
ညစ်ညမ်းသောလေထု၊ ဆိုးရွားလွန်းသည့် ယာဉ်ကြောပိတ်ဆို့မှု၊ ကျွံဝင်နေသော အဆောက်အအုံ စသည့် ပြဿနာများသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၏ ဆက်လက်ရှင်သန်ရေးကို လက်ငင်းလက်တွေ့ ခြိမ်းခြောက်လျက် ရှိသည်။ ယင်းပြဿနာများအနက် စိုးရိမ်စရာအကောင်းဆုံးမှာ မြို့တော်တစ်ခုလုံးနီးပါး ရေအောက်ရောက်မည့်ဘေး ဖြစ်သည်။
ဂျကာတာ၏ ပထဝီအနေအထားကပင် ရေအလွယ်တကူလွှမ်းမိုးရန် အထောက်အကူပြုနေသကဲ့သို့ ရှိသည်။ ဂျကာတာ၌ တစ်နှစ်လျှင် ရက်ပေါင်း ၃၀၀ မျှ မိုးရွာသည်။ မြို့တွင်းသို့ စီးဝင်သော မြစ်ပေါင်း ၁၃ စင်းမျှ ရှိသည်။ အင်ဒိုနီးရှားကို သိမ်းပိုက် အုပ်ချုပ်ခဲ့သည့် ဒတ်ချ်လူမျိုးတို့သည် ဂျကာတာပေါ် ရွာကျသောမိုးရေနှင့် စီးဝင်လာသောမြစ်ရေများ စီးထွက်နိုင်အောင် တူးမြောင်းများ ဖောက်လုပ်ခဲ့သည်။
ယင်းသို့ စီမံခဲ့နိုင်သဖြင့် ရှေးယခင်က အဆင်ပြေခဲ့သော်လည်း ၁၉၄၅ ခုနှစ်မှစ၍ အရှိန်အဟုန်နှင့် ကျယ်ပြန့်လာခဲ့သည့် ဂျကာတာမြို့ကွက်နှင့်အတူ အသစ်အသစ်သော အဆောက်အအုံများအပြင် ကျူးကျော် ရပ်ကွက်များလည်း ဟိုမှသည်မှ ပေါ်လာသည်။ စနစ်ကျသော ဖွံ့ဖြိုးကြီးထွားမှု မဟုတ်ခြင်း၊ မြို့တော်သူ မြို့တော်သားတို့ စည်းကမ်း လိုက်နာမှု အားနည်းခြင်း၊ အုပ်ချုပ်သူတို့၏ စီမံခန့်ခွဲမှု လွဲမှားခြင်း၊ အရေးယူမှု ရော့ရဲခြင်း စသည်တို့ကြောင့် မြို့ပြဆိုင်ရာ ပြဿနာပေါင်းစုံသည် တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဂျကာတာသည် အထပ်မြင့် အဆောက်အဦး အရေအတွက်တွင် ကမ္ဘာ၌ ၁၂ ခုမြောက် အများဆုံး မြို့ဖြစ်ပြီး ဈေးဝယ်စင်တာ အများဆုံး မြို့တော် စာရင်းဝင်သည်။ မဟာမြို့ကြီး သို့မဟုတ် မက်ဂါစီးတီးအဖြစ်သို့ အထိန်းအချုပ်မဲ့ ရောက်ရှိလာခဲ့သည်။

မရှိမဖြစ် အခြေခံ ဝန်ဆောင်မှုဖြစ်သည့် ပိုက်ဖြင့် သွယ်တန်းပေးဝေသော ဗဟိုရေပေးရေးစနစ်မှ ရသောရေသည် ဂျကာတာလူဦးရေ၏ ထက်ဝက်ကိုပင် လုံလောက်အောင် ပေးနိုင်စွမ်းမရှိသဖြင့် တရားဝင်ရော တရားမဝင်ပါ စက်ရေတွင်းပေါင်း မြောက်မြားစွာကို တူးဖော်၍ ရေရယူကြသည်။ မြေအောက်ရေထုတ်ယူမှု အလွန်များလာချိန်တွင် မြို့ပြအဆောက်အအုံများနှင့်အတူ ကွန်ကရစ်ပြင်များ ကတ္တရာပြင်များလည်း အနှံ့အပြား