ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ခန့်ကတည်းက မိုးရေလှောင်ကန်များကို အသုံးပြု ခဲ့ကြသည်။ တစ်ချိန်တည်းတွင် အရှေ့အလယ်ပိုင်းဒေသ ယခုခေတ် အစ္စရေး နှင့်ဂျော်ဒန်နိုင်ငံ နက်ဂက်(ဗ်) သဲကန္တာရ စိုက်ခင်းများသို့ ရေလွှမ်းမိုးတတ်သောနေရာများမှ ရေကိုသွယ်ယူ၍စိုက်ပျိုးခဲ့ကြသလို အမေရိကန် နိုင်ငံတောင်ပိုင်းနှင့် အာဖရိကတိုက်များ၌လည်း စိုက်ပျိုးရေးအတွက် မိုးရေလှောင်ကန်များ တည်ဆောက်ခဲ့ကြသည်။

၂၀ ရာစုအစောပိုင်း၌ တည်ဆောက်ခဲ့သော မိုးရေလှောင်ကန်အများစုသည် ရေစီးကိုတန့်စေခြင်းဖြင့် မြေဆီလွှာရေတိုက်စားခံရမှုမှကာကွယ်ရန် အဓိက ရည်ရွယ်ခဲ့သည်။ ရေပေးရေးအတွက် ဦးမတည်ခဲ့ပေ။ ၂၀ ရာစု အလယ်ပိုင်းတွင် “အစိမ်းရောင်တော်လှန်ရေး” ပေါ်ပေါက်လာပြီး မျိုးစေ့အသစ်များ၊ အင်အော်ဂဲနစ် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများဖြင့် သီးနှံအထွက်တိုးစေခဲ့ကြသည်။ မြစ်ကြောင်းများတစ်လျှောက် ရေကာတာကြီးများဆောက်လုပ်ကာ ဆည်ရေကိုသုံး၍ စိုက်ပျိုးဧကများ လျင်မြန်စွာ တိုးချဲ့ခဲ့ကြသည်။

တိုးပွားလာသော စိုက်ခင်းများသို့ ပေးသွင်းရသည့် ရေထုထည် များလွန်းသဖြင့် ရေအရင်းအမြစ်များ ယုတ်လျော့လာသည်။ ဆည်ကြီးများ ပိုမို ဆောက်လုပ်လာမှုကြောင့် ဂေဟစနစ် ပျက်ယွင်းလာသည်။ ၁၉၇၀ ခုနှစ်နောက်ပိုင်း အာဖရိကတိုက်တွင် မိုးအကြီးအကျယ်ခေါင်သည့်အချိန်မှစ၍ ဆည်ကြီးများကိုသာ အားမကိုးတော့ဘဲ ဒေသ အလိုက် မိုးရေလှောင်ကန်များကို တိုးမြှင့်တည်ဆောက်ဖို့ အာရုံစိုက်လာသည်။

တရုတ်နိုင်ငံတွင် ကျေးလက်မိုးရေလှောင်ကန်များဖြင့် စိုက်ပျိုးရေးကဏ္ဍကို ရှင်သန်စေနိုင်သဖြင့် လူများ မြို့ပြသို့ ပြောင်းရွှေ့နေထိုင်မှုကို အတိုင်းအတာတစ်ခု အထိ တားဆီးနိုင်ခဲ့သည်။ ရေလွှမ်းချိန်တွင် ကြမ်းတမ်းသောရေစီးကို တန့်စေကာ မိုးရေလှောင်ကန်ထဲ ဝင်ရောက်စေခြင်းဖြင့် တရုတ်နိုင်ငံဒေသ အများတွင် မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ခဲ့သည်။ လူဦးရေများလာ၊ ရေအသုံးများလာခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှုက အခြားရေအရင်း အမြစ်များကို ခြိမ်းခြောက်လာသော ယခုအခါတွင် မိုးရေတိုက်ရိုက်ရယူအသုံးချရေး၊ မိုးရေလှောင်ကန်တည်ဆောက်ရေးတို့သည် ပို၍အရေးပါလာသည်။

မိုးရေရယူသိုလှောင်အသုံးချခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ “ရွာကျလာသောမိုးရေ၊ မြေပြင်ပေါ် စီးဆင်းနေ တည်ရှိနေသော မိုးရေများကိုတိုက်ရိုက်ရယူကာ အိမ်သုံး၊ စိုက်ပျိုးရေးသုံး၊ လုပ်ငန်းသုံးအပြင် ဂေဟစနစ် ရှင်သန်နေစေရေးအတွက် စီမံခန့်ခွဲအသုံးချသောနည်းပညာ”ဟု သတ်မှတ်ကြသည်။ မြစ်ကို ရေကာတာကြီးများဖြင့်ပိတ်၍ ပေါ်ထွန်းလာသော ဆည်ရေ၏ဇာစ်မြစ်သည် မိုးရေများပင်ဖြစ်၍ ဆည်များသည် မိုးရေရယူသိုလှောင် အသုံးချခြင်းတစ်မျိုး ဖြစ်သော်လည်း အဆိုပါ အဆောက်အအုံအကြီးစားများကို မထည့် သွင်းဘဲ ဒေသခံအစုအဖွဲ့များဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ တစ်နိုင်တစ်ပိုင် တည်ဆောက် ထိန်းသိမ်းနိုင်သော အလတ်စားနှင့် အငယ်စားစနစ်များကိုသာ မိုးရေရယူ သိုလှောင် အသုံးချခြင်းဟု ခေါ်ဆိုကြသည်။ မိုးရေလှောင်ကန်ဟုလည်း အလွယ်သုံးစွဲကြသည်။

