ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုကို လျှော့ချခြင်း

ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုလျှော့ချခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တစ်ခုရှိ သောက်သုံးရေကန်၌ စမ်းသပ်ခဲ့သည်။ စေတနာရှင်တစ်ဦးက ဦးစီး လုပ်ဆောင်ခဲ့သည့် အဆိုပါစမ်းသပ်ချက်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဇာစိမ်းစများဖြင့် ကန်ရေပြင်ကို အုပ်မိုးပေးထားသည်။ ဇာစိမ်းစကိုသုံးရခြင်းမှာ နေရောင်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ကာ အပူချိန်နည်းစေသည့်အပြင် ကန်ပေါ်ရွာကျလာမည့်မိုးရေများကိုလည်း အဟန့်အတား မဖြစ်သောကြောင့် ဖြစ်သည်။

ဇာစိမ်းစများကို ပင့်ထားနိုင်ရန် ပလတ်စတစ်ပုံး၊ ဝါးလုံးစသည်တို့ဖြင့် အောက်ခံ “ဖောင်”သဖွယ် ဦးစွာ ဖွဲ့စည်းတည်ဆောက်သည်။ လေးဂါလန် ပလတ်စတစ်ပုံးများကို ကန်ရေပြင်၏ အလျားလိုက်ရောအနံလိုက်ပါ ခြောက်ပေစီခန့်ခွာ၍ မျှောထားကာ ဝါးလုံး၊ ပလတ်စတစ်ပိုက်စသည်တို့ဖြင့် ချည်နှောင်လိုက်လျှင် “ဖောင်” အောက်ခံကိုရသည်။ ယင်းအပေါ်တွင် ဇာစိမ်းစဖြင့်ဖုံးသည်။ ဇာစိမ်းစသည် လေကြောင့် လွင့်နိုင်သဖြင့် ဝါးကပ်ကျဲကျဲဖြင့် ထပ်အုပ်သည်။

အဆိုပါကန်သည် အလျား ၁၈၅ ပေ၊ အနံ ပေ ၁၄၀၊ ပျမ်းမျှအနက် ၁၅ ပေ ရှိသည်။ ဇာစိမ်းစဖောင်အတွက် ဇာစိမ်းစ၊ ဝါးအမျိုးမျိုး၊ ပလတ်စတစ်ပုံး၊ သွပ်ကြိုးနှင့် အိမ်ရိုက်သံစသည်တို့အတွက် ပစ္စည်းဖိုး သိန်းသုံးဆယ်ခန့်၊ သယ်ယူပို့ဆောင်စရိတ်နှင့် လုပ်အားခဆယ်သိန်းခန့် ကုန်ကျရာ ပစ္စည်းနှင့် လက်ခ နှစ်မျိုးပေါင်းသိန်းလေးဆယ်ခန့် ဖြစ်သည်။ ယင်းပမာဏသည် ကနဦးတည်ဆောက်စရိတ်သာ ဖြစ်ပြီး နှစ်စဉ်ကုန်ကျမည် မဟုတ်ချေ။ သုံးစွဲသော ပစ္စည်းများအနက် ပလတ်စတစ်ပုံးများသည် ဆယ်နှစ်မျှသုံးနိုင်သည်။ တာပေါ်လင်၊ ဇာစိမ်းစတို့သည် ငါးနှစ်ခန့်ခံကာ ဝါးများကို သုံးနှစ်တစ်ခါ လဲရမည်။ ဝါးအစား ပလတ်စတစ်ပိုက်အမာများကိုသုံးပါက ကနဦးစရိတ်များသော်လည်း ထိန်းသိမ်းစရိတ် သိသာစွာ ကျဆင်းမည်။ ထို့ကြောင့် နောက်နှစ်များတွင် ထိန်းသိမ်းပြုပြင်စရိတ် တစ်နှစ်လျှင် သိန်းနှစ်ဆယ်ခန့်သာ ရှိနိုင်သည်။