ပေါ်ပေါက်လာသဖြင့် မြေအောက်သို့ မိုးရေစိမ့်ဝင်နိုင်မှု နည်းသွားသည်။ ၁၉၆၈ ခုနှစ်က စက်ရေတွင်း ၄၀၀၊ ၁၉၉၈ တွင် စက်ရေတွင်း ၃၆၀၀ ရှိခဲ့ရာမှ ယခုအခါ စက်ရေတွင်းပေါင်း မည်မျှရှိသည်ဟု မသိနိုင်တော့လောက်အောင် များပြားနေသည်။ အထုတ်များပြီး အဝင်နည်းလာသောအခါ မြေအောက်ရေပြင် နိမ့်ကျလာသည်။ ယင်းအခြေအနေတွင် တိုးတက် များပြားလာသော အဆောက်အအုံများ၏ ဝန်အားက ထပ်ဆောင်းလိုက်သောအခါ ဂျကာတာမြေပြင်သည်လည်း တဖြည်းဖြည်းလိုက်၍ နိမ့်ကျလာသည်။ တစ်နှစ်လျှင် ပျမ်းမျှ ၇ လက်မနီးပါးခန့် နိမ့်ဆင်းလာခဲ့ရာ ယခုအခါ မြို့တော်မြေပြင်ဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ပျမ်းမျှပင်လယ်ရေပြင်ထက် နိမ့်ကျသွားပြီဖြစ်သည်။ အချို့ကမ်းစပ်မြေပြင်သည် နှစ်အနည်းငယ်အတွင်း ၁၄ ပေမျှပင် နိမ့်ဆင်းသွားခဲ့သည်။
Jakarta is sinking! ဗီဒီယိုသရုပ်ဖော် ရှုစားရန်
ဂျကာတာမြေပြင် နိမ့်ဆင်းလာနေချိန်တွင် ဂျကာတာမြောက်ဘက်ရှိ ဂျာဗားပင်လယ်၏ ရေမျက်နှာပြင်သည် ရာသီဥတုပြောင်းလဲမှုကြောင့် မြင့်တက်လာနေသဖြင့် ဂျကာတာအတွက် ရေနစ်သူ ဝါးကူထိုးသကဲ့သို့ ဖြစ်ကာ ရေလွှမ်းမှုအန္တရာယ်သည် တစ်နေ့တစ်ခြား ကြီးထွားလာလျက် ရှိသည်။ ပင်လယ်ရေနှင့် မြစ်ရေမှ အကာအကွယ် ပေးထားသည့် ဒီရေတောများကို ခုတ်ထွင်ကာ ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်ခြင်းကလည်း ရေကြီးရေလျှံမှုကို အားပေးသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှု ကြောင့် ဂျကာတာ၏လမ်းများကို ရေဖုံးသွားသဖြင့် မြို့တော်ကြီးတစ်ခုလုံးနီးပါး အသွားအလာများ ရပ်ဆိုင်းကုန်သည်။

ရေလွှမ်းမိုးမှုအပြင် ကျေးလက်မှလူများ အလုံးအရင်းဖြင့် ဂျကာတာသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းကြောင့် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ပြဿနာများကိုလည်း ဂျကာတာ ရင်ဆိုင်နေရသည်။ ယခုအခါ ဂျကာတာ ပင်မနယ်မြေရှိ လူဦးရေမှာ ၁၀ သန်းခန့်ရှိပြီး မြို့တော်နှင့် မနီးမဝေးရှိ တိုးချဲ့မြို့ကွက်နေလူများပါ ပေါင်းလျှင် လူသန်း ၃၀ ခန့်ရှိနေရာ မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ခန့်ကျော်မျှပင် ဖြစ်သည်။
