
ရေနွေးအိုးတည်သောအခါ ရေအပူချိန်မြင့်လာမှုကြောင့် အငွေ့ပျံပြီး အခန်းထဲတွင် ရေငွေ့များလာသကဲ့သို့ မြင့်တက်လာနေသော ကမ္ဘာ့အပူချိန်သည် ရေထုကို အပူတိုက်သဖြင့် အငွေ့ပျံမှုပိုလာကာ လေထုထဲရှိ ရေငွေ့ပမာဏ တိုးတက် များပြားလာလျက် ရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် သဘာဝရေသံသရာ လည်ပတ်မှု ထိခိုက်ပြောင်းလဲကာ မိုးရွာသွန်းမှုပုံစံကို တစ်နည်းတစ်ဖုံကမောက်ကမ ဖြစ်စေလျက် ရှိသည်။
အချို့နေရာ မိုးပိုရွာ
ယခုအခါ ပူနွေးလာသည့် ကမ္ဘာ့ရာသီဥတုကြောင့် ရေထုတွင်းမှ ရေငွေ့ပျံမှု ပိုလာပြီး ရေသံသရာလည်ပတ်မှု ပိုမြန်ဆန်လာလျက် ရှိသည်။ ဂြိုဟ်တုတိုင်းတာချက်များက သမုဒ္ဒရာရေပြင်အပေါ်ပိုင်း လေထုတွင်း ရေငွေ့ ပါဝင်မှုသည် ၁၉၈၈ ခုနှစ်မှစ၍ ၁၀ နှစ်အတွင်း ၁ ရာခိုင်နှုန်းတက်လာကြောင်း ဖော်ပြသည်။ ကမ္ဘာ့မျက်နှာပြင်၊ ရေထုနှင့် မြေထုမှ အငွေ့ပျံမှု များလျှင် မိုးနှင့်ဆီးနှင်းရွာကျခြင်းလည်း များသည်။ ထို့ကြောင့် ကမ္ဘာ့အပူချိန် မြင့်ခြင်း၊ ရေပြင်အပူချိန် မြင့်ခြင်း၊ လေထုတွင်း ရေငွေ့ပမာဏ များခြင်း၊ မိုးပိုရွာခြင်း၊ ရေကြီးခြင်းတို့သည် တစ်ခုနှင့်တစ်ခု ကွင်းများပမာ ဆက်နွှယ်၍ တစ်ခုမြင့်လျှင် ကျန်အခြင်းအရာတို့ပါ လိုက်မြင့်လျက် ရှိသည်။
ရွာကျသော မိုးကြောင့် ရေကြီး မကြီးဟူသော အချက်မှာ ရွာသွန်းသည့် ပုံစံပေါ်တွင်လည်း မူတည်သည်။ အချိန်တိုအတွင်း ဒလဟောရွာချခြင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ် များစွာမခြားဘဲရွာခြင်း၊ အဆက်မပြတ် ရွာသွန်းခြင်း တို့ကြောင့် ရွာကျလာသောမိုးရေများကို ချောင်းနှင့်မြစ်များက ပင်လယ်၊ အင်းအိုင်တို့ထဲသို့ နိုင်အောင် မသယ်နိုင်တော့လျှင် လျှံထွက်ကာ ရေကြီးမှုများ ဖြစ်ပေါ်သည်။ ဆန်းစစ်ချက်များအရ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရေလွှမ်းမိုးမှုကို ဖန်တီးသည့် မိုးရွာသွန်းမှုပုံစံသည် ကမ္ဘာ့ဒေသအများအပြားတွင် ဖြစ်ပေါ်လျက် ရှိသည်။
သစ်တောပြုန်းတီးမှုသည်လည်း ရေလွှမ်းသောအကြောင်းများထဲတွင် ပါသည်။ သစ်ပင်နှင့်သစ်မြစ် ချုံနွယ်များ မရှိသောအရပ်များတွင် ရေစီးဆင်းမှုမြန်ဆန်၍ ရေလွှမ်းမှုကို ဖြစ်စေသည်။ လူနေမြို့ရွာများ ထူထပ်များပြားလာသောအခါ သဘာဝမြေသားပေါ်တွင် လမ်းဖောက်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း စသည်တို့ကြောင့် မိုးရွာသောအခါ မြေကြီးထဲ စိမ့်ဝင်နိုင်ရန် အခြေအနေ မပေးတော့၍ မြေပေါ်တွင်သာ စီးဆင်းရခြင်းသည်လည်း ရေကြီးစေသော အကြောင်းတစ်ခု ဖြစ်သည်။
