
ကမ္ဘာ့မြေပုံကိုကြည့်လျှင်အာရှတိုက်၏အရှေ့မြောက်ထောင့်နှင့် မြောက်အမေရိကတိုက်၏အနောက်မြောက်ထောင့်တို့ကြားတွင် ဘယ်ရင် ရေ လက်ကြားက ခြားထားသည်ကိုတွေ့ရမည်။ ထို့ကြောင့် ယင်းတိုက် နှစ်တိုက်ကြား အဆိုပါနေရာမှကူးသန်းလိုလျှင် သင်္ဘောဖြင့်ကူးရ သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ဝ၀ ခန့်အချိန်အထိမူ ထိုသို့မဟုတ် ချေ။ ဘယ်ရင်ရေလက်ကြားတွင် ရေခန်းနေသဖြင့် အာရှနှင့်အမေရိက တို့ကြား ကုန်းကြောင်းဖြင့်သွားလာနိုင်ခဲ့သည်။ ထိုစဉ်က ကမ္ဘာပေါ် တွင် အအေးလွန်ကဲခဲ့သောကြောင့် ရေအတော်များများသည် ကုန်း မြေများပေါ်ရှိ ရေခဲပြင်များထဲတွင်ရောက်ရှိခဲမာနေခဲ့ကာ သမုဒ္ဒရာထဲသို့ မစီးဝင်နိုင်ကြသဖြင့် သမုဒ္ဒရာရေပြင်သည် ယခုထက်ပေ ၃၀ဝ ကျော် မျှ နိမ့်နေခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၁၂၅၀ဝ၀ ခန့်ကမူ အထက်ပါအခြေ အနေနှင့် ပြောင်းပြန်ဖြစ်သည်။ ယင်းအချိန်က ကမ္ဘာတွင် အပူလွန်ကဲ ခဲ့သဖြင့် ရေခဲပြင်များအရည်ပျော်ကာ သမုဒ္ဒရာထဲစီးဝင်ခြင်းကြောင့် သမုဒ္ဒရာရေပြင်သည် ယခုထက်ပေ ၂၀ မျှ ပိုမြင့်နေခဲ့သည်။ ကမ္ဘာ့ သမိုင်းတွင် ယင်းဖြစ်စဉ်များကဲ့သို့ အအေးလွန်သောအခါ ပင်လယ် သမုဒ္ဒရာရေ နည်းသွားလိုက်၊ ပူလွန်းသောအခါ ရေပြင်မြင့်လာလိုက် စသည်ဖြင့် အကြိမ်များစွာဖြစ်ပွားခဲ့ဖူးသည်။
ရာသီဥတုအခြေအနေကိုလိုက်၍ ရေများသည် အရည် အသွင်ဖြင့်တစ်နည်း၊ အငွေ့အသွင်ဖြင့်တစ်သွယ်၊ အခဲပုံစံဖြင့် တစ်မျိုး ကုန်းပေါ်၊ လေထုထဲနှင့် ပင်လယ်များထဲတွင် တစ်နေရာမှတစ်နေရာ သို့ ကူးပြောင်းသံသရာလည်နေခဲ့ကာ စုစုပေါင်းရေထုပမာဏသည် တစ်သမတ်တည်း မပြောင်းမလဲရှိနေသော်လည်း လူတို့သောက်သုံး နိုင်သည့် အရည်အသွင်ဖြင့်တည်ရှိမှုသည် နည်းလိုက်များလိုက်ဖြစ် နေခဲ့ကြောင်း အထက်ပါဖြစ်စဉ်များကညွှန်းဆိုသည်။
ရေငွေ့
ကမ္ဘာ့လေထု မြေထု ရေထုတွင်း၌ စုန်ချည်ဆန်ချည်ကူးလူးကာ သံသရာလည်နေသည့် ၃၃၂ . ၅ သန်း ကုဗမိုင် မျှသော ရေထုကိုမောင်းနှင်နေသောစွမ်းအင်ဇာစ်မြစ်မှာ နေဖြစ်သည်။ မီးဖို၏မီးသည် ရေကို နွေးစေ ဆူစေသကဲ့သို့ နေရောင်ခြည်သည် ပင်လယ် မြစ်ချောင်း အင်းအိုင်များမှ ရေအချို့ကို အငွေ့ပျံစေ၍ လေထုတွင်းသို့ရောက်ရှိစေသည်။ ဤနည်းဖြင့်လေထုတွင်းရောက်နေသော ရေငွေ့များ၏ပမာဏမှာ ၃၀၉၅ ကုဗမိုင်မျှရှိသည်။ မြစ်ချောင်း အင်းအိုင်တို့မှ ရေများ ပင်လယ်သမုဒ္ဒရာများထဲသို့ အဆက်မပြတ် စီးဝင်နေ သော်လည်း ပင်လယ်ရေပြင်မြင့်တက်မလာခြင်းမှာ အငွေ့ပျံမှုပမာဏများပြားသောကြောင့် ဖြစ်သည်။