နယ်မှ ရောက်လာသူများသည် မြစ်ချောင်း တူးမြောင်းများ၏ ဘေးတစ်လျှောက်တွင် နေထိုင်ကြရာ အဆိုပါ မြစ်များ တူးမြောင်းများသည် အမှိုက်နှင့်မိလ္လာအညစ်အကြေးများ စီးဆင်းရာအဖြစ်သို့ ပြောင်းလဲသွားသည်။ စက်ရုံများမှ ထွက်သော စွန့်ပစ်အညစ်အကြေးများကလည်း ညစ်ညမ်းမှုကို ပို၍ ဆိုးရွားစေသည်။
လိုအပ်သော အခြေခံ အဆောက်အအုံများကို လျင်မြန်စွာ မဆောက်လုပ်လျှင် မြင့်တက်လာနေသော ဂျာဗား ပင်လယ်ရေပြင်ကို တားဆီး၍ နိုင်တော့မည်မဟုတ်ဟု ပညာရှင်များက သုံးသပ်သည်။ လက်ရှိတွင်ပင် အခြေအနေ ဆိုးရွားနေသည့် အမှိုက်နှင့် ရေဆိုးရေညစ် ပိတ်ဆို့မှုများသည် ရေပြင်ထပ်၍ မြင့်တက်လာလျှင် ထွက်ပေါက်ပို၍ ပိတ်သွားကာ မြို့တော်တစ်ခွင်သည် အမှိုက်နှင့် အညစ်အကြေးကန်ကြီးအဖြစ်သို့ ပြောင်းလဲ သွားလိမ့်မည်။
ဂျကာတာမြို့တော် မြေပြင် ကျွံဝင်နိမ့်ဆင်းနေမှုကို ကာကွယ်ရန် ဦးစွာလုပ်ဆောင်ရမည်မှာ နိမ့်ဆင်းမှု၏ အဓိကအကြောင်းရင်းဖြစ်သော စက်ရေတွင်းများ တူးဖော်နေခြင်းကို ရပ်တန့်ရန် ဖြစ်သည်။ ထိုသို့ ရပ်တန့်ရန် မြေအောက်ရေ သုံးစွဲနေသူများအတွက် ပိုက်ဖြင့် သွယ်တန်းသော မြေပေါ်ရေပေးရေးစနစ်ကို တိုးချဲ့ အကောင် အထည်ဖော်ရမည်။ ဂျကာတာအုပ်ချုပ်သူတို့သည် လောလောဆယ် သောက်သုံးရေပြဿနာကို ဖြေရှင်းရန် စက်ရေတွင်းအသစ်တူးခြင်းကို ကန့်သတ်သည်။ မြေအောက်ရေအစား ဂျကာတာတွင် တစ်နှစ်လျှင်ရက် ၃၀၀ ရွာနေသော မိုးရေများကို တတ်နိုင်သမျှ ခံသုံးရန် လှုံ့ဆော်သည်။ သို့သော် ကန့်သတ်ချက် လှုံ့ဆော်ချက်များ၏ နောက်က အခြားနည်းဖြင့် ရေရရှိရေးအတွက် လုံလောက်စွာ ပံ့ပိုးမှု မရှိခြင်း၊ ကန့်သတ်မှုကို ဖောက်ဖျက်သူများအား ထိရောက်စွာ အရေးမယူနိုင်ခြင်းတို့ကြောင့် အောင်မြင်မှု မရချေ။
အမှိုက်အညစ်အကြေး ပြဿနာကို ဖြေရှင်းရန် ညစ်ညမ်းပိတ်ဆို့နေသော ချောင်းများ တူးမြောင်းများကို ရှင်းလင်းပြီး စနစ်ကျသော အမှိုက်စွန့်စနစ်နှင့် မိလ္လာစနစ်ကို တည်ဆောက်ပေးရမည်။ မြစ်များ တူးမြောင်းများထဲသို့ ရေဆိုးများ စွန့်ချင်တိုင်းစွန့်နေကြသည့် စက်မှုလုပ်ငန်းများကို ထိန်းချုပ်ကာ သန့်စင်ပြီးမှ စွန့်ပစ်စေရမည်။ ကျူးကျော်များကို စနစ်တကျ ပြောင်းရွှေ့နေရာချထားရမည်။
