မသိမှုမှပေါက်ဖွားလာသောပူနွေးကမ္ဘာ

ရာသီဥတုဆိုသည်မှာ

နေရာဒေသတစ်ခု၏မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေ ဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ် ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံး ပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသအခြေအနေကိုမေးလျှင် ပူသည်၊ မိုးရွာသည် စသည့် အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ် ကြုံတွေ့ရ သော မိုးလေဝသ အခြေအနေများကို ကာလကြာ စုပေါင်း၍ အီကွေတာ ဒေသတွင် ပူအိုက်စွတ်စိုသော ရာသီဥတု ရှိသည်ဟု ဆိုရသည်။ ဝင်ရီုးစွန်း အရပ်များတွင်မူ နေ့စဉ် အေးခဲသောမိုးလေဝသအခြေအနေများကိုသာ တစ်နှစ်ပတ်လုံး ကြုံတွေ့ ခံစားကြရသဖြင့် ယင်းအရပ်များတွင် အေးသောရာသီဥတုရှိသည်ဟု အသိအမှတ်ပြုကြသည်။

ပြောင်းလဲနေသောရာသီဥတု

တစ်နေ့ချင်း၊ ရက်သတ္တတစ်ပတ်ချင်းသုံးသပ်ပါက ဒေသတစ်ခု၏ မိုးရွာ၊ နေပူ စသည့် မိုးလေဝသ အခြေအနေများ၏ ပြောင်းလဲနေမှုကို သိသာစွာ မမြင်နိုင်သော်လည်း ယင်းဖြစ်စဉ်တို့၏ ရေရှည်မှတ်တမ်းများ ဖြစ်ကြသော ရာသီဥတုအခြေအနေကို လေ့လာသောအခါ ကမ္ဘာ့ဒေသအားလုံး၏ ရာသီဥတုမှာ ပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်း ခိုင်လုံစွာ သိလာကြသည်။ ဤနေရာ၌ ရာသီဥတု ပြောင်းလဲခြင်းဆိုသည်မှာ နွေရာသီမှ မိုးရာသီ၊ မိုးရာသီမှ ဆောင်းရာသီ စသည်ဖြင့် ရာသီတစ်မျိုးမှ နောက်တစ်မျိုးသို့ ကူးပြောင်း ရောက်ရှိခြင်းကို မဆိုလိုဘဲ ရာသီတစ်ခုအတွင်း၌ ပုံမှန်ဖြစ်နေကျ အခြေအနေများ ပုံမှန်မှ သွေဖည်လာခြင်း ကို ဆိုလိုသည်။ အချို့နေရာများတွင် မိုးရွာသွန်းသည့် နေ့ရက်များတိုးလာနေပြီး အချို့ဒေသများတွင်မူ မိုးခေါင်သည့် ကာလ ရှည်လျားလာနေသည်။ ကမ္ဘာ၏ “ခေါင်ဖျား”ဟု ဆိုသော အာတိတ် ဒေသ၊ ကမ္ဘာ၏ “အောက်ခြေ” ဖြစ်သော အန္တာတိကဒေသ၊ ဟိမဝန္တာတောင်ထိပ်များစသည်တို့၌ ရေခဲပြင်များ တတိတိ အရည်ပျော်လာနေသည်။ ပင်လယ် ရေပြင် တအိအိ မြင့်လာနေသည်။ သီးနှံအချို့၏ မှည့်ဝင်းချိန် ရိတ်သိမ်း ခူးဆွတ်ချိန်များ တရွေ့ရွေ့ ပြောင်းလာနေသည်။ အပူပိုင်းဒေသတွင်သာ ရှင်သန်နိုင်ခဲ့သည့် ရောဂါပိုးသယ် သတ္တဝါအချို့ သမပိုင်းသို့တိုင် တစ်စတစ်စနယ်ချဲ့ရောက်ရှိ၍ ရောဂါဘယဖြစ်ပွားမှုနယ်ပယ်နှင့် အရေအတွက် တိုးပွားလာနေသည်။ ရာသီပြောင်းမှုကို မခံနိုင်၍ မျိုးသုဉ်းသွားသောသက်ရှိမျိုးစိတ်အရေအတွက် တဖြည်းဖြည်း များပြားလာနေသည်။ ရေအောက် သန္တာ ကျောက်တန်းများ တဖြုတ်ဖြုတ် ပျက်စီးလာနေသည်။ ယင်းတို့မှာ ရာသီဥတု ပြောင်းလဲမှု၏ လက္ခဏာများ ဖြစ်ကြသည်။