ထိုသို့မလုပ်ဆောင်မီက အဆိုပါကန်သည် နှစ်တိုင်း ဖေဖော်ဝါရီလအရောက်တွင် ရေခန်းလေ့ရှိသည်။ ၂၀၁၄ ခုနှစ်မိုးတွင်း၌ ဇာစိမ်းစဖောင်ဖြင့် အုပ်ပြီးသောအခါတွင်မူ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအရောက်တွင် ရေငါးပေခန့်ကျန်နေပြီး ဧပြီလတွင် ရေနှစ်ပေခန့် ကျန်နေသေးသည်။ ရေငွေ့ပျံမှုကိုလျော့နည်းအောင် လုပ်နိုင်သဖြင့် ခါတိုင်းနှစ်များထက် ရေငါးပေ ပိုသုံးရသည့်သဘော ဖြစ်သည်။

ရပ်ကွက်သူရပ်ကွက်သားတို့အတွက် နွေအခါကြုံနေကျ ရေရှားပါးမှုမှ သက်သာရာရသည်။ ကန်ကို သေတ္တာပုံ လေးထောင့်ကျကျ တူးထားသည်ဟုယူဆပါက ယခင်နှစ်များထက်ပို၍သုံးနိုင်လာသည့် ကန်ရေအနက် ငါးပေသည် ထုထည်အားဖြင့် ၁၃၀၀၀၀ ကုဗပေ(သို့မဟုတ်)ဂါလန် ၈၀၀၀၀၀ ခန့် ရှိသည်။

ကန်ရေလုံးဝခန်းသွား၍ ရေဂါလန် ၈၀၀၀၀၀ ရဖို့အရေး အခြားတစ်နေရာမှ ဂါလန် ၁၆၀၀ ဆန့် ရေဘောက်ဆာဖြင့်သယ်လျှင် ဘောက်ဆာအခေါက် ၅၀၀ သယ်ရမည်။ ဘောက်ဆာတစ်ခေါက် ကုန်ကျစရိတ်ကျပ် ၁၅၀၀၀ ဖြင့်တွက်လျှင်ပင် ကျပ် ၇၅ သိန်း ကုန်ကျဖို့ရှိသည်။ ဇာစိမ်းစဖောင် နှစ်စဉ် ထိန်းသိမ်းစရိတ်သည် ရေဘောက်ဆာဖြင့် သယ်ယူစရိတ်၏ သုံးပုံတစ်ပုံပင် မရှိချေ။

ဒေသခံတို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ ယင်းရေကန်သည် နောက်နှစ်များတွင်လည်း ရေကို ပိုထိန်းနိုင်ကာ ရပ်ကျိုးရွာကျိုးဆောင်မည်ဟု ယူဆနိုင်သည်။

မအောင်မြင်

သို့သော် လက်တွေ့တွင် ယင်းသို့ဖြစ်မလာချေ။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ယင်းရေကန်သို့ တစ်ခေါက်ထပ်သွားကြည့်သောအခါ အံအားသင့်ဖွယ်မြင်ကွင်းကို တွေ့ရသည်။ နွေအခါ ရေဂါလန် ၈၀၀၀၀၀ ခန့် ပို၍ထိန်းသိမ်းပေးခဲ့သည့် ဇာစိမ်းစဖောင်ကြီး ပျောက်ကွယ်သွားသည်။ ကန်ရေသည် ဖောင်မရှိမီ နှစ်များကဲ့သို့ နိမ့်ကျလျော့နည်းနေသည်။ ဇာစိမ်းစများကို ကန်ပေါင်တစ်နေရာတွင် ပုံထားသည်ကို တွေ့ရသည်။

ဖြစ်ပုံကို စုံစမ်းမေးမြန်းကြည့်သောအခါ ဖောင်အောက်ခံပလတ်စတစ်ပုံးများကို မသမာသူတို့က ဖြုတ်ယူသွားရာမှ စ သည်။ တစ်ပုံးစ နှစ်ပုံးစယူကြရာမှ တားမည့်သူမရှိ၍ ပုံးအားလုံးကုန်သွားသည်။ ထိရောက်စွာမတားနိုင်၊ အစားပြန်ဝယ်ထည့်ပြီး အခြေမပျက်အောင် ပြန်လုပ်မည့်သူလည်းမရှိ။