သို့သော် မြေပေါ်ရေပေးဝေမှုကို ထိထိရောက်ရောက် မလုပ်နိုင်သေးသလို အမှိုက်နှင့်မိလ္လာစွန့်စနစ်ကိုလည်း စနစ်ကျအောင် ဖန်တီးမပေးနိုင်သေးချေ။ အကြီးမားဆုံးအခက်အခဲမှာ ကျူးကျော်များကို ဖယ်ကာ နေရာသစ်သို့ ပြောင်းရွှေ့ရေး ဖြစ်သည်။ တရားမဝင် စက်ရေတွင်းများ တူးဖော်ခြင်း၊ အမှိုက်နှင့်အညစ်အကြေး အဆမတန်များလာခြင်းတို့၏ အကြောင်းရင်းများအနက် တစ်ခုမှာ ကျူးကျော်တို့ပင် ဖြစ်သည်။ ယင်းကို ဖြေရှင်းရန် ဂျကာတာမြို့တော်ဝန် အရှော့ခ်က ကြိုးစားခဲ့ဖူးသည်။ သူသည် ကျူးကျော်တဲများကို ဖျက်သိမ်းခြင်း၊ မြစ်များ တူးမြောင်းများထဲမှ အမှိုက်နှင့်အနည်များကို ဆယ်ထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့ရာ ထိုသို့လုပ်သည့်နေရာများတွင် ရေစီးရေလာ ကောင်းမွန်သွားခဲ့သည်။ သို့သော် ဖယ်ရှားခံရသူများက မကျေနပ်။ မြို့တော်ဝန်အရှော့ခ် ၏ တဲများဖျက်သိမ်းခြင်းစီမံချက်သည် ရေစီးရေလာ ကောင်းရန်ဟု အကြောင်းပြ၍ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများကို အကွက်များ ရောင်းစားသည်ဟု သူတို့က စွပ်စွဲကြသည်။ မြို့တော်ဝန် အရှော့ခ်သည် တရုတ်နွယ်ဖွား ဖြစ်ရာ ကျုးကျော်တို့၏ ကန့်ကွက်မှုကို အသုံးချ၍ ပြိုင်ဘက်များ၊ မွတ်စလင် နိုင်ငံရေးသမားများက အရှော့ခ်ကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် အရှော့ခ်သည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသည့်အပြင် အလွဲသုံးစားမှုနှင့် အစွပ်စွဲခံရကာ ထောင်ပါကျသွားသည်။
မြို့တော်ဝန်အသစ်ဖြစ်လာသူ ဘတ်စ်ဝီဒန်က ယင်းပြဿနာကို ဖြေရှင်းရန် ကြိုးစားသော်လည်း မအောင်မြင်။ ကျုးကျော်တို့က သူတို့ နေရာဖယ်မပေးလို၍ မဟုတ်၊ လုပ်ငန်းခွင်နှင့် နီးသောနေရာများတွင် တရားဝင် ချထားသော မြေကွက်များတွင် နေရလျှင် ကျေနပ်သည် ဟု ဆိုကြသည်။ နှစ်ဦးနှစ်ဖက် တရားတဘောင် ဖြစ်ကြရာ တရားသူကြီးက ကျုးကျော်တို့ကို အနိုင်ပေးလိုက်သည်။ သို့ဖြင့် ဂျကာတာ၏ ပိတ်ဆို့နေသော ချောင်းများ တူးမြောင်းများကို ရှင်းလင်းရေးသည် အဖြေရှာ၍ မရသေး သော ပုစ္ဆာဖြစ်နေသေးသည်။