ထို့အတူ အောက်ခံမြေသားတွင် ရေဓာတ်ဖြင့်စိုစွတ်နေပါက မိုးရေတို့ မြေကြီးထဲ စိမ့်မဝင်နိုင်တော့၍ ရေကြီးသည်။ ဒီရေတက်ချိန်နှင့် ကြုံလျှင်၊ တာတမံ ဆည်မြောင်းတို့ထဲတွင် မူလသိုမှီးထားသော ရေပမာဏ များလျှင်လည်း ရေကြီးနိုင်သည်။
ရေကြီးမှုကို မကြာခဏကြုံရသူများအဖို့ ကမ္ဘာတွင် ရေပမာဏ ပိုများလာလေသလားဟု အထင်ရောက်အောင် အခြေအနေက ဆိုးလာနေသည်။ စာရင်းဇယားများအရ ကမ္ဘာ့ကုန်းမြေများပေါ်သို့ မိုးနှင့်ဆီးနှင်း ရွာကျမှုသည် လွန်ခဲ့သော နှစ် ၁၀၀ ခန့်ကထက် ပျမ်းမျှ ၁ ရာခိုင်နှုန်း ပိုလာသည်ဟု သိရသည်။ ၁ ရာခိုင်နှုန်းဟူသော ပမာဏသည် မဖြစ်စလောက်ဟု ထင်ရသော်လည်း နေရာနှင့် အချိန်ကို လိုက်၍ ပျမ်းမျှထက် လွန်ကဲသော မိုးရွာမှု ရေကြီးမှုများသည်မူ ကြီးစွာသောပျက်စီး ဆုံးရှုံးမှုများကို ဖန်တီးလျက် ရှိသည်။ အမေရိကန်ပြည်တွင် မိုးသည် ၅ ရာခိုင်နှုန်းခန့် ပို လာခဲ့ပြီး ကမ္ဘာ့မြောက်ခြမ်း၏ မြောက်ဘက် ပိုကျသော ဒေသများတွင် ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းမျှ ပိုရွာလျက် ရှိသည်။ ဥရောပ၊ တောင်အာဖရိက နှင့် သြစတေးလျတို့၏ နေရာအများအပြားတွင် မိုးရွာသွန်းမှု သို့မဟုတ် ဆီးနှင်း အရည်ပျော်မှု အနည်းဆုံး ၁၀ မီလီမီတာ(၀ ဒသမ ၄ လက်မ) ရှိသော နေ့များသည် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တက်လာသည်။
အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနမှ ပညာရှင်တစ်စုက ကမ္ဘာတွင် အကျယ်ပြန့်ဆုံးမြစ်ဝှမ်းဒေသများ၏ ရေလွှမ်းပုံကိုလေ့လာခဲ့ကြရာ မှတ်တမ်းတင်ခဲ့သမျှ အကြီးမားဆုံးရေလွှမ်းမိုးမှု ၂၁ ခုတွင် ၁၆ ခုမှာ ၁၉၅၃ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါ တွေ့ရှိချက်နှင့် နောက်ပိုင်းဖြစ်ပေါ်နေသော သတင်းများအရ ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေကြီးမှုအကြိမ် တဖြည်းဖြည်း များလာနေပြီး အနာဂတ်တွင်လည်း ပိုမိုဆိုးဝါးပြင်းထန်လာမည်ကို ဖော်ပြလျက် ရှိသည်။
ခန့်မှန်းချက်များအရ ဝင်ရိုးစွန်းဒေသများနှင့် ယင်းတို့၏ အနီးဝန်းကျင်များတွင် ဆီးနှင်းကျမှုနှင့် မိုးရွာသွန်းမှု ပိုလာရန် သေချာနေသည်။ လက်ရှိ မိုးများနေနှင့်ပြီးသော ဒေသများတွင်လည်း ထပ်မံ၍ မိုးပိုလာရန် အလားအလာများ ရှိနေသည်။ ပထဝီဝင်မြေပုံကို လေ့လာပါက မိုးများသည့် ဒေသများသည် တောင်လတ္တီတွဒ် ၁၅ ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီကြားတွင် ရှိသည်ကို တွေ့ရမည်။ ယင်းအရပ်များတွင် လေထုသည် နွေးကာ အပေါ်သို့ တက်ရာမှ အပေါ်သို့ ရောက်လျှင် အေးပြီး ရေငွေ့များမှ မိုးအဖြစ်ရွာကျသောကြောင့် ဖြစ်သည်။ ယင်းအရပ်များတွင် မိုးပိုလာမည်။

