အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

ဒေသအချို့၌ ရေရှားပါးနေခြင်းမှာ မိုးရေကို ထိရောက် အကျိုးရှိစွာ အသုံးမချခြင်းက အကြောင်းတစ်ရပ် အနေနှင့် ပါဝင်သည်။ ရေပေါသောကမ္ဘာ ဖြစ်၍ မိုးရေကို အားမကိုးဘဲ အခြား ရေအရင်းအမြစ် များမှ ရယူလျှင် လည်း ရေဖူလုံသည်ဟု အထင်ရောက်ကြ သည်။

ထင်သလောက်မပေါများ

ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ရေက ဖုံးထားသဖြင့် ကမ္ဘာသည် ရေပေါသော ဂြိုဟ်ကြီးတစ်လုံးဟု ထင်စရာဖြစ်သည်။ သို့သော် ကမ္ဘာ့ရေထု၏ ၉၇ . ၅ ရာခိုင်နှုန်းသည် သောက်၍မရသည့် ပင်လယ် သမုဒ္ဒရာ ရေငန်များဖြစ်ကြသည်။

ကမ္ဘာ့ရေထု၏ ကျန် ၂ . ၅ ရာခိုင်နှုန်းခန့်သည် ရေချိုများ ဖြစ်ကြသော်လည်း အဆိုပါရေချိုအများစုသည် ဝင်ရိုးစွန်းအရပ်များနှင့် တောင်ထိပ်များတွင် ရေခဲပြင် ရေခဲမြစ်များအဖြစ် ရှိနေကြသဖြင့် လူတို့အတွက် တိုက်ရိုက်အသုံးမဝင်လှပြန်ချေ။ တောင်ထိပ်ရေခဲပြင်များ နွေအခါအရည်ပျော်၍ စီးဆင်းလာကာ မြစ်ချောင်းများအတွင်း ရောက်ရှိ စီးဆင်းလာသောအခါမှသာ သောက်နိုင်သုံးနိုင်သည်။

ရေခဲပြင်၊ ရေခဲမြစ်နှင့် ဆီးနှင်းခဲများပြီးလျှင်ပမာဏအများဆုံးမှာ မြေအောက်ရေ ဖြစ်သည်။ ကမ္ဘာ့နေရာတိုင်း၏ မြေကြီးအောက်တွင် ရေ အနည်းနှင့် အများရှိကြသည်။ မြေအောက်ရေပမာဏ၏ ထက်ဝက်မှာ ရေငန်များ ဖြစ်သည်။ မြေအောက်ရေချိုစုစုပေါင်းပမာဏသည် မြေပေါ်ရေချိုထက် အဆတစ်ရာခန့် များပြားသော်လည်း ရေကြောသည် မနက်လွန်းသောအရပ်တွင်ရှိမှ အဆင်ပြေပြေ ထုတ်ယူသုံးစွဲနိုင်သည်။

မြေပေါ်မြေအောက် ရေချိုအရင်းအမြစ်များ၏ တည်နေရာသည် လူနေမြို့ရွာများနှင့် နီးလျှင် ရယူသုံးစွဲရန် မခက်ခဲသော်လည်း ဝေးနေလျှင် စရိတ်စက အကုန်အကျများသည်။ မိုးသည်မူ အနည်းအများသာကွာမည်၊ မြို့ရွာများတွင် ရွာကျသည်သာဖြစ်၍ မိုးရေကို တိုက်ရိုက်ခံယူအသုံးချခြင်းသည် ရေအခက်အခဲကို ဖြေရှင်းနိုင်သည့်နည်းများအနက်တစ်ခု ဖြစ်သည်။

သဘာဝတရား၏အခမဲ့ဝန်ဆောင်မှု

ရေကို ကျိုချက်လျှင် ယေဘုယျအားဖြင့် သောက်သုံးနိုင်သည့်ရေကိုရသကဲ့သို့ သဘာဝတရားက နေရောင်၏ အပူဓာတ်ဖြင့် ပင်လယ်ရေကို “ချက်လုပ်”ပေး၍ ဖြစ်ထွန်းလာသော မိုးရေများသည် သန့်စင်ပြီး ရေများ ဖြစ်သည်။ အရည်အသွေးသာ ကောင်းသည် မဟုတ်၊ မိုးရေ၏ဇာစ်မြစ်ဖြစ်သော ကမ္ဘာ့လေထုတွင်းရှိ ရေငွေ့ပမာဏသည် ကမ္ဘာပေါ်တွင်စီးဆင်းနေသော မြစ်ရေထုထည် စုစုပေါင်းထက် လေးဆခွဲမျှ ပိုများသဖြင့် ထုထည်လည်း ကြီးမားလှသည်။ မိုးရေသည် နေရောင်ရှိနေသ၍ သို့မဟုတ် ကမ္ဘာတည်သ၍ အဖန်ဖန် သံသရာလည်ကာပြန်လည်ပြည့်တင်းနေမည့် သယံဇာတတစ်မျိုးလည်း ဖြစ်သည်။