ဂျကာတာ၏ရေလွှမ်းမိုးမှုကို လောလောဆယ် တစ်စိတ်တစ်ပိုင်းကာကွယ်ပေးနေသည်မှာ ဂျာဗားပင်လယ်အော် အစပ်ရှိ ကမ်းရိုးတန်းနံရံဖြစ်သည်။ ကမ်းရိုးတန်းနံရံကို တည်ဆောက်ခြင်း၏ ရည်ရွယ်ချက်မှာ မြေအောက်ရေ အထုတ်လွန်၍ နိမ့်ဆင်းနေသော ဂျကာတာ မြေပြင်ကို မြင့်တက်လာနေသည့် ပင်လယ်ရေ၏ လွှမ်းမိုးမှုမှ ကာကွယ်ရန် ဖြစ်သည်။ သို့သော် ယင်းကမ်းရိုးတန်းနံရံ ကိုယ်နှိုက်ကပင် တစ်နှစ်လျှင် ၁၀ လက်မခန့် ကျွံဝင်နေရာ ယင်းနံရံကြီးသည် ၂၀၃၀ ခုနှစ်၌ ပင်လယ်ရေအောက် ရောက်သွားနိုင်သည့်အလားအလာများကို မြင်နေရသည်။ နံရံ၏ အချို့သော အနိမ့်ပိုင်းနေရာများတွင် နံရံ၏ထိပ်နှင့် ပင်လယ်ရေပြင်သည် ပေအနည်းငယ်မျှသာ ကွာတော့သည်။ ၂၀၀၂ ခုနှစ်က ဆောက်လုပ်ခဲ့သော ကမ်းရိုးတန်းနံရံသည် ဂျကာတာကို အကာအကွယ် ပေးရန် မလုံလောက်ကြောင်း ၂၀၀၇ ခုနှစ် အကြီးအကျယ် ရေလွှမ်းမိုးမှုက သက်သေပြလိုက်သည်။
ထိုသို့ အဖြစ်ဆိုးမျိုး မကြုံရစေရန် စီမံချက်တစ်ခုအဖြစ် ကမ်းရိုးတန်းနံရံ၏ရှေ့ ဂျာဗားပင်လယ်အော်ထဲတွင် ကျွန်းတုများဖြင့် ဖွဲ့စည်းထားသည့် “နံရံ”ကြီးတစ်ခု ထပ်ဆောက်ကာ ဂျကာတာမြို့တော်ကို ဂျာဗားပင်လယ် နှင့် လုံးဝ အဆက်ဖြတ်ထားရန် စီမံသည်။ အင်ဒိုနီးရှားနိုင်ငံ၏အမှတ်အသားတစ်ခု ဖြစ်သည့် “ဂါရူဒါ”ငှက်ကို အစွဲပြု၍ “မဟာဂါရူဒါစီမံကိန်း”ဟု အမည်ပေးသည်။
ဂျကာတာ၏မြောက်ဘက်တွင် ဂျာဗားပင်လယ်အော်တည်ရှိကာ ယင်းပင်လယ်အော်မှ လွန်လျှင် ဂျာဗား ပင်လယ်သို့ ရောက်သည်။ “ပ”ပုံရှိ ဂျာဗားပင်လယ်အော်၏ ညာဘက်ထိပ်နှင့် ဘယ်ဘက်ထိပ် ကုန်းမြေနှစ်ခုသည် ၂၅ မိုင်ခန့် ကွာဝေးသည်။ ယင်းထိပ်နှစ်ခုကြားတွင် ကျွန်းတုများဖန်တီး၍ ဂျာဗားပင်လယ်ရေများ ဂျကာတာထဲသို့ မဝင်စေရန် တားဆီးမည့် ဧရာမစီမံကိန်းကြီး ဖြစ်သည်။ စီမံကိန်း ပြီးသောအခါ အပေါ်မှ စီး၍ ကြည့်လျှင် ပင်လယ်အော်၏ အဝကိုပိတ်၍ တည်ဆောက်ထားသော ကျွန်းတုများကို ဂါရူဒါငှက်၏အတောင်ပံများသဖွယ် မြင်နေမည်။ အလားတူ ဂါရူဒါငှက်၏ ခေါင်းပိုင်းနှင့် အမြီးပိုင်းတို့တွင် လည်း ကျွန်းတုများ တည်ဆောက်မည်။ ကျွန်းတုများ ပေါ်၌ ကွန်ဒိုမီနီယံများ၊ ရွက်လှေဆိပ်ကမ်းများ၊ ဂေါက်ကွင်း များဖြင့် တန်ဆာဆင်မည်။ အဆိုပါလုပ်ငန်းရပ်များ အတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ မျှ ကုန်ကျရန် ရှိရာ ကျွန်းတုများပေါ်ရှိ မြေကွက်နှင့် ကွန်ဒိုမီနီယံများကို ပြည်တွင်း ပြည်ပသူဌေးများထံ ရောင်းချ၍ ငွေရှာရန် ရည်ရွယ်သည်။