အငွေ့ပျံမှုသည် အပူချိန်မြင့်မားသောနေရာများတွင် ပိုများသည်။ အငွေ့ပျံမှုအများဆုံးသည် သမုဒ္ဒရာများပေါ် နှင့်အီကွေတာတစ်လျှောက်တို့တွင် ဖြစ်ပေါ်သည်။ လေငြိမ်သောအခါ ရေငွေ့ပျံမှုနည်းပြီး လေတိုက်သောအခါ ပို၍ အငွေ့ပျံသည်။ ပင်လယ်ရေပြင်မှ အငွေ့ပျံခြင်းသည် လူတို့၏နေထိုင်စားသောက်မှုကို တိုက်ရိုက် သက်ရောက်ခြင်းမရှိသော်လည်း ဆည်များ၊ ကုန်းတွင်းရေအိုင်များ၊ မြစ်များမှ အငွေ့ပျံခြင်းသည်မူ သောက်ရေစိုက်ပျိုးရေရရှိမှုတို့အပေါ်များစွာထိခိုက်သည်။ အချို့ဆည်များမှရေအငွေ့ပျံမှုဆုံးရှုံးမှုသည် ခြောက်သွေ့သောနှစ်များတွင် ဆည်တွင်းဝင်သောရေပမာဏ၏ ၅၀ ရာခိုင်နှုန်းခန့်အထိရှိနေသည်။
လေထုတွင်းရှိရေငွေ့များအနက် ၉၀ ရာခိုင်နှုန်းသည် ရေပြင်မှ အငွေ့ပျံလာသောရေများဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ သစ်ပင်များက ရှူထုတ်လိုက်သောရေငွေ့များ ဖြစ်သည်။ သစ်ပင်များသည် အမြစ်များက စုပ်ယူသောရေတွင်ပါလာသည့် အာဟာရဓာတ်များကို အသုံးချပြီးနောက် အရွက်များ၏အောက်ဘက်ရှိ အပေါက်ငယ်များမှတစ်ဆင့် ရေငွေ့များအဖြစ်လေထုတွင်းသို့ပြန်လည်စွန့်ထုတ်ကြသည်။ သာမန်စဉ်းစားလျှင် အပင်များကရှူထုတ်လိုက်သောရေငွေ့ပမာဏမှာ မများလှဟု ထင်ရန်ရှိသော်လည်း စတုရန်းပေ ၃၅၀၀၀ ကျယ်သော ပြောင်းခင်းတစ်ခုမှ တစ်နေ့လျှင်ဂါလန် ၄၀၀၀ ခန့်မျှ လေထဲရောက်သည်ကို ကြည့်ခြင်းဖြင့် အပင်မှထွက်သောရေငွေ့များ၏ ထုထည် ကြီးမားပုံကို သိရှိနိုင်သည်။
ထို့ပြင် ရေခဲပြင်မှရေခဲများသည်လည်း အငွေ့အဖြစ်သို့ တိုက်ရိုက်ကူးပြောင်းကာ လေထဲရောက်နိုင်သည်။ မီးတောင်ပေါက်မှုများကလည်း လေထဲသို့ ရေငွေ့များကိုဆောင်ကြဉ်းပေးသည်။
မုန်တိုင်းများကို မွေးဖွားပေး
နေရောင်ခြည်၏အပူကြောင့် ရေဘဝမှရေငွေ့အဖြစ်သို့ ပြောင်းရာတွင် နေရောင်၏အပူသည် ရေငွေ့များထဲသို့ ကူးပြောင်းရောက်ရှိခိုအောင်းရာ ယင်းအပူများကို အောင်းပူဟုခေါ်သည်။ အပူသည် စွမ်းအင်တစ်မျိုးပင် ဖြစ်၍ ရေငွေ့များရှိ အောင်းပူများသည် လေထုကို ရွေ့လျားတိုက်ခတ်စေသည်၊ မိမိပါဝင်ရာ ရေငွေ့ မော်လီကျူး များကို တစ်ခုနှင့်တစ်ခုထိခိုက်ပေါင်းစည်းမိစေသည်။ လေပြင်းနှင့်မုန်တိုင်းများဖြစ်ပေါ်စေသည်။
