အိမ်၊ ကျောင်း၊ ရပ်ကွက်စသည်တို့၏သောက်သုံးရေအတွက် အလုံပိတ် မိုးရေလှောင်ကန်များဖြင့် စနစ်တကျ ရယူခြင်းသည် ကျန်းမာရေးအတွက် စိတ်ချရသော်လည်း အချို့နေရာဒေသများတွင် ယင်းကန်များကို တည်ဆောက်ရန် လုံလောက်သောငွေကြေးမရနိုင်သဖြင့် ရပ်ရွာတွင်း မြေလွတ်များတွင် ကန်များတူး၍ မိုးရေစုဆောင်းကြရသည်။ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါကန်မျိုး အများအပြားကို တွေ့နိုင်ရာ မြို့တော်ရန်ကုန်နှင့် ရေမြေချင်းဆက်စပ်နေသော်လည်း ရေအခက်အခဲကြီးမားသည့် ဒလမြို့နယ် တစ်ခုတည်းတွင်ပင် ယင်းကန်မျိုး ၂၀၀ ခန့်ရှိသည်ဟု သိရသည်။
တစ်ဖက်ရပ်အမိုး
သို့သော် မိုးနည်းသော၊ လူဦးရေများပြားသောနေရာအချို့တွင် နွေရောက်သောအခါ မိုးရေလှောင်ကန် အများအပြားခန်းခြောက်၍ နှစ်စဉ်ရေအခက်အခဲ ကြုံတွေ့နေကြရသည်။ ယင်းအခက်အခဲကို ဖြေလျှော့ ပေးနိုင်သည့်နည်းများရှိရာ တစ်ခုမှာ ကန်ဘေးပတ်လည်တွင် မြေလွတ်ရှိပါက မိုးကုန်သည်အထိ ရေမပြည့် နိုင်သောကန်များပတ်လည်တွင် တစ်ဖက်ရပ်အမိုးများထားရှိခြင်းဖြင့် ရေဝင်ပမာဏ တိုးမြှင့်ပေးနိုင်သည်။
ကန်အစပ်မှ ဘေးပတ်လည်သို့ တတ်နိုင်သမျှနေရာယူကာ တစ်ဖက်ရပ်အမိုးများ ဆောက်၍ လျှောစောက်ကို ကန်ဘက်သို့ ဆင်းပေးထားရမည်။ ထိုသို့ ဆောက်ထားခြင်းကြောင့် မိုးရေများသည် ကန်အပြင်ဘက်သို့ အလဟဿ စီးမသွားတော့ဘဲ ကန်တွင်းစီးဝင်ကြမည်။ အမိုး၏လျှောစောက်ကို မတ်မနေစေဘဲ တတ်နိုင် သလောက် ပြေအောင် ဖြေထားမှ မိုးရေခံဧရိယာများကာ မိုးရေပိုဝင်မည်။ အမိုး၏လျှောစောက်သည် မတ်နေလျှင် မတ်သည်နှင့်အမျှ မိုးရေခံဧရိယာ လျော့နည်းသွားမည် ဖြစ်သည်။ တစ်ဖက်ရပ်အမိုးကို ဒေသ တွင်း၌ အလွယ်တကူ ရနိုင်သော အင်ဖက်၊ တာလပတ်၊ ပလတ်စတစ်စ စသည်တို့ဖြင့် မိုးနိုင်သည်။

ကန်ဘေးပတ်လည်နေရာပေါ်မူတည်၍ တစ်ဖက်ရပ်အမိုးဧရိယာကို ကျယ်ကျယ် ဆောက်နိုင်လျှင် ကန်ထဲသို့ ရေပိုဝင်မည် ဖြစ်သော်လည်း အမိုးဧရိယာ ကျယ်လာသောအခါ လေဒဏ်ပိုခံရသည့်အတွက် ခိုင်ခန့်မှုကို အထူး ဂရုပြုရန်လိုအပ်သည်။
တစ်ဖက်ရပ်အမိုးအတွက် ကုန်ကျစရိတ် မများလှသည့်အပြင် ပိုရလာသည့် ရေပမာဏ၏တန်ဖိုးက ကုန်ကျ စရိတ်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်သည်။ အလျား ပေ ၁၀၀၊ အနံ ပေ ၁၀၀ ရှိသောရေကန် ပတ်လည်တွင် ၁၀ ပေ ကျယ်သော အမိုးကို ရေပြင်ညီနီးပါး ပြေအောင်ဆောက်ထားလျှင် တစ်နှစ်မိုးရေချိန် လက်မ ၂၀ ရွာသောဒေသရှိ ကန်တွင် ရေဂါလန် ၄၅၀၀၀ မျှပို၍သိုလှောင်ထားနိုင်သည်။