မဟာဂါရူဒါစီမံကိန်း၏ လုပ်ငန်းအချို့ကို ၂၀၁၃ ခုနှစ်က စတင်ခဲ့သော်လည်း ဒေသခံတံငါသည်တို့က သူတို့ ငါးဖမ်းရာရေပြင် ပျောက်ကွယ်သွားမည် ဆိုကာ ကန့်ကွက်ကြခြင်း၊ လာဘ်ပေးလာဘ်ယူအရှုပ်တော်ပုံ ပေါ်ပေါက်လာခြင်းတို့ကြောင့် ယင်းစီမံကိန်းကို ရှေ့မဆက်နိုင်ချေ။ အချို့က မဟာဂါရူဒါကို ဆက်မလုပ်ဘဲ ဂျကာတာကမ်းစပ်တွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးခြင်း၊ တစ်ချိန်က ရှိခဲ့သော ရေလှောင်ကန်ကြီးများကို ပြန်ဖော်ခြင်းတို့ဖြင့် ရေအလွှမ်းခံရမည့်ဘေးမှ ဂျကာတာကို ကယ်တင်နိုင်မည်ဟု အဆိုပြုသည်။ မြစ်ချောင်းများ တူးမြောင်းများကို သန့်ရှင်းရေးနိုင်အောင် မလုပ်ဘဲ စီမံကိန်းကို ဆက်ဆောက်လျှင် ဂျာဗားပင်လယ်အော် ဝန်းကျင် ဒေသသည် ကမ္ဘာ့အကြီးဆုံး အညစ်အကြေးကန်ကြီး ဖြစ်သွားလိမ့်မည်ဟုလည်း ပြောသည်။
ဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျ မလုပ်ဆောင်ခဲ့ခြင်း၊ စည်းကမ်းမလိုက်နာ ဗရမ်းဗတာ နေထိုင်ပြုမူကြခြင်း၊ ထိရောက်သောအရေးယူမှု နည်းပါးလွန်းခြင်း၊ အကျင့်ပျက်ခြစားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်း၊ နိုင်ငံရေးအာဏာကို ဦးစားပေးကာ တိုင်းပြည်မျက်နှာ မကြည့်ခြင်း၊ လုပ်ဆောင်ချက် မပြတ်သားခြင်း တို့ကြောင့် ရေကြီးမှု တဖြည်းဖြည်း ဆိုးရွားလာနေသည့် ဂျကာတာမြို့တော်သည် ညီနောင် ကမ္ဘာ့မြို့တော် များအား မိမိအဖြစ်ကိုသင်ခန်းစာယူလှည့်ကြပါဟု ညည်းညူနေသယောင် ရှိသည်။
တဖြည်းဖြည်း ကျွံဝင်နေမှု၊ ရေကြီးမှုစသည့် ဘေးများမှ ဂျကာတာကို ကယ်တင်ရန် မလွယ်ကူတော့သဖြင့် ဘော်နီယိုကျွန်းတွင် အင်ဒိုနီးရှားမြို့တော်အသစ် တည်ဆောက်မည်ဟု သမ္မတ ဝီဒိုဒိုက ၂၀၁၉ ခုနှစ်က ကြေငြာခဲ့သည်။ နုစန်တာရာ (Nusantara) ဟု အမည်ပေးထားသော မြို့တော်သစ်၏ မြေရှင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စတင်လိုက်ပြီ ဖြစ်သည်။

ကိုးကား –
Indonesia’s giant capital city is sinking. Can the government’s plan save it? (www.nationalgeographic.com)
Indonesia Breaks Ground on Its New Capital City (https://www.bloomberg.com)
(၁၈ . ၈ . ၂၂ တွင် ဖြည့်စွက်ပြင်ဆင်ရေးသားသည်။)