လေထုတွင်းရောက်လာသောရေငွေ့များကို တိုက်ခတ်နေသောလေများက အပေါ်ပိုင်းသို့ သယ်ဆောင်ကြသည်။ လေထုအပေါ်ပိုင်းသို့ရောက်သောအခါအေး၍ ရေစက်ကလေးများ ဖြစ်လာသည်။ ရေစက်ငယ်များသည် လေထုထဲရှိသေးငယ်သောဖုန်မှုန့်များနှင့် ပေါင်းစည်းမိကြသောအခါ အရွယ်အစား ကြီးထွားလာကာ တိမ်တိုက်များ ဖြစ်လာသည်။ တစ်နည်းဆိုရလျှင် တိမ်တိုက်များသည် မျက်စိဖြင့်မြင်ရ သော လေထုထဲမှရေငွေ့များ ရေမှုန်များ ဖြစ်ကြသည်။
တိမ်တိုက်အတွင်း ရေစက်ငယ်များ အချင်းချင်းပေါင်းစည်းမိကြ၍တဖြည်းဖြည်းလေးလံလာသောအခါ ဆီးနှင်း သို့မဟုတ် မိုးပေါက်များအဖြစ် ရွာကျသည်။ ရေမော်လီကျူးတစ်လုံးသည် သမုဒ္ဒရာများထဲမှ စတင်အငွေ့ပျံတက်ချိန်မှ မျက်နှာပြင်ပေါ်ပြန်ရွာကျသည်အထိ ပျမ်းမျှ ၁၀ ရက်ခန့်ကြာသည်။
လေထုထဲရောက်ရေငွေ့များသည် ပင်လယ်ရေငန်များကို သဘာဝတရားက နေရောင်ခြည်၏ အပူဓာတ်ကိုသုံး၍ ချက်လုပ်ပေး လိုက်သောရေချိုများပင်ဖြစ်သည်။ အကယ်၍ ယင်းရေငွေ့များအားလုံး မြေပြင်ပေါ် ပြန်ကျလာပါက ကမ္ဘာ့မြေပြင်တစ်ခုလုံးပေါ်တွင် တစ်လက်မထုမျှ ဖုံးအုပ်နေလိမ့်မည်။
မျက်နှာပြင်ပေါ်ပြန်ကျ
မျက်နှာပြင်ပေါ်ပြန်ကျလာကာ သမုဒ္ဒရာထဲသို့စုစည်းရောက်ရှိပြီး ရေငန်ဖြစ်သွားသောပမာဏသည် ကုဗမိုင် ၃၂၁ သန်းမျှရှိသည်။ ကမ္ဘာပေါ်ရှိရေစုစုပေါင်း၏ ၉၆ . ၅၃ ရာခိုင်နှုန်းဖြစ်သည်။ လူတို့ အဆင်သင့် သောက်နိုင်သောရေချိုများမဟုတ်ကြပေ။ ကျန် ၃ . ၄၇ ရာခိုင်နှုန်းသောရေများအားလုံးသည်လည်း ရေချိုများမဟုတ်ကြသေးပေ။ ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ ကန်ရေ အင်းရေ အိုင်ရေများ၏ ထက်ဝက်ခန့်သည် ရေငန်များ ဖြစ်ကြသည်။ ထို့အတူ မြေလွှာများထဲတွင် ခိုအောင်းရောက်ရှိစီးဆင်းနေကြသော မြေအောက်ရေများ၏ ထက်ဝက်ကျော်သည်လည်း ရေငန်များသာ ဖြစ်သည်။