တစ်ဖက်ရပ်အမိုးဆောက်လုပ်ခြင်းအပြင် အကယ်၍ ကန်အနီး၌ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း စသည့် ကျယ်ဝန်းသော အဆောက်အအုံများ ရှိပါက ယင်းအဆောက်အအုံများ၏ အမိုးပေါ်ကျလာသော မိုးရေကို ကန်ထဲသို့ သွယ်ယူထားခြင်းဖြင့် ရေကိုပို၍ စုဆောင်းနိုင်သည်။
ရေမစိမ့်အောင်
မိုးရေလှောင်ကန်ကို တူးဖော်နိုင်ကြရာ၌ ကန်ကြမ်းပြင်နှင့်ဘေးနံရံများ ရေမစိမ့်နိုင်အောင်ဆောင်ရွက်ဖို့ အရေးကြီးသည်။ ရေစိမ့်ယိုပါက ကန်ထဲဝင်သော ရေ၏ ရာခိုင်နှုန်းအတော်များများ မသုံးစွဲရဘဲ ဆုံးရှုံးသွားနိုင်သည်။ ကန်ကြမ်းပြင်နှင့် ဘေးနံရံရေမစိမ့်အောင် လုပ်ဆောင်ရာတွင် မြေသား၏ ခံနိုင်ရည်၊ ရေစိမ့်နိုင်မှု စသည့် ဂုဏ်သတ္တိများကို စမ်းသပ်တိုင်းတာခြင်း၊ လိုအပ်သည့်ခံနိုင်အား၊ ရေပိတ်နိုင်အား ပြည့်မီ သည်အထိ စက်ယန္တရားများနှင့်ဖိသိပ်ခြင်း၊ ပြုပြင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ သို့သော် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ရပ်ကွက်နှင့် ကျေးလက်အများအပြားတွင် စက်ယန္တရားများကို လက်လှမ်းမမီသဖြင့် လူအားဖြင့်သာ ရေကန်များကို တည်ဆောက်ကြရာ ရေစိမ့်ဆုံးရှုံးနိုင်သည်ကို သဘောပေါက်ထားပြီး လူအားဖြင့် ရသလောက်ဖိသိပ်ပေးလျှင်လည်း ရေစိမ့်မှုကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်သည်။
အငွေ့ပျံ
မိုးရေလှောင်ကန်ထဲမှရေများ ဆုံးရှုံးနိုင်သော အခြားအကြောင်းမှာ အငွေ့ပျံခြင်း ဖြစ်သည်။ ပင်လယ်ရေ မြစ်ရေ ကန်ရေနှင့် အပင်ထဲမှရေများ အငွေ့ပျံ၍ လေထဲရောက်၊ လေထဲမှရေငွေ့များ မိုးနှင့်ဆီးနှင်းအဖြစ် မြေပြင်ပေါ်ကျ၊ မိုးရေနှင့်နှင်းရည်များ မြေပြင်နှင့်မြစ်ချောင်းများအတိုင်းစီး၍ ပင်လယ်ထဲဝင်၊ တစ်ဖန် ရေများ အငွေ့ပျံ၍ လေထဲပြန်ရောက်စသဖြင့် စဉ်ဆက်မပြတ် လည်ပတ်နေသော ရေသံသရာတွင် နေရောင်ခြည်၏ အပူကြောင့် ပင်လယ်ရေနှင့်မြေပေါ်ရေများ အငွေ့ပျံကာ လေထဲမှတစ်ဆင့် မြေပြင်ပေါ်သို့ ကျဆင်းလာသော ရေများကို သောက်သုံးရှင်သန်နေကြရသဖြင့် အငွေ့ပျံခြင်းကို လူတို့၏ အသက်သခင်ဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
အငွေ့ပျံပုံသရုပ်ပြဗီဒီယို ရှုစားရန်
သို့သော် ဖြစ်စဉ်ကြောင့်ပင် စုဆောင်းသိုလှောင်ထားသောရေများ အငွေ့အဖြစ် လေထဲသို့ အလုံးအရင်း လွင့်ထွက်ဆုံးရှုံးနေခြင်းကို မျက်စိဖြင့် တပ်အပ်မမြင်နိုင်ကြ၍ ပမာဏမများလှဟု ထင်တတ်ကြသော်လည်း အငွေ့ပျံမှုကိုသာ မြင်နိုင်ပါက ရေငွေ့များ မြေပြင်ရေပြင်မှလေထဲသို့ အလုံးအရင်းနှင့်ဆန်တက်နေသည်ကို ထင်ရှားစွာတွေ့နိုင်သည်အထိ များပြားလှသည်။ ထို့ကြောင့် သောက်သုံးရန်သိုလှောင်ထားသောရေများ မသောက်ရ မသုံးရဘဲ အငွေ့ပျံဆုံးရှုံးမသွားအောင် သို့မဟုတ် အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းသည် အထူးအရေးကြီးသောလုပ်ငန်း ဖြစ်သည်။
