထိန်းဓာတ်ငွေ့ဖြစ် သော ကာဘွန်ဒိုင်အောက်ဆိုက် အလောတော်ပမာဏကျန်နေသဖြင့် ကမ္ဘာ့ရေအများစုသည် ခဲမသွားဘဲ သက်ရှိတို့ပေါက်ပွားရှင်သန်နိုင် သော အရည်အသွင်ဖြင့် ရှိနေခဲ့သည်။
ကမ္ဘာတွင် ရေများသည် အခဲနှင့်အငွေ့အပြင် အရည်အသွင် ဖြင့် ရှိနေနိုင်ခြင်းမှာ ကမ္ဘာ၏ နေမှအကွာအဝေးပေါ်တွင်လည်း မူတည် သည်။ ဂြိုဟ်တစ်လုံးသည် နေနှင့်အလွန်နီးပါကပူလွန်း၍ ရေသည် အရည်အသွင်ဖြင့်မရှိနိုင်ဘဲ အငွေ့ဘဝတွင်သာရှိမည်။ ထို့အတူ နေမှ ဝေးလွန်းပါကလည်း အခဲအဖြစ်သာတည်နေနိုင်သည်။ ကမ္ဘာနှင့် နေ အကွာအဝေးဖြစ်သောမိုင် ၉၃ သန်းသည် မပူလွန်း မအေးလွန်းဘဲ ရေသည် အရည်အသွင်ဖြင့်ရှိနေနိုင်သော အသင့်တော်ဆုံးအကွာ အဝေး ဖြစ်သည်။
မိုင်သန်းပေါင်းများစွာကွာသောအရပ်မှရောက်လာသော ရေ ပါသည့်ကြယ်တံခွန်များ ကမ္ဘာပေါ်ကျလာခြင်း၊ ရေသည် ကမ္ဘာပေါ် တွင် အခဲ၊ အငွေ့အဖြစ်နှင့်သာမက အရည်အဖြစ်နှင့်ပါ တည်နေနိုင် သည့်အခြေအနေများဖြစ်ပေါ်နေခြင်းတို့သည် ကြုံတောင့်ကြုံခဲ လွန်စွာ ထူးခြားရှားပါးသောဖြစ်စဉ်ဟု သတ်မှတ်ကြသည်။ ယင်းဖြစ်စဉ်နှင့် ကြုံရခြင်းကြောင့်သာ ကမ္ဘာတွင် လူအပါအဝင် သက်ရှိတို့ ရှင်သန် နိုင်ကြသည်။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၃။ ပျက်ယွင်းရေသံသရာ
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၈။ အရည်ပျော်တောင်ထိပ်များ
အခန်း ၉။ ပင်လယ်ရေတကယ်ခန်း
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အခန်း ၁၆။ ခြေရာပျောက်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်
အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့