အထက်ပါရေငန်များနှင့်လေထုထဲတွင်ရောက်နေသော ရေငွေ့များကိုဖယ်၍ မြေပေါ်မြေအောက်ရေချိုများ၏ ပမာဏကိုခန့်မှန်းတွက်ချက်လျှင် ကုဗမိုင်ရှစ်သန်းခွဲခန့်ရှိကြောင်းသိရသည်။ အဆိုပါရေချိုအားလုံးကို အပုံပေါင်း တစ်သိန်းပုံကြည့်လျှင် အပုံပေါင်း ၆၈၀၀၀ ကျော်သည် လူတို့ အလွယ်တကူလက်လှမ်းမမီသော တောင်ထိပ်များ၊ ဝင်ရိုးစွန်းအရပ်များ၊ မြောက်ဝင်ရိုးစွန်းအနီး ဂရင်းလန်းကျွန်းတို့ရှိ ရေခဲပြင်နှင့် ရေခဲမြစ်များ ထဲတွင် ရောက်ရှိနေသည်။ အပုံ ၈၆၀ သည် အအေးပိုင်းဒေသမြေပြင်ပေါ်ရှိရေခဲများဖြစ်ကြ၍ လူတို့က သောက်သုံးရေအဖြစ် အလွယ်တကူရယူခြင်းမပြုနိုင်သကဲ့သို့ အပုံ ၈၀ မျှသော ရွှံ့ညွန်နှင့် မြေဆီလွှာများထဲရှိ ရေကိုလည်း လူတို့အသုံးမချနိုင်ချေ။ လူတို့ထုတ်ယူရန်ကြိုးစားနိုင်သည်မှာ ရေချိုအပုံ တစ်သိန်းတွင် အပုံ ၃၀၀၀၀ မျှသောမြေအောက်ရေချိုများ၊ အပုံ ၂၆၀ ရှိသော ကန်ရေချိုများနှင့် ၆ ပုံမျှသာ ရှိသော မြစ်ရေတို့သာ ဖြစ်ကြသည်။
ရေသံသရာဗီဒီယိုသရုပ်ဖော် ရှုစားရန်
ပမာဏအားဖြင့်ပြောလျှင် မြေအောက်ရေချိုများသည် ကုဗမိုင် ၂၅၂၆၀၀၀ မျှ ရှိပြီး ကန်ရေချိုများသည် ၂၁၈၃၀ ကုဗမိုင်နှင့်မြစ် ရေထုထည်သည် ၅၀၉ ကုဗမိုင်ရှိသည်။
ကမ္ဘာပေါ်ရှိရေများပျံ့နှံ့တည်ရှိပုံ
တည်နေရာ | ထုထည်(ကုဗမိုင်) | ရေချိုထု၏ရာခိုင်နှုန်း | ရေအားလုံး၏ရာခိုင်နှုန်း |
ပင်လယ် သမုဒ္ဒရာ | ၃၂၁၀၀၀၀၀၀ | – | ၉၆ . ၅၃ |
တောင်ထိပ်ရေခဲ၊ ရေခဲမြစ်နှင့်အမြဲဆီးနှင်းခဲ | ၅၇၇၃၀၀၀ | ၆၈ . ၆ | ၁ . ၇၄ |
မြေအောက်ရေ(ရေချို) | ၂၅၂၆၀၀၀ | ၃၀ . ၁ | ၀ . ၇၆ |
မြေအောက်ရေ(ရေငန်) | ၃၀၈၈၀၀၀ | – | ၀ . ၉၃ |
မြေပြင်ရေခဲ၊ စဉ်ခဲဒေသ | ၇၁၉၇၀ | ၀ . ၈၆ | ၀ . ၀၂၂ |
ရေကန်(ရေချို) | ၂၁၈၃၀ | ၀ . ၂၆ | ၀ . ၀၀၇ |
ရေကန်(ရေငန်) | ၂၀၄၉၀ | – | ၀ . ၀၀၇ |
မြေဆီလွှာရေငွေ့ | ၃၉၅၉ | ၀ . ၀၅ | ၀ . ၀၀၁၂ |
လေထုတွင်းရေငွေ့ | ၃၀၉၅ | ၀ . ၀၄ | ၀ . ၀၀၀၉ |
ရွှံ့ညွန်ရေ | ၂၇၅၂ | ၀ . ၀၃ | ၀ . ၀၀၀၈ |
မြစ်ရေ | ၅၀၉ | ၀ . ၀၀၆ | ၀ . ၀၀၀၂ |
ဇီဝရေ(သက်ရှိများနှင့်အပင်များထဲရှိရေ) | ၂၆၉ | ၀ . ၀၀၃ | ၀ . ၀၀၀၁ |
စုစုပေါင်း ရေထုထည် | ၃၃၂၅၀၀၀၀၀ |
မြေအောက်ရေ
ကမ္ဘာ့မျက်နှာပြင်အောက်မည်သည့်နေရာတွင်ဖြစ်စေ အတိမ် အနက်အနည်းအများသာ ကွာမည်၊ မြေအောက်ရေများ ရှိနေသည်သာ ဖြစ်သည်။ ကန်ရေ၊ မြစ်ရေတို့သည် နိမ့်သောအရပ်သို့စီးထွက်သွားခြင်း၊ အငွေ့ပျံခြင်းစသည်တို့များပြီး အဝင်နည်းလျှင် ထုထည်လျော့သွားနိုင်သော်လည်း မြေအောက်သို့ရောက်သော ရေသည်မူ အဆိုပါဖြစ်စဉ်များနှင့်ဆက်စပ်မှုအလွန်နည်း၍ သဘာဝအလျောက် လျော့နည်းသွားခြင်းမျိုး မရှိသဖြင့် ရေချိုများထဲတွင် ထုထည်အများဆုံးရေအဖြစ် တည်ရှိသည်။