မြင့်တက်လာနေသော ကမ္ဘာ့အပူချိန်ကြောင့် ကမ္ဘာ့အပူပိုင်းဒေသ၏ အလွန်မြင့်သော ကောင်းကင်ယံရှိ လေထုအပေါ်လွှာများတွင် တိမ်တိုက်ဖြစ်ထွန်းမှု များပြားကာ ပြင်းထန်သော မုန်တိုင်းနှင့် သည်းထန်သော မိုးရွာသွန်းမှုများကို ဖြစ်ပေါ်စေလျက် ရှိသည်ဟု အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ) ဂျက်တွန်းအား ဓာတ်ခွဲခန်း၏ လေ့လာချက်တစ်ရပ်က ဖော်ပြသည်။ ယင်းဌာန၏တွေ့ရှိချက်အရ အမြင့်ပိုင်းတိမ်တိုက်များ ဖြစ်ပေါ်မှုအကြိမ်နှင့် အပူပိုင်းပင်လယ်ရေပြင် ပျမ်းမျှအပူချိန်ပြောင်းလဲမှုတို့ ဆက်စပ်မှု ရှိနေသည်။ ရေပြင်အပူချိန် တစ်ဒီဂရီ စင်တီဂရီတ်တက်တိုင်း အမြင့်ပိုင်းတိမ်တိုက်ဖြစ်ထွန်းမှု ၄၅ ရာခိုင်နှုန်း တိုးတက်လာသည်။ လက်ရှိအခြေအနေတွင် ဆယ်စုနှစ်တစ်ခုလျှင် ၀ ဒသမ ၁၃ ဒီဂရီ စင်တီဂရိတ် တက်နေရာ ယင်းတွေ့ရှိချက်အရဆိုပါက ပြင်းထန်သောမုန်တိုင်း အရေအတွက်သည် ဆယ်စုနှစ်တစ်ခုလျှင် ခြောက်ရာခိုင်နှုန်း တိုးလာရန် ရှိသည်။
အချို့နေရာ မိုးပိုနည်းသွား

ရှုပ်ထွေးလှသော ရာသီဥတု ဖြစ်စဉ်သည် နေရာအများအပြားတွင် မိုးပိုလာရန် ဖန်တီးနေသာ်လည်း အခြားတစ်ဖက်တွင်မူ အပူပိုင်းဒေသနှင့် သမပိုင်းဒေသကြားရှိ နိုင်ငံတို့တွင် မိုးရွာသွန်းမှု လျော့နည်းသွားစေလျက် ရှိသည်။ အထူးသဖြင့် မြေထဲပင်လယ်၊ မက္ကဆီကို၊ အာဖရိက တောင်ပိုင်းနှင့် သြစတေးလျ တောင်ပိုင်းတို့တွင် မိုးနည်းသွားမည်။
မိုးနည်းခြင်းကို ဖြစ်ပေါ်စေသည့် ယေဘုယျအကြောင်းရင်းမှာ ဖိအားများနေသော လေထု ဖြစ်သည်။ တစ်ခါတစ်ရံ လေထုတွင်း ဖိအားများနေသည့်အခါ လေသည် အပေါ်မတက်နိုင်ဘဲ အောက်သို့ ပြန်ဆင်း၍ မိုးမရွာချေ။ ဖိအားများသောလေသည် တိမ်တိုက်များကို ဝေးရာသို့တွန်းထုတ်သဖြင့် မိုးမရွာသော နေရာများတွင် တိမ်ကင်းစင်၍ နေရောင် ထွန်းလင်းနေတတ်သည်။ ဒေသတစ်ခု၌ လေထုသည် ဖိအား များလိုက် နည်းလိုက်နှင့် ဖြစ်တတ်သော်လည်း ရံခါ ဖိအား ဆက်တိုက်များနေသောအခါ မိုးမရွာသည့် ကာလ ကြာရှည်လာပြီး မိုးခေါင်လာတော့သည်။
ပင်လယ် သမုဒ္ဒရာမှ အငွေ့ပျံလာသည့် ရေငွေ့တို့ ဒေသတစ်ခုသို့ ရောက်နေကျအတိုင်း ရောက်မလာလျှင်လည်း မိုးခေါင်သည်။ ဥပမာ အိန္ဒိယသမုဒ္ဒရာဒေသတွင် မုတ်သုန်လေသည် သမုဒ္ဒရာမှ ရေငွေ့များကို သယ်ဆောင်လာပြီး မြန်မာပြည်အပါအဝင် တောင်နှင့်အရှေ့တောင်အာရှ တိုင်းပြည် အချို့ပေါ်တွင် မိုးရွာစေတတ်သည်။ မုတ်သုန်လေ အားနည်းလျှင်၊ လမ်း ကြောင်းပြောင်းလျှင် အဆိုပါဒေသများတွင် မိုးခေါင်သည်။