မိုးရေ၏အရေးပါပုံဗီဒီယိုသရုပ်ဖော် ရှုစားရန်

စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်း၊ မြို့ရွာရေပေးရေးတို့အတွက် တည်ဆောက်ထားသော ရေလှောင်ကန်များ၊ ဆည်မြောင်းများ၊ မြစ်ရေတင်စနစ်များသည် အခြေခံအားဖြင့်မိုးရေနှင့်မြေအောက်ရေတို့ကိုရယူခြင်း ဖြစ်သည်။ မြေအောက်ရေ၏ ဇာစ်မြစ်မှာလည်း မိုးရေပင်ဖြစ်၍ ရေဘက်ဆိုင်ရာ အခြေခံအဆောက်အအုံအားလုံးသည် မိုးရေကိုသာ မှီခိုနေကြသည်။

သဘာဝတရားက နေရောင်၏ အပူဓာတ်ဖြင့် ပင်လယ်ရေကို “ချက်လုပ်”ပေး၍ ဖြစ်ထွန်းလာသော မိုးရေများသည် သန့်စင်ပြီး ရေများ ဖြစ်သည်။


မိုးရေကိုမူ သယံဇာတတစ်မျိုးအဖြစ် မြင်တတ်သူ နည်းသည်။ “တိမ်တမန်“သီချင်းတွင်ကဲ့သို့ “ဆည်မြောင်း ချောင်းကန် အသင့်အမှန်တိုးရန် ပုလဲကုံးရွယ်အလှ ရွာစေချင်ပါပေ”ဟု မိုးရေကိုတန်ဖိုးထားဖွဲ့ဆိုမှုမျိုး ရှားပါးပြီး မိုးရေများ ချောင်းများ မြစ်များထဲမှတစ်ဆင့် ပင်လယ်ထဲသို့ ပြန်လည်စီးဝင်နေကြသည်ကို ဆုံးရှုံးမှုအဖြစ် မမြင်ဘဲ လောက၏အလှတရား တစ်ခုအဖြစ် တင်စားဖွဲ့ဆိုချယ်မှုန်းနေကြသည်က များသည်။

ယင်းစာပန်းချီကားများထဲတွင် ကြည်ကြည်လင်လင် တသွင်သွင် စီးဆင်းနေ ကြသော်လည်း လက်တွေ့ မြင်နေရသည့် ဘဝပန်းချီကားထဲတွင်မူ နေရာအတော်များများ၌ မိုးရေများသည် လမ်းများ လူနေရပ်ကွက်များကို ဖုံးလွှမ်းကာ ပျက်စီးဆုံးရှုံးမှု များကို ပေါ်ပေါက်စေပြီးမှ ချောင်းများ မြစ်များထဲသို့ စီးဝင်သည်။ စိုက်ရေ ပျိုးရေ လုပ်ငန်းသုံးရေ သောက်သုံးရေအဖြစ် အကျိုးရှိစွာ ပြောင်းလဲ အသုံးပြုနိုင်သော နည်းပညာများ ရှိပါလျက် မူလဇာစ်မြစ် ပင်လယ်ထဲမှ လာသော မိုးရေများသည် လူတို့ကိုဒုက္ခပေးပြီးနောက် ပင်လယ်ထဲသို့ ပြန်လည်စီးဝင်နေကြခြင်းမှာ ဉာဏ်မျက်စိဖြင့် ကြည့်လျှင် များစွာ နှမြောဖွယ်ကောင်းလှသည်။

မိုးရေယူနစ် ၁၀၀ တွင် ယူနစ် ၃၀ မှ ၇၀ အထိအငွေ့ပျံပြီး လေထုတွင်းပြန်ရောက်သွားကာ မြေအောက်သို့ အများဆုံး ၁၀ ယူနစ် စိမ့်ဝင်သည်။ ၁၀ ယူနစ်မှ ၂၅ ယူနစ်အထိ ချောင်းများ မြစ်များထဲသို့စီးဆင်းသည်။ ၂၅ ယူနစ်မှ ၄၀ ယူနစ်သည် အပင်များထဲရောက်ကာ နောက်ဆုံး ပင်ငွေ့ပျံ၍ လေထဲရောက်သည်။