မြေအောက်ရေဖြစ်ပေါ်လာရန် မိုးရေ၊ ကန်ရေ၊ မြစ်ရေများ မြေကြီးထဲမည်မျှစိမ့်ဝင်နိုင်သနည်းဟူသည့် အချက်ပေါ်တွင်မူတည်သည်။ ပွသောမြေထဲသို့ ရေစိမ့်ဝင်နိုင်မှု များပြီး ကျစ်လျစ်သောမြေထဲသို့ ရေစိမ့်ဝင်နိုင်မှု နည်းသည်။ မြေကြီးထဲစိမ့်ဝင်လာသောရေတို့သည် ပွရောင်းသော မြေသားထဲတွင် စီးဆင်းလာပြီး အောက်တစ်နေရာရာတွင် ကျောက်သား၊ ကျစ်လျစ်သောမြေသားတို့နှင့်တွေ့ပါက အောက် သို့ဆက်မစီးနိုင်တော့ဘဲ အလျားလိုက်စီးဆင်းကြသည်။ ယင်းအလျားလိုက်စီးနေကြသောရေတို့သည် မြေအောက်ရေလွှာများပင် ဖြစ်ကြသည်။ မြေအောက်ရေတို့၏ စီးဆင်းမှုသည် အလွန်နှေးကွေးသည်။ တစ်ရက်တွင်လက်မအနည်းငယ် သို့မဟုတ် တစ်နှစ်တွင် လက်မအနည်းငယ်သာရွေ့လျားသည်။ ရွေ့လျားမှု နှေးသည့်အတွက် ယင်းတို့ကိုထုတ်ယူသုံးစွဲလျှင် အသွင်းနှင့်အထုတ်မျှတရန်လိုသည်။ အကယ်၍ ပြန်လည်ပြည့်တင်းနိုင်သည့်အတိုင်းအတာထက် ကျော်လွန်ထုတ်ယူမိလျှင် မြေအောက်ရေခန်းသည့် ပြဿနာနှင့် ကြုံရနိုင်သည်။
မြေအောက်တွင်စီးနေရာမှ အနိမ့်ပိုင်းရှိ ကန်၊ မြစ်စသည်တို့ထဲဝင်ရောက်ကာ တစ်ဖန် ပင်လယ်ထဲ ရောက်သော မြေအောက်ရေများရှိသကဲ့သို့ အချို့မြေအောက်ရေများသည်မူ မြေလွှာများထဲမှ ပင်လယ် သမုဒ္ဒရာများထဲအထိ တိုက်ရိုက်စီးဆင်းရောက်ရှိကြသည်။ သာမန်အားဖြင့် မြေအောက်ရေများသည် မြေပေါ်ပြန်ရောက်ရန် သို့မဟုတ် ပင်လယ်ထဲရောက်ရန် အနည်းဆုံး ၁၄ ရက်မှ အများဆုံး နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာတတ်သည်။
ကန်ရေမြစ်ရေ
အနက်ပိုင်းမှစုပ်ယူရသောမြေအောက်ရေနှင့်စာလျှင် ကန်ရေ မြစ်ရေတို့ကို လူတို့ပိုမိုလွယ်ကူစွာ ရယူ သုံးစွဲ နိုင်သည်။ သို့သော် ထုထည်ပမာဏချင်းယှဉ်လျှင် ကန်ရေနှင့်မြစ်ရေများသည် မြေအောက်ရေချို၏ အပုံ တစ်ရာပုံတစ်ပုံပင် မပြည့်တတ်သည့်အပြင် ယင်းရေအတော်များများသည် လူနေမြို့ရွာများနှင့်ဝေးသော အရပ်တွင်တည်ရှိကြ၍ သောက်သုံးရေအဖြစ်ရယူရန်အလှမ်းကွာလွန်းလှသည်။ ဥပမာ တောင်အမေရိကတိုက် အယ်မဇုန်မြစ်တွင် ကမ္ဘာ့မြစ်ရေထုထည်စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်စီးဆင်းနေသော်လည်း