ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်

ရေသည် ဓာတ်ပစ္စည်းများပျော်ဝင်ရန် လွယ်ကူသော အရည်ဖြစ်၍ လေထုတွင်းသို့ များပြားစွာ ဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် ရေထုတွင်းသို့လည်း ပျော်ဝင်ရောက်ရှိကြသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ ရောနှောဓာတ်ပြုကြလျှင် ကာဗွန်နစ်အက်စစ် ဖြစ်လာသည်။ ရေနှင့်အရည်များတွင် အက်စစ်ပါဝင်မှုကို “ပီအိပ်ချ်”အမှတ်ဖြင့် တိုင်းတာသည်။ ပီအိပ်ချ် မြင့်လျှင် အက်စစ် နည်း၍ ပီအိပ်ချ် နိမ့်လျှင် အက်စစ် များသည်။

လေ့လာချက်များအရ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် ရေထု၏ ပျမ်းမျှပီအိပ်ချ်အမှတ်သည် ၈ ဒသမ ၁၆ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့် စက်မှုတော်လှန်ရေး စတင်ချိန်တွင် ရေထု၏ပီအိပ်ချ်သည် ၈ ဒသမ ၂ ရှိခဲ့ရာမှ ယခု ၈ ဒသမ ၁ သို့ ကျဆင်းလာသည်။ ကမ္ဘာ့သမိုင်းတွင် သမုဒ္ဒရာရေထု အက်စစ်ဓာတ်လွန်ကဲမှုများ ဆိုးရွားစွာ ဖြစ်ခဲ့ဖူးသော်လည်း ယခုအကြိမ်သည် အက်စစ် ပိုလာသည့်နှုန်း အမြန်ဆန်ဆုံး ဖြစ်သည်ဟု ဆိုသည်။ မြန်ဆန်လွန်း၍ အခွံမာသတ္တဝါနှင့် သန္တာ ကျောက်တန်းတို့ အက်စစ် ပိုလွန်လာမှု၏ ဒဏ်ကို ရေရှည်ခံနိုင်မည် မဟုတ် ဟု သိရသည်။

ယင်းဒေသရှိ လူပေါင်း သန်း ၃၀၀ ခန့်သည် ရေမှရသော သယံဇာတများပေါ်တွင် မှီခို အသက်မွေးနေကြရပြီး ငါးဖမ်းလုပ်ငန်းမှ တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ရနေကြသည်။ သန္တာကျောက်တန်း နှင့် ရေသယံဇာတများ ပျက်စီးလျှင် လူသန်းပေါင်း ၁၀၀ ခန့်သည် အခြား ဒေသများသို့ ပြောင်းရွှေ့ အသက်မွေးကြဖွယ်ရာ ရှိသည်ဟု ကမ္ဘာ့တောရိုင်း တိရစ္ဆာန် ရန်ပုံငွေအဖွဲ့က ခန့်မှန်းသည်။

ရေသတ္တဝါတို့လည်းထိခိုက်

ရေထုတွင်း ကယ်လ်စီယမ်ကာဘွန်နိတ် လျော့နည်းလာနေမှုသည် သန္တာကျောက်တန်းတို့အပြင် ရေသတ္တဝါတို့အပေါ်တွင်လည်း ဆိုးကျိုးများကို ဖန်တီးလျက်ရှိရာ အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်း သမုဒ္ဒရာရေပြင်နှင့် ပစိဖိတ် သမုဒ္ဒရာမြောက်ခြမ်းရေပြင်များရှိ တားရာပေါ့ဒ်ခေါ် သတ္တဝါငယ်များ၏ ရှင်သန် မှုကို ထိပါးလျက် ရှိသည်။ တားရာပေါ့ဒ်တို့ကို ရေသတ္တဝါငယ်များက စားသုံးကြပြီး ယင်းရေသတ္တဝါငယ်များကို ပိုကြီးသောရေသတ္တဝါတို့က ထပ် ဆင့် စားသုံးရာ တားရာပေါ့ဒ်တို့သည် သက်ရှိတို့၏ အစာကွင်းဆက်ထဲတွင် အခြေခံကျသော အစာတစ်မျိုးပင် ဖြစ်သည်။ လေ့လာချက်များအရ တားရာ ပေါ့ဒ်တို့၏ ကယ်လ်စီယမ် ကာဗွန်နိတ်ဖြင့် ဖွဲ့စည်းထားသော အခွံတို့သည် အားလျော့ပျက်စီးစ ပြုနေကြောင်း တွေ့ရရာ ယင်းတို့အရေအတွက် လျော့ နည်းလာခြင်းသည် ရေထုတွင်း အစာကွင်းဆက် အားနည်း၍ ရေသတ္တဝါ အရေအတွက် လျော့ပါးလာခြင်းပင် ဖြစ်သည်။

ရေထဲရောက် ကာဗွန်နစ်အက်စစ်တို့သည် အခွံမာ ရေသတ္တဝါ များ၏ အခွံကိုသာ ပျက်စီးစေသည် မဟုတ်၊ ရေသတ္တဝါများ၏ ကိုယ်တွင်း အရည်များနှင့် ရောနှောမိကြလျက် ယင်းသတ္တဝါတို့၏ ရောဂါ ခုခံနိုင်စွမ်းကို လျော့ကျစေခြင်း၊ အစာချက်မှုဖြစ်စဉ်ကို ထိခိုက်ခြင်း၊ ကိုယ်ခန္ဓာလှုပ်ရှားမှုကို နှေးကွေးစေခြင်းစသည်တို့ကို ဖြစ်ပေါ်စေသည်။

ထို့ပြင် ရေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် မြင့်မားလာခြင်းသည် အချို့သော ရေသတ္တဝါတို့အတွက် ရေထဲမှ အောက်ဆီဂျင်ကို စုပ်ယူရန် ခက်ခဲလာစေသည်။ ဥပမာ ပြည်ကြီးငါးတို့သည် ရွေ့လျားသွားလာရာတွင် စွမ်းအင် များများ ထုတ်သုံးရ၍ အောက်ဆီဂျင်များများ လိုအပ်ရာ ကာဘွန်ဒိုင်အောက်ဆိုက်များ၍ အောက်ဆီဂျင်နည်းသော ရေထဲတွင် ရေရှည် ရှင်သန်ရန် မလွယ်ချေ။

လူတို့ကြောင့် ထွက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်သည် ကမ္ဘာကို ပူနွေးစေ၊ ရာသီဥတုကို ပြောင်းလဲစေနေသည့်အပြင် သမုဒ္ဒရာရေထုထဲသို့တိုင် ဆင်းသက်ရောက်ရှိပြီး ရေသတ္တဝါများ၏ တည်တံ့ရှင်သန်ရေး ကိုပါ ခြိမ်းခြောက်လျက် ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s