တစ်ကမ္ဘာလုံးခြုံ၍ ပျမ်းမျှယူလျှင် မိုးရေ ၄၀ ရာခိုင်နှုန်းကိုသာ လူတို့ ရယူအသုံးချနိုင်ကြပြီး ကျန် ၆၀ ရာခိုင်နှုန်းသည် မသောက်ရ မသုံးရဘဲ အငွေ့ပျံခြင်း၊ မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်ခြင်း တို့ဖြင့် ဆုံးရှုံးနေသည်။ မိုးနည်းရေရှား ဆဟာရသဲကန္တာရအစပ် ဒေသများတွင်မူ ရွာကျသောမိုးရေ၏ ၇၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိသည် အပင် များကို မည်သို့မျှအကျိုးမပြုဘဲ မြေပေါ်တွင်စီးဆင်းသွားခြင်း၊ အငွေ့ပျံခြင်းစသည့်နည်း များဖြင့် ဆုံးရှုံးနေသည်။

ထိုသို့မိုးရေအများစုကိုအသုံးမချနိုင်ဘဲဆုံးရှုံးနေသည့်အဖြစ်မှာ မိုးရေကို သောက် သုံးရန်အတွက်သာမဟုတ်ဘဲ စိုက်ပျိုးကဏ္ဍ၌ပါ အဓိကမှီခိုနေရသည့်ကြားက ပေါ်ပေါက်နေခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် သီးနှံစိုက်ခင်း အကျယ်အဝန်း ၃ . ၇ ဘီလျံ ဧက ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းခန့်သည် မိုးရေသက်သက်ကိုသာ မှီခို ရှင်သန်နေရသည်။ အဆိုပါ မိုးရေသက်သက်သုံးစိုက်ခင်းများမှထွက်ရှိသော သီးနှံပမာဏသည် ကမ္ဘာ့သီးနှံ အထွက်ပမာဏ၏ သုံးပုံနှစ်ပုံမျှဖြစ်ရာ မိုးရေကိုအသုံးချနိုင်ရေးသည် ကမ္ဘာ့ စားနပ်ရိက္ခာ လုံလောက်မှုနှင့် အရေးပါလှစွာဆက်စပ်နေသည်ကို မြင်နိုင်သည်။

မိုးရေရလျှင်နှစ်ဆတိုးမည်

စိုက်ခင်းများသို့ မိုးရေလုံလောက်အောင်ပေးနိုင်လျှင် သီးနှံအထွက်တိုး၍ စိုက် ပျိုးသူများဝင်ငွေတိုးကာ ဆင်းရဲ မွဲတေမှုကို လျှော့ချနိုင်မည်။ စားနပ်ရိက္ခာ ဈေးမတက် အောင် ကာကွယ်နိုင်ပြီး လူအများ ဝလင်စွာ ဝယ်ယူ စားသုံးနိုင်သဖြင့် အာဟာရ မပြည့်ဝမှု ကို အတိုင်းအတာ တစ်ခုအထိ တားဆီးနိုင်မည်။ ခန့်မှန်းတွက်ချက်မှု တစ်ခုအရ အကယ်၍ အလဟဿဖြစ်နေသော မြေပေါ်ရေစီးပမာဏ၏ ၂၅ ရာခိုင်နှုန်းကို စိုက်ခင်းများ အတွက် ထိရောက်စွာ ထိန်းသိမ်း အသုံးချနိုင်လျှင် သီးနှံထွက်နှစ်ဆတိုးလာမည်ဟု ဆိုသည်။

မိုးရေကို လက်ရှိထက်ပို၍ ရယူရန် ငွေလုံးငွေရင်း အမြောက်အမြား မလိုသကဲ့သို့ နည်းပညာမှာလည်း ရှုပ်ထွေးနက်နဲခြင်း မရှိပေ။ မူဝါဒချမှတ်သူများ၊ ဦးဆောင်သူများ၏ အမြော်အမြင်၊ ရပ်သူရွာသားတို့၏ စိတ်လိုလက်ရပူးပေါင်းပါဝင်ခြင်းတို့နှင့် ပြည့်စုံလျှင် အောင်မြင်နိုင်သည်။


အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၂ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်

အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး

အခန်း-၅ မြေလျှိုးမိုးရေ

အခန်း-၆ မိုးကျရေချို

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး

အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး

10 thoughts on “အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s