ယင်းမြစ် ဖြတ်သန်းစီးဆင်းနေသောဒေသတွင်ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၀ . ၄ ရာခိုင်နှုန်းသာနေထိုင်၍ အယ်မဇုန်ရေ အများစုသည် လူတို့အတွက် အကျိုးမဖြစ်လှဘဲပင်လယ်ထဲစီးဝင်ကာရေငန်ဘဝရောက်သွားသည်။ ကမ္ဘာ့မြစ် ချောင်းများထဲရှိ စုစုပေါင်းရေပမာဏ၏ အပုံ ၂၀၀ ပုံလျှင် ၁ ပုံမျှကိုသာ လူတို့ လက်တွေ့ ထုတ်ယူ အသုံးချနိုင်သည်။
ကမ္ဘာတွင် ရေပေါများသယောင်ထင်ရသော်လည်း တကယ်တမ်းရယူသောက်သုံးနိုင်သည့် ရေအရင်းအမြစ် သည် ထင်သလောက်မများလှကြောင်း မရိပ်မိကြသည့်အတွက် တိုးတက်လာသောလူဦးရေ၊ အဆင့်မြင့်လာ သော လူနေမှုစနစ်တို့၏လိုအပ်ချက်ကို ဖြည့်ဆည်းရင်း တစ်ချိန်ထက်တစ်ချိန် တိုးမြှင့်ထုတ်ယူ သုံးစွဲနေကြသည်။
မြေအောက်ရေ
အသုံးများလာသည့်အတွက် မြစ်ချောင်းရေ ကန်ရေစသည့် မြေပေါ်ရေများလျော့နည်းလာနေကြသည်။ သိုလှောင်ရေ လျော့နည်းလာသောကန်အချို့တွင် မိုးပုံမှန်မရသောအခါ သောက်ရေပြတ်လုသည်အထိ အခြေအနေကို ကြုံရသည့် မြို့ရွာများ တိုးပွားလာသည်။ မြေပေါ်ရေများသာမက မြေလွှာများကြားတွင် အများဆုံး နှစ်ပေါင်းထောင်သောင်းချီ၍ ခိုအောင်းနေခဲ့ကြသော မြေအောက်ရေများသည်ပင် လူတို့ အလွန်အကျွံထုတ်ယူမှုကြောင့် ခါတိုင်းထက် ပို၍ လျင်မြန်စွာ မြေပေါ်ပြန်ရောက်လာနေသည်။ ထုတ်ယူသလောက် မိုးရေမြစ်ရေစသည်တို့ မြေအောက်သို့ အလျဉ်မီအောင် မစိမ့်ဝင်နိုင် မဖြည့်တင်းနိုင် သဖြင့် ကမ္ဘာ့နေရာအများအပြားတွင် မြေအောက်ရေကြောများ ခန်းခြောက်လာနေကြသည်။ တစ်ချိန်တည်း၌ ကွန်ကရစ်၊ ကတ္တရာစသည့် ရေပိတ်လွှာများတည်ဆောက်လာခြင်းသည်လည်း မြေအောက်ရေ လျော့နည်းလာခြင်း၏အကြောင်းတစ်ရပ်ဖြစ်သည်။
ရေမော်လီကျူးတစ်လုံး ရေသံသရာအတွင်းလည်ပတ်ရင်း ဆိုင်ရာအဆင့်အလိုက်ပျမ်းမျှတည်ရှိသောကာလ။
ဇီဝရေဟုခေါ်သည့်သက်ရှိသတ္တဝါများနှင့်အပင်များထဲတွင် တစ်ပတ်၊ ရေကန်များထဲတွင် ၁၀ နှစ်စသည်မှ
မြေအောက်နှင့်ရေခဲပြင်များထဲတွင် နှစ်ပေါင်းသောင်းနှင့်ချီ နေခဲ့ပြီးမှ ရေသံသရာ၏နောက်တစ်ဆင့်သို့ ကူးပြောင်းရောက်ရှိသည်။
တည်နေရာ | ပျမ်းမျှကြာချိန် |
ရေခဲမြစ် | ၁၀ နှစ်မှ နှစ် ၁၀၀၀၀ |
မြေဆီလွှာရေငွေ့ | ၂ ပတ်မှ ၁ နှစ် |