ပြောင်းလဲခြင်းအကြောင်း

အကျိုးတရားတစ်ခု ပေါ်ပေါက်လာလျှင် ယင်းအကျိုးကို ပေါ်ပေါက်စေသော နောက်ခံအကြောင်းတရား ရှိမြဲဖြစ်သည့်အတိုင်း ရာသီဥတုပြောင်းလဲလာရခြင်း၏ အကြောင်းရင်းကို လေ့လာသောအခါ ကမ္ဘာ့ကြီး ပူနွေးလာခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိကြသည်။ လူ့ခန္ဓာကိုယ် အပူချိန်တက်လာသောအခါ ခန္ဓာ၏ ဇီဝကမ္မစနစ်ကို ထိခိုက်ပြီး အစားအသောက် ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ ဖြစ်လာသကဲ့သို့ လူတို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း ပျမ်းမျှအပူချိန် တက်လာသဖြင့် အထက်ဖော်ပြပါ ရာသီဥတု ပြောင်းလဲမှုလက္ခဏာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းကို ဆက်၍ လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို လေထုတွင်း သွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကို တွေ့ရမည်။

လူတို့သည် မိမိတို့၏ လက် ခြေစသော ကိုယ်အင်္ဂါလှုပ်ရှားမှုနှင့် ခွန်အားကို အသုံးချ၍ အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့်မှ စ၍ စက်ကိရိယာများကို တီထွင်အသုံးချခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို အရှိန်အဟုန်နှင့်မြှင့်တင်ခဲ့ကြသည်။ ယင်းစက်ကိရိယာများကို လည်ပတ်မောင်းနှင်ရန် လိုအပ်သော စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာများ ဖြစ်ကြသော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို အသုံးပြု လောင်မြိုက်ကြသည်။ ထိုသို့လောင်မြိုက်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်လာကာ လေထုတွင်းရောက်ရှိသည်။

ကာဘွန်ဒိုင်အောက်ဆိုက်သည် မူလကပင် လေထုတွင်းရှိနှင့်နေပြီးသောဓာတ်ဖြစ်ကာ ကမ္ဘာကို အလောတော် အပူချိန်၌ နွေးထွေးစေခြင်းဖြင့် အကျိုးပြုနေသည်။ သို့သော် လူတို့၏ ပယောဂကြောင့် ယင်းဓာတ်များ လေထုတွင်း ထပ်ဝင်လာသောအခါ ရှိသင့်သည့် ပမာဏထက် ပိုလာသဖြင့် ကမ္ဘာ့အပူချိန် တက်လာရသည်။

မသိမှုအရင်းခံ

စက်များကို တစ်ချိန်ထက်တစ်ချိန် အလုံးအရင်းနှင့်တိုးမြှင့်အသုံးပြုခဲ့ကြသော လူတို့သည် မိမိတို့၏ ပယောဂကြောင့် ကမ္ဘာ့အပူချိန်တက်လာနေမှန်း၊ ရာသီဥတုပြောင်းနေမှန်းအချိန်အတော်နှောင်းမှ သိကြသည်။ အကယ်၍ စောစီးစွာ သိခဲ့ပါလျှင် ယခုကဲ့သို့ ကမ္ဘာ့အပူချိန် လျင်မြန်စွာတက်ပြီး ရာသီဥတုပါ ပြောင်းလဲခြင်း ဖြစ်မလာအောင် ဆင်ခြင်ထိန်းသိမ်းခဲ့ဖွယ် ရှိသည်။ သို့သော် ဖြစ်နေသည့် အကြောင်းရင်းနှင့် ဖြစ်လာမည့် အကျိုးဆက်တို့ကိုဆက်စပ်၍ သိနိုင်စွမ်းမရှိခဲ့သဖြင့် အပူချိန်တက်ကာ ရာသီ ပြောင်းလာခဲ့သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းသည် လူတို့၏ မသိမှုအကြောင်း မှ မြစ်ဖျားခံခဲ့သည်ဟု ကောက်ချက်ဆွဲယူနိုင်သည်။ မသိမှုဆိုရာတွင် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ တစ်ဒေသ တစ်နိုင်ငံတည်း၏ မသိမှုမျိုးမဟုတ်၊ လူသားတိုင်း၏မသိမှုများ ဖြစ်ကြသည်။

ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ရာသီဥတုပြောင်းလဲခြင်းသည် ကာဘွန်ဒိုင်အောက်ဆိုက် စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်း ဝင်ရောက်၍ လေထု၏ဖွဲ့စည်းပုံကို ပြောင်းလဲစေကာ ကမ္ဘာ၏ ရုပ်ပိုင်းနှင့် သက်ရှိ ဇီဝပိုင်းဆိုင်ရာကို ထိခိုက်နေသဖြင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်းတစ်မျိုး ဟု ဆိုနိုင်သည်။ သို့သော် အဆိပ်ငွေ့များကြောင့် လေထု ညစ်ညမ်းခြင်း၊ ရေနံယိုဖိတ်မှု အညစ်အကြေးများ စီးဝင်မှု စသည် တို့ကြောင့် ရေထုညစ်ညမ်း ခြင်းတို့မှာ ဖြစ်ပွားသည့် ဒေသတစ်ဝိုက်တွင်သာ ဆိုးကျိုးများကို ဖန်တီးပြီး ယင်းဆိုးကျိုးများမှာလည်း နှစ်အနည်းငယ်ကြာသောအခါ ပြေပျောက် သလောက် ဖြစ်သွားသည်။

လက်ဆင့်ကမ်းဆိုးမွေ

ရာသီဥတု ပြောင်းလဲခြင်းမှာမူ တစ်ကမ္ဘာလုံးကို ခြုံ၍ ဖြစ်ပေါ်နေပြီး ယင်း၏အကျိုးဆက်သည် ရာစုနှစ်နှင့်ချီ၍ ကြာမည် ဖြစ်၍ သာမန် သဘာ၀ ပတ်ဝန်းကျင်ညစ်ညမ်းမှုထက် များစွာ ကျယ်ပြန့်ဆိုးရွားသည်။

လက်ရှိလူသားတို့က ယခုချက်ချင်း ရုပ်ကြွင်းလောင်စာအသုံး လုံးဝရပ်ဆိုင်းကာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်မှုကို ရပ်တန့်လိုက်ကြသည့်တိုင်အောင် လေထုတွင်းရောက်နှင့်ပြီးဖြစ်သည့် ဓာတ်ငွေ့များ၏သတ္တိကြောင့် ရာသီဥတု ဆက်လက်ပြောင်းလဲနေဦးမည်။ ရုပ်ကြွင်းလောင်စာအသုံး လျှော့ ကြလျှင်တော့ လျှော့သည်နှင့်အမျှ ရာသီဥတုပြောင်းလဲမှု ပမာဏ လျော့မည်။ ရုပ်ကြွင်းလောင်စာအသုံး မလျှော့နိုင်ကြလျှင်တော့ ယနေ့ လူသားများနှင့် အနာဂတ်မျိုးဆက်တို့ခံကြရမည့် အကျိုးဆက်မှာ မတွေးဝံ့လောက်အောင် ဖြစ်သည်။

ကိစ္စရပ်တိုင်း၊ ဖြစ်စဉ်တိုင်းတွင် အဆိုပါကိစ္စ အဆိုပါဖြစ်စဉ်ကို ဦးစွာသိအောင်လုပ်ပြီး မှန်ကန်သောအကျင့်တရားနှင့် အားထုတ်လျှင် လိုသည့် ပန်းတိုင် ရောက်သကဲ့သို့ ရာသီဥတုပြောင်းလဲခြင်းတွင်လည်း လူသားတိုင်း မှန်ကန်သောအသိကို ရယူ အသုံးချ၍ အဆိုပါဖြစ်စဉ်၏ ဆိုးကျိုးများကို လျော့ပါးအောင် ကြိုးစားကြရန် အထူးလိုအပ်နေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s