တိုင်းတာချက်များအရ မြန်မာနိုင်ငံတွင် ရေငွေ့ပျံနှုန်းသည် ဒေသကိုလိုက်၍ တစ်နှစ်လျှင် အနည်းဆုံး သုံးပေ ကျော်မှ အများဆုံးခြောက်ပေကျော်အထိ ရှိသည်။ ရန်ကုန်မြို့၏ရေငွေ့ပျံနှုန်းသည် တစ်နှစ်လျှင် ငါးပေခွဲခန့် ရှိသည်။ သဘောမှာ ရန်ကုန်၌ ငါးပေခွဲနက်သော ကန်တစ်ကန်ကို ရေအပြည့်ထည့်၍ လုံးဝမသုံးဘဲ ဟင်းလင်းဖွင့်ထားလျှင် တစ်နှစ်ကြာသောအခါ အငွေ့ပျံခြင်းကြောင့် လုံးဝခန်းသွားမည်ဟု ဆိုလိုသည်။
ရေငွေ့ပျံခြင်းသည် လေထုစိုထိုင်းဆ၊ အပူချိန်၊ လေတိုက်နှုန်းတို့ပေါ်တွင် မူတည်သည်။ ရေပေါ်ရှိလေထု၏ စိုထိုင်းဆ နည်းလျှင်၊ အပူချိန်မြင့်မားလျှင် ပိုအငွေ့ပျံသည်။ လေပိုတိုက်လျှင် အငွေ့ပျံနှုန်း များသည်။ စိုထိုင်းဆနှင့်အပူချိန်ကို လိုသလို ထိန်းချုပ်ရန် မလွယ်သော်လည်း ရေကန်မျက်နှာပြင်ပေါ်ရှိ လေတိုက်နှုန်းကို လျော့နည်းအောင် ဆောင်ရွက်နိုင်သည်။
လေတိုက်ခြင်းနှင့် ရေအငွေ့ပျံခြင်း ဆက်စပ်နေကြောင်း မြေအောက်ခန်းများ၊ လိုဏ်ဂူများတွင်တွေ့နိုင်သည်။ ယင်းနေရာတို့တွင် လေမတိုက်သဖြင့် သို့မဟုတ် လေတိုက်နှုန်း အလွန်နည်းသဖြင့် အခန်းထဲ၊ ဂူထဲရှိ ရေငွေ့များ အဝေးသို့လွင့်ထွက်မသွားဘဲ စိုထိုင်းနေသည်။ ကြမ်းပြင်နှင့်နံရံများ အမြဲစိုစွတ်နေသည်။ လေတိုက်နှုန်းမြင့်လေ အငွေ့ပျံဆုံးရှုံးမှု များလေ ဖြစ်သည်။ ၁ နာရီ ၆ မိုင်နှုန်းတိုက်သည့် လေပြည်သည်ပင် လေငြိမ်စဉ်ထက် ရေငွေ့ပျံနှုန်း နှစ်ဆများစေကြောင်း လေ့လာချက်တစ်ရပ်က ဆိုသည်။
ကန်ရေပေါ်သို့ တိုက်ခတ်ဝင်ရောက်လာသောလေတွင် ရေငွေ့ပမာဏများပြားပါက ကန်ရေအငွေ့ပျံမှု အလွန် နည်းသည်။ ဝင်လာသောလေသည် ရေငွေ့နည်းပြီး ခြောက်သွေ့နေပါက ကန်ရေအငွေ့ပျံမှု များသည်။
ကန်ပတ်လည်တွင်အပင်စိုက်
လေတိုက်သောကြောင့် ကန်ရေဆုံးရှုံးမှုလျော့နည်းစေနိုင်သည့်နည်းတစ်ရပ်မှာ ကန်ပတ်လည်၌ အရွက်ဖားဖား အပင်များကို ခပ်စိပ်စိပ်စိုက်ထားရန် ဖြစ်သည်။ အပင်အမြင့်ကို ကန်အကျယ်၏ လေးပုံတစ်ပုံခန့် ထားရှိနိုင်လျှင် လေကာရာတွင် ပိုထိရောက်သည်။ ဥပမာ- ကန်သည် ပေ ၁၀၀ ကျယ်လျှင် အပင်အမြင့် ၂၅ ပေခန့် ရှိသင့်သည်။ တိုက်ခတ်လာသောလေသည် အပင်များက ခံထားသဖြင့် ရေပြင်အထိ စိုက်မဆင်းတော့ဘဲ ကျော်၍ဆက်တိုက်သွားသဖြင့် ရေငွေ့ပျံမှုလျော့နည်းသည်။