တောင်များသည်လည်း ယင်းတို့၏ နောက်ကွယ်ရှိ အရပ်များကို မိုးခေါင်စေတတ်သည်။ ရေငွေ့ပါသော လေတို့သည် ကြားတွင်ခံနေသည့် တောင်ကိုတက်ရင်း အေးလာ၍ မိုးအဖြစ်ရွာကျသဖြင့် တောင်ကို ကျော် ပြီးသောအခါ ရေငွေ့များ နည်းသွားကာ လေညာအရပ်တို့တွင် မိုးနည်းရသည်။
ပုံမှန်ထက် ပိုအေး ပိုနွေးသည့် သမုဒ္ဒရာရေထုသည်လည်း ဖိအားများသည့် လေထုကို ဖန်တီး ခြင်းဖြင့် မိုးခေါင်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ပစိဖိတ်သမုဒ္ဒရာတွင် ပေါ်ပေါက်တတ်သည့် အယ်နီညိုခေါ် ပူနွေး ရေစီးကြောင်းသည် ယင်းသမုဒ္ဒရာ၏ အရှေ့ခြမ်း မြောက်အမေရိကတိုက်တွင် မုန်တိုင်း ဖြစ်ပေါ်စေပြီး လာနီညာခေါ် ရေအေးစီးကြောင်းက မိုးခေါင်စေသည်။ ယင်းသမုဒ္ဒရာ၏ အနောက်ခြမ်း သြစတေးလျ၊ အာရှ၊ အရှေ့တောင်အာဖရိကတို့တွင်မူ မြောက်အမေရိကနှင့် ပြောင်းပြန်၊ အယ်လ်နီညိုကြောင့် မိုးခေါင်ပြီး လာနီညာကြောင့် စိုစွတ်သော ရာသီဥတုကို ဖြစ်ပေါ်သည်။
ပထဝီဝင်မြေပုံကို ကြည့်လျှင် မိုးခေါင်ရေရှားသည့် သဲကန္တာရများသည် တောင်လတ္တီတွဒ် ၃၀ ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၃၀ ဒီဂရီ ဝန်းကျင်တွင် အများအားဖြင့် ရှိသည်ကို တွေ့ရ မည်။ လေထု အပေါ်လွှာများရှိ နွေးသောလေစိုင်များ ယင်းအရပ်များ၌ အောက်သို့စုန်ဆင်းလာကြသဖြင့် နွေးထွေးခြောက်သွေ့နေရခြင်း ဖြစ်သည်။
အထက်ပါမိုးခေါင်ရခြင်းအကြောင်းရင်းများအပြင် လွန်ခဲ့သော နှစ် ၅၀ ခန့်မှစ၍ မိုးခေါင်စေသောအကြောင်း တစ်ခု ထပ်တိုးလာခဲ့သည်။ ယင်းမှာ ပူနွေးလာသည့် ကမ္ဘာ့ရာသီဥတုဖြစ်သည်။ တက်လာနေသော ကမ္ဘာ့ အပူချိန်ကြောင့် မိုးပိုလာသည့်ဒေသများ ရှိသကဲ့သို့ အချို့နေရာများတွင် မိုးခေါင်မှု ပိုမိုကျယ်ပြန့်ပြင်းထန် လာနေသည်။ ပူနွေးသော လေထုသည် မြေကြီးထဲမှ ရေငွေ့များကို စုပ်ယူသောသတ္တိကို ပိုင်ဆိုင်၍ မြေပြင် ခြောက် သွေ့မှုကို အားပေးသည်။ အမေရိကန် အမျိုးသားလေထု သုတေသနဌာန က ၂၀၀၅ ခုနှစ်တွင် လေ့လာချက်အရ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် မိုးခေါင်မှု ဖြစ်ပွားသော ဧရိယာ နှစ်ဆပိုလာသည်ဟု ဆိုသည်။
ဒေသတစ်ခု မိုးခေါင်မခေါင်ကို ရွာကျသောမိုးရေပမာဏနှင့် တိုင်းတာကြသည်။ တစ်ခုသောကာလ(ဥပမာ ၁ လ)အတွင်း ရွာသွန်းမြဲ မိုးရေချိန်ကို ပြည့်မီအောင် မရွာလျှင် ယင်းနေရာသည် ယင်းကာလအတွက် မိုးခေါင် သည်ဟု ပြောနိုင်သည်။ ၁ ရက်အတွင်း သတ်မှတ်မိုးရေချိန်ကိုပြည့်မီအောင် မရွာမှု မည်မျှကြာပြီကို ကြည့်၍လည်း မိုးခေါင်မခေါင်ကို ဆုံးဖြတ်သည်။ မိုးနည်းလွန်းသောဒေသများတွင် မိုးလုံး၀ မရွာသော ရက်များ ကြာညောင်းလာလျှင် မိုးခေါင်သည်ဟု ခေါ်သည်။