ကန်ရေကဲ့သို့မကောင်းသော်လည်း သုံး၍ဖြစ်သည့်ရေကို စည်ပင်က အချိန်နှင့် ပေးနေသဖြင့် ရသည့်ရေနှင့် တင်းတိမ်ကာ ကန်ထဲက ဇာစိမ်းစဖောင်ကို ထိန်းသိမ်းရန် စိတ်မဝင်စားကြ။ စိတ်ဝင်စားသည့်တိုင်အောင် ဝင်ငွေနည်းသူအများစု ဖြစ်၍ ထိန်းသိမ်းစရိတ်ထည့်ဝင်ရန်မတတ်နိုင်။

ဧပြီ မေလရောက်၍ သောက်ရေအခက်အခဲ ကြီးမားလာသည့်အခါ ရန်ကုန်အပါအဝင်အခြားဒေသမှ အလှူရှင်များက ရေကားကြီးများဖြင့် ရေလာလှူကြမည်ကို သိထားသဖြင့် ရေပြတ်၍ ဒုက္ခရောက်မည်ကို မစိုးရိမ်ကြ။

ကောက်ချက်ချရလျှင် မှန်ကန်သော၊ ကုန်ကျစရိတ်မများလွန်းသော နည်းပညာကို သုံး၍ စေတနာဖြင့် လာရောက်တပ်ဆင်ပေးသောကြောင့် နွေအခါ ရေမပြတ်သောအကျိုးကို လက်တွေ့ရပါလျက် ဒေသခံအချို့၏ ကိုယ်ကျိုးသက်သက်ကိုသာ ကြည့်ကြခြင်း၊ ရေရှည် တည်တံ့အောင်ထိန်းသိမ်းရန် ဝင်ငွေနှင့်အသိနည်းခြင်း စသည်တို့ကြောင့် ရပ်ရွာ အကျိုးပြု လုပ်ဆောင်ချက်တစ်ခု အရာမထင်ဖြစ်ရသည်။

အခြားအကြောင်းမှာ ဖြစ်သင့်သောအစီအစဉ်တစ်ခုဖြစ်လာခဲ့၊ ယင်း၏အကျိုးကို ခံစားရခဲ့သော်လည်း ကိုယ့်ရပ် ကိုယ့်ရွာ အတွက် ဆက်လက်၍ ကိုယ်တိုင်အားထုတ်လိုစိတ် မရှိဘဲ ပေါ်လာမည့် အလှူရှင်ကိုသာ အားကိုးလိုသည့် ဆိုးရွားသောစိတ်ဓာတ်ပိုင်ရှင်အချို့ရှိနေခြင်း ဖြစ်သည်။

ဖော်ပြခဲ့သည့်အစီအစဉ်မျိုးကို နိုင်ငံတော်၏ဘတ်ဂျက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးစသည့် ကျေးရွာအချို့တွင် ရေကန်များ ရေအခန်းသက်သာစေရန် လုပ်ဆောင်ခဲ့သည်။ လုပ်ငန်းပြီးစီးသည့်နောက် ဆိုင်ရာ ကျေးရွာများက ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း ရှိမရှိကိုမသိရသေးချေ။

ဆောင်ရွက်ပြီးစီးသည်များကို လေ့လာကာ အောင်မြင်နေလျှင် မည်သည့်အတွက်ကြောင့် အောင်မြင်သည်၊ မအောင်မြင်လည်း မည်သည့်ချို့ယွင်းချက် ရှိသည်တို့ကို လေ့လာ၍ ရှေ့ဆက်မည့်လုပ်ငန်းများတွင် သင်ခန်းစာယူအသုံးချနိုင်မှသာ ငွေကုန်ရကျိုးနပ်မည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s