အကယ်၍သစ်ပင် မစိုက်နိုင်လျှင် ကန်ပေါင်ကိုမြှင့်ထားပေးခြင်းဖြင့် လေလမ်းကြောင်းနှင့် ရေမျက်နှာပြင် ဝေးကွာနေ၍အငွေ့ပျံမှု နည်းသည်။ ဥပမာတစ်ခုအနေနှင့် မကွေးတိုင်း ကံမမြို့နယ် မုန်းဒါးကြီး မြေသားကန်ကို အောက်ပါအတိုင်း မြင်နိုင်သည်။

ကန်ရေပြင်ကို တစ်နည်းနည်းနှင့်ဖုံးအုပ်ထားလျှင်လည်း ရေပြင်နှင့်နေရောင် တိုက်ရိုက်မထိတွေ့နိုင်သဖြင့် ရေအပူချိန်လျော့နည်းသည့်အပြင် လေတိုက်ခတ်မှုကိုလည်း ကာကွယ်ထားသဖြင့် ရေငွေ့ပျံပမာဏကို လျှော့ချနိုင်သည်။ အချို့က ရေပြင်ပေါ်တွင် ဗေဒါ၊ ကန်စွန်း၊ ကြာစသည့် အပင်များကိုထားရှိခြင်းဖြင့် ရေငွေ့ပျံနှုန်း နည်းစေသည်ဟု ဆိုသော်လည်း စင်စစ်တွင် ပင်ငွေ့ပျံခြင်းဟုခေါ်သော အပင်များကစုပ်ယူကာ လေထဲပြန် ထုတ်၍ဆုံးရှုံးသော ရေပမာဏသည် အပင်မရှိသောအခါဆုံးရှုံးသောရေပမာဏထက် များကြောင်း လေ့လာချက်တစ်ရပ်က ဆိုသည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ပြုလုပ်ခဲ့သောလေ့လာချက်၌ တစ်ဧကကျယ်သည့် ရေကန်တစ်ကန်တွင် ပုံမှန်တစ်ရက်လျှင်ရေငွေ့ပျံဆုံးရှုံးမှု ဂါလန် ၉၀၀၀ ရှိရာမှ ယင်းကန်ကို ဗေဒါများဖြင့် ဖုံးလိုက်သောအခါ တစ်ရက်ရေဂါလန် ၂၁၀၀၀ မျှအထိ ဆုံးရှုံးသည်ဟု သိရသည်။
ကန်မျက်နှာပြင်အကျယ်အဝန်း
ရေငွေ့ပျံခြင်းအနည်းအများသည် ကန်မျက်နှာပြင်အကျယ်အဝန်းနှင့်လည်း ဆိုင်သည်။ မျက်နှာပြင်ကျယ်လျှင် ရေငွေ့ပိုပျံသည်။ မျက်နှာပြင်မှသာ ရေငွေ့ပျံသည်။ အနက်ပိုင်းမှရေများ အငွေ့မပျံနိုင်။ ထို့ကြောင့် လျော့နည်း ခန်းခြောက်သွားသည့်ကန်များ၏ ဘူမိသွင်ပြင် အနေအထား၊ ငွေကြေးတတ်နိုင်မှုတို့ပေါ် မူတည်၍ ဖြစ်နိုင်သမျှနက်အောင်တူးချထားနိုင်လျှင် ရေပို၍ကျန်လိမ့်မည်။ ထို့အတူ ကန်သစ်တူးလျှင် ဖြစ်နိုင်သမျှနက်အောင်တူးပြီး မျက်နှာပြင်ဧရိယာကို လျှော့ထားလျှင် ရေငွေ့ပျံ ဆုံးရှုံးမှု သက်သာသည်။
အရိပ်ရဘောလုံး

ရေငွေ့ပျံ၍ ကန်ရေဆုံးရှုံးမှုကို ကာကွယ်ရေး ကြိုးပမ်းချက်များအနက် အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မြို့တွင် ပလတ်စတစ်ဘောလုံးများဖြင့် ဖြန့်ကြက်ဖုံးအုပ်ထားကာ အငွေ့ပျံမှုကိုလျော့နည်းစေသည့် သောက်သုံးရေကန် တစ်ခုရှိသည်။ “အရိပ်ရဘောလုံး”ဟုခေါ်သည့် လေးလက်မ အချင်းရှိ ပေါ်လီအက်သလင်း ဘောလုံးများကို အမေရိကန် ဒေါ်လာ ၃၅ သန်းမျှ အကုန်အကျခံ၍ ၂၀၀၈ ခုနှစ်မှစပြီး သောက်ရေကန်ကြီး လေးခုတွင် ဖြန့်ကြက် ဖုံးအုပ်ထားခဲ့သည်။ ယင်းနည်းဖြင့် အငွေ့ပျံမှု ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။ သို့သော် ကန်ကြီးသုံးခုတွင် အရိပ်ရဘောလုံးနှင့် တစ်ဆင့်ခံဆက်နွှယ်သော ရေသန့်စင်ရေးပြဿနာတစ်ခုကြောင့် ရေကန်တစ်ခုတွင်သာ ယင်းဘောလုံးများကို ဆက်လက်အသုံးပြုနေသည်။