မြေအောက်ရေ(အတိမ်ပိုင်း) | နှစ် ၁၀၀ မှ နှစ် ၂၀၀ |
မြေအောက်ရေ(အနက်ပိုင်း) | နှစ် ၁၀၀၀၀ |
ပင်လယ် သမုဒ္ဒရာ | နှစ် ၄၀၀၀ |
ရေကန် | ၁၀ နှစ်မှ နှစ် ၁၀၀ |
လေထု | ၁၀ ရက် |
မြစ်ချောင်း | ၂ ပတ်မှ ၆ လ |
ဇီဝရေ | ၁ ပတ် |
အစွန်းရောက်ရာသီဥတု
လူတို့သောက်သုံးနိုင်သည့်ရေကောင်းရေသန့်ရရှိမှု ခက်ခဲ လာသည့်အခြေအနေကို ရာသီဥတုပြောင်းလဲမှုက ထပ်ဆင့် ဆိုးရွားစေလျက်ရှိသည်။ ရေနံ ကျောက်မီးသွေးစသည့်ရုပ်<ကင်းလောင်စာများကို လွန်ကဲစွာ သုံးစွဲသည့်အတွက် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ပြောင်းလဲကာ အအေးပိုင်းအရပ်များနှင့် တောင်ထိပ် ရေခဲပြင်များ အရည်ပျော်လာနေသည်။ ပုံမှန်အားဖြင့် ရေမော်လီကျူးတစ်လုံးသည် ရေခဲပြင်များထဲတွင် ၁၀ နှစ်မှ အနှစ် ၁၀၀၀၀ အထိ ရှိနေနိုင်ခဲ့သော်လည်း ယခုအခါ ထိုမျှကြာရှည်တည်မနေနိုင်တော့ဘဲ စောစီးစွာ အရည်ပျော် လာနေသည်။ ယခင်က နွေတွင်အရည်ပျော်သွားသော ရေခဲပြင်များသည် ဆောင်းတွင် ပြန်လည်ခဲမာဖြစ်တည်လာခဲ့သော်လည်း ပူနွေးသည့်ပမာဏနှင့်ကာလ များပြားရှည်ကြာလာသဖြင့် ရေခဲပြန်ဖြစ်မှု နည်းပါးလာသည်။ ရေခဲပြင်များ ကျုံ့ဝင်သေးငယ်လာခြင်းကြောင့် အရည်ပျော်ရေခဲရေများ စီးဝင်သည့်မြစ်များတွင် ရေစီးနည်းလာသည်။
ရေခဲပြင်များပို၍အရည်လာပျော်မှုကြောင့် နှစ်ပေါင်းသောင်းနှင့်ချီ၍ တသမတ်တည်းနီးနီးရှိနေခဲ့သော ပင်လယ်ရေပြင် မြင့်တက်လာလျက်ရှိသည်။ တစ်နည်းဆိုရသော် လူတို့၏အဖိုးတန်ရေအရင်းအမြစ် လျော့နည်းလာနေပြီး သောက်၍ မရသည့် ပင်လယ်ရေငန် ပမာဏတိုးပွားလာလျက်ရှိသည်။
နေ၏အပူဓာတ်ကိုအမြဲရနေသည့် အီကွေတာအရပ်ရှိ လေများသည် ပေါ့ပါးကာအပေါ်ပိုင်းသို့ဆန်တက်ကြ၍ အေးလာပြီး လေထဲရှိရေငွေ့များငွေ့ရည်ဖွဲ့ကာ အီကွေတာနှင့်ယင်းဝန်းကျင်အရပ်များတွင်ပင် မိုးအဖြစ် ပြန်ရွာကျသည်။ ရေငွေ့များကိုမိုးအဖြစ်စွန့်ထုတ်ခဲ့၍ ခြောက်သွေ့နေသောလေများသည် ကမ္ဘာ့ မြောက်ခြမ်းတွင် မြောက်ဘက်သို့လည်းကောင်း၊ ကမ္ဘာ့တောင်ခြမ်းတွင် တောင်ဘက်သို့ လည်းကောင်း ဦးတည်ရွေ့လျားရင်း အပူပိုင်းဒေသနှင့် သမပိုင်းဒေသအစပ်များသို့ရောက်သောအခါ မြေပြင်သို့ ပြန်လည်စုန်ဆင်းကြသည်။
ရေငွေ့ပိုလာ
