
သောက်ရေကန်များကို လေးထောင့်ပုံ၊ အဝိုင်းပုံစသည်ဖြင့် အမျိုးမျိုး ဆောက်လုပ်ကြသည့်အနက် ထိုင်းနိုင်ငံရှိ ရာဝင်အိုးပုံစံမိုးရေလှောင်ကန်များသည် အောင်မြင်မှုလည်း ထူးခြားစွာ ရရှိသည်။
ထိုင်းအစိုးရသည် မိုးရေအသုံးချရာတွင် အစဉ်အလာရှိပြီးသော ထိုင်းလူမျိုးတို့ကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာနှင့် စနစ်ကျစွာ သုံးကြရန်အစီအမံတစ်ခုကို ၁၉၈၀ ခုနှစ်က စတင်ခဲ့သည်။ ယင်းအစီအမံအရ ထိုင်းအစိုးရက မိုးရေလှောင်ကန် တည်ဆောက်နည်း သင်တန်းများကို ကြီးမှူးဖွင့်လှစ်ပို့ချပြီး တစ်ရွာလျှင် သင်တန်းသားနှစ်ဦးစီ သင်ယူစေကာ ကျန်ရွာသားများကို ဆင့်ပွား သင်တန်းများ ပို့ချခြင်းဖြင့် ကိုယ်တိုင်တည်ဆောက်ထိန်းသိမ်းတတ်စေသည်။
အရွယ်အစား ငယ်သောရေအိုးများသည် မြေအိုးများဖြစ်ကာ အိုးကြီးများ သို့မဟုတ် ကန်များကို “ဖယ်ရို စီးမင်း”ဖြင့် လုပ်သည်။ “သံကူအခွံပါးကွန်ကရစ်”ဟု ခေါ်နိုင်သည့် ယင်းနည်းပညာသည် ဘိလပ်မြေနှင့်သဲကို အချိုးကျရောစပ်ပြီး အားဖြည့်သံဆန်ကာကွက်နှင့်သံချောင်းများကိုငုံ၍ အိုး၊ ကန်စသည်တို့ လုပ်သော နည်းပညာ ဖြစ်သည်။ မိုးရေလှောင်ကန်ထားရှိလိုသည့် အိမ်ထောင်စုများအတွက် ကုန်ကျစရိတ်၏ သုံးပုံနှစ်ပုံခန့်ကို အစိုးရက ထုတ်ပေးသည်။
အစိုးရက ထောက်ပံ့အားပေးသည့်အပြင် အဖွဲ့အစည်းများ၊ တက္ကသိုလ်များက ရွာတိုင်း မြို့တိုင်းတွင် မိုးရေလှောင်ကန်များ သုံးကြရန် လှုံ့ဆော်ကြသည်။ တတ်နိုင်သူတို့က အလှူငွေများ ထည့်ဝင်ကြသည်။ တစ်ဦးချင်း မိသားစုအလိုက် ရပ်ရွာအလိုက် စိတ်အားတက်<ကစွာ ပါဝင်ကြသဖြင့် ကိုယ်တိုင်လုပ် မိုးရေလှောင်ကန်များအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များကပါ ရေကန်များကို ထုတ်လုပ်ရောင်းချသည်။ အသုံးများကာ အရောင်းတွင်သဖြင့် အရေအတွက် အမြောက်အမြားထုတ်နိုင်၍ ဈေးနှုန်းသင့်တင့်စွာ ရောင်းချနိုင် ခြင်းက ရေကန်ကိုပို၍သုံးကြရန် တွန်းအားတစ်ခု ဖြစ်သွားသည်။ အစိုးရက ထပ်ဆင့် အားပေးသည့်အနေဖြင့် အိမ်ထောင်စုအားလုံး မိုးရေလှောင်ကန် တည်ဆောက် အသုံးပြု သော ပြည်နယ်များကို “ရွှေရေကန်ဆု” ချီးမြှင့်သည်။
ထိုင်းနိုင်ငံ မိုးရေလှောင်ကန်အသုံးချရေး အစီအစဉ်သည် ကမ္ဘာပေါ်တွင် မိုးရေလှောင်ကန် အများဆုံး သုံးသောနိုင်ငံအဖြစ် အသိအမှတ်ပြုခံရသည်အထိ အောင်မြင်မှု ရခဲ့သည်။ ၁၉၈၂ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်အတွင်း မိုးရေလှောင်ကန်လုံးရေရှစ်သန်း တည်ဆောက်ခဲ့ရာ ၁၉၈၆ ခုနှစ်တစ်နှစ်တည်းတွင်ပင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ် များတွင် ရေကန်လုံးရေနှစ်သန်းနီးပါးထုတ်လုပ်ရောင်းချခဲ့ရသည်။ နောက်ပိုင်းတွင် ဂါလန် ၂၀၀ မှ ဂါလန် ၄၀၀ အထိဆန့်သော ကန်ပေါင်း ဆယ်သန်းခန့်ရှိလာသည်။ အသုံး အများဆုံးမှာ ဘတ်ငွေ ၇၅၀ ကုန်ကျသည့် ဂါလန် ၄၀၀ ဆန့်ကန်များ ဖြစ်သည်။
၂၀၁၂ ခုနှစ် လေ့လာချက်အရ ထိုင်းကျေးလက်လူထု၏ ၄၀ ရာခိုင်နှုန်းသည် သောက်ရေ အတွက် မိုးရေလှောင်ကန်များကို အသုံးပြုနေကြဆဲ ဖြစ်ကြောင်း သိရသည်။ သို့သော် နောက်ပိုင်းတွင် မိုးရေလှောင်ကန်သုံးစွဲမှု တဖြည်းဖြည်းလျော့နည်းလာနေသည်။