ရေပေါ်ဆိုလာပြား

အရိပ်ရဘောလုံးသဘောတရားအတိုင်း ကန်ရေပြင်ပေါ်၌ ဆိုလာပြားများ ထားရှိ တပ်ဆင်ခြင်းဖြင့် ရေငွေ့ပျံမှု လျော့ကျစေခြင်းနှင့် စွမ်းအင်ရရှိခြင်း အကျိုးနှစ်မျိုးကို တစ်ပြိုင်တည်း ရရှိသဖြင့် ယင်းနည်းပညာကို အသုံးပြုမှု တွင်ကျယ်လာလျက် ရှိကြသည်။ ရေကန်ပေါ်တွင် ဆိုလာပြား ထားရှိခြင်းဖြင့် မြေနေရာ သီးခြား မလိုအပ်သည့်အပြင် ဆိုလာပြားများသည် အောက်ခံရေပြင်မှ အအေးဓာတ်ကို ရသဖြင့် မြေပြင်၊ အမိုးတို့ပေါ်ရှိ ဆိုလာပြားများထက် လျှပ်စစ်ဓာတ် ၅၇ ရာခိုင်နှုန်းကျော် ပိုထုတ်ပေးနိုင်သည်ဟု ဆိုသည်။
အင်္ဂလန်နိုင်ငံ ကွင်းအက်လိဇဘက်-၂ ရေလှောင်ကန်ထဲရှိ ဆိုလာပြားအချပ် ၂၃၀၀၀ သည် ကန်အနီးရှိ ရေသန့်စင်စက်ရုံအတွက် လျှပ်စစ်ဓာတ်ထုတ်ပေးနေပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာရှစ်သန်းခန့် ရှိသည်။ လျှပ်စစ်ဓာတ်အား ၁၄ မက်ဂါဝပ် ခန့် ထုတ်ပေးမည့် ဂျပန်နိုင်ငံ ယာမာကူရာဆည်ထဲရှိ ဆိုလာပြားအချပ် ၅၀၀၀၀ ကျော် စီမံချက်သည် ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်။
အရိပ်ရဘောလုံး၊ ဆိုလာပြားများဖြင့် ကန်ရေပြင်ကို ဖုံးအုပ်ထားသကဲ့သို့ ရေကန်ကို ဇာစိမ်းစ၊ ပလတ်စတစ်အစများဖြင့် တစ်ဆက်တစ်စပ်တည်းဖုံးအုပ်ခြင်း၊ ပလတ်စတစ်အပြားငယ်များကို အနည်းငယ်စီခွာ၍ ဖုံးခြင်း၊ စွန့်ပစ်ရေသန့်ဘူးခွံ အကြည်များဖြင့် ဖုံးခြင်းစသည်တို့ဖြင့် အငွေ့ပျံမှုနည်းအောင် ကာကွယ်နိုင်သည်။ ယင်းလုပ်ဆောင်ချက်များ အရာရောက် အကျိုးရှိစေရန် ရေရှည်ထိန်းသိမ်းရေးကို ပုံမှန်လုပ်နေရန် လိုအပ်သည်။ ထိန်းသိမ်းမှု အားနည်းလျှင် မအောင်မြင်နိုင်ပေ။
— အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၇ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။
အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်
အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ
အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ
အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး
အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း
8 thoughts on “အထက်ဆန်သည့်ရေ”