လေထုအပူချိန်တက်လာ၍ ရေအငွေ့ပိုပျံကာ လေထုတွင်းသို့ရေငွေ့ပိုရောက်သည်။ ပူနွေးသောလေထုသည် ရေငွေ့ကိုပိုများများထိန်းထားနိုင်သည်။ အကြမ်းအားဖြင့်တစ်ဒီဂရီစင်တီဂရိတ်ပိုတက်တိုင်း ရေငွေ့ လေးရာခိုင်နှုန်း ပိုများလာသည်။ ရေငွေ့ပိုများ၍ မိုးပိုသည်းထန်သည်။ လေမုန်တိုင်းပိုတိုက်သည်။ မုန်တိုင်းပြင်းအားပိုလာသည်။ စိုစွတ်ဒေသများ အထူးသဖြင့်ကမ္ဘာ့မြောက်ခြမ်းဒေသများတွင်မိုး ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိပိုလာမည်။ မိုးသိသိသာသာပိုလာသော ဒေသများတွင် ရေလွှမ်းမိုးမှု ပိုမိုဆိုးရွားလာခြင်း၊ ရေကန်များထဲသို့ ညစ်ညမ်းရေများစီးဝင်ခြင်းတို့ဖြစ်ပေါ်မည်။
အပူပိုင်းအစပ်ဒေသများတွင် အမြင့်ပိုင်းမှ ခြောက်သွေ့သော လေများပို၍ရောက်ရှိလာသည့်အတွက် မိုးပိုနည်းမည်။ ယင်းဒေသများတွင် မိုးရွာသွန်းမှု ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းမည်ဟု သိရသည်။
ရေသံသရာဖြစ်စဉ်တွင်ပါဝင်သည့် ရေ၊ ရေခဲ၊ ရေငွေ့တို့၏ထုထည်သည် ကုဗမိုင်သိန်းသန်းချီ၍ ပြောရအောင် ပမာဏကြီးမားလှသောကြောင့် ရေသံသရာလည်ပတ်နေမှုကို လူတို့ဝင်ရောက်စွက်ဖက်၍ ပြောင်းလဲစေခြင်းငှာ မရစကောင်းဟုယူဆခဲ့ကြသော်လည်း ယခုအခါ လူတို့၏လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲခြင်းက ရေသံသရာလည်ပတ်မှုကို ထိခိုက်စေလျက်ရှိသည်။
ရေသံသရာ၏အဆင့်များတွင် ပင်လယ်၊ လေထု၊ မြေပြင်၊ မြေအောက်ဟူ၍ အဓိကလေးဆင့်ရှိသည်။ ရာသီဥတုပြောင်းလဲကာ ရေခဲပြင်များအရည်ပျော်၍လည်းကောင်း၊ မိုးပိုသည်းထန်ကာ မြေပေါ် ရေစီးပိုများလာ၍လည်းကောင်း ပင်လယ်ရေထုထည်ပိုလာသည်။ အပူချိန်တက်ကာ ရေငွေ့ပျံမှုပိုသဖြင့် လေထုတွင်းသို့ ရေငွေ့ပိုရောက်သည်။ လူတို့လက်လှမ်းမမီသည့် ပင်လယ်နှင့်လေထုတွင်းသို့ ရေပိုရောက်သွားခြင်းကြောင့် လူများလက်လှမ်းမီထုတ်ယူသုံးစွဲနေသော မြေပေါ်နှင့်မြေအောက်ရေအချိုးလျော့နည်းလာနေသည်။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၈။ အရည်ပျော်တောင်ထိပ်များ
အခန်း ၉။ ပင်လယ်ရေတကယ်ခန်း
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အခန်း ၁၆။ ခြေရာပျောက်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်
အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့
2 thoughts on “ပျက်ယွင်းရေသံသရာ”