အားသာချက်များ

မိုးရေရယူသိုလှောင်အသုံးချခြင်းစနစ်သည် မုန်တိုင်းတိုက်ချိန်၊ မိုးများချိန်တွင် စီးလာသောရေများကို မိုးရေလှောင်ကန်ထဲတွင်ထားရှိကာ လိုအပ်သလို ထုတ်သုံးခြင်းဖြင့် ကန်တည်ရှိရာဒေသ၌ မိုးပြတ်ချိန်တွင် ရေရရှိစေသည်။ အကြောင်းညီညွတ်သောနေရာများတွင် တစ်နှစ်ပတ်လုံး ရေရရှိအောင်အထိ လုပ်ဆောင်နိုင်သည်။ နေရာတစ်ခုတွင်ပိုလျှံနေသော မိုးရေများကို ရေလိုသောနေရာသို့ သယ်ယူ ပို့ဆောင်ပေးခြင်းဖြင့် တစ်နေရာ နှင့် တစ်နေရာ ရေရရှိခြင်းမညီမျှမှုကို ထိန်းညှိပေးနိုင်သည်။ မြို့နှင့်ကျေးရွာ ရေပေးရေးစနစ်၊ ဆည်မြောင်းစနစ်တို့မှရသောရေ၏နေရာတွင် မိုးရေကိုအစားထိုးသုံးစွဲခြင်းဖြင့် ရေအရင်း အမြစ်ကို ချွေတာရာရောက်သည်။ မိုးရေသည် အခြားရေပေးရေးစနစ်မှရသော ရေထက် အဖိုးအခ သက်သာသည်။ ဗဟိုရေပေးရေးစနစ်မရှိသည့်နေရာများတွင် မိုးရေဖြင့် စိုက်ပျိုးရေး မွေးမြူရေး မြို့ရွာရေပေးရေးတို့ကို အကောင်အထည်ဖော်နိုင်သည်။

ဒေသခံအစုအဖွဲ့များဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ တစ်နိုင်တစ်ပိုင် တည်ဆောက် ထိန်းသိမ်းနိုင်သော အလတ်စားနှင့် အငယ်စားစနစ်များကိုသာ မိုးရေ ရယူ သိုလှောင် အသုံးချခြင်းဟု

မိုးရေလှောင်ကန်များ ရှိလျှင် ရေအတွက် ဝေးလံသောနေရာများသို့ သွားရောက်သယ်ယူစရာ မလိုတော့သည့် အကျိုးကိုရသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံကျေးလက်များတွင် အမျိုးသမီးနှင့်ကလေးငယ်များ ဝေးလံသော နေရာများသို့ ရေသွားခပ်နေကြရရာ မိမိတို့ရွာတွင် မိုးရေလှောင်ကန်များ ရှိခြင်းကြောင့် ရေအတွက် အချိန် မပေးရတော့သဖြင့် ကျန်းမာရေး ပညာရေး လူမှုစီးပွားဘဝများ အခြေတင့်လာကြသည်။ မိုးရေလှောင်ကန်များကြောင့် ရေစီးတန့်သွားသဖြင့် မြေဆီလွှာထဲရှိ အပင်အာဟာရများကို ရေစီးနှင့် မျောမသွားအောင် ထိန်းပေးသည်။

မိုးရေရယူသိုလှောင်အသုံးချခြင်းသည် ဟန်ချက်ပျက်စပြုနေသော ရေသံသရာကို တစ်စိတ်တစ်ပိုင်း ထိန်းမတ် ပေးသည်။ ပင်လယ်သမုဒ္ဒရာထဲမှရေတို့အငွေ့ပျံ၍ လေထုထဲရောက်၊ လေထဲမှရေငွေ့တို့စုဖွဲ့ကာ မြေပြင် ရေပြင်ပေါ် ပြန်ကျ၊ အချို့ရေများ မြေအောက်စိမ့်ဝင်ကာ မြေအောက်ရေအဖြစ် နှစ်ပေါင်းများစွာ တည်နေ၊ မြေပြင် ရေပြင်မှ ရေများ အငွေ့ပျံ၍ လည်းကောင်း၊ မြေဆီလွှာထဲမှရေများကို အပင်တို့က စုပ်ယူအသုံးချပြီး ပြန်လည်ထုတ်လွှတ်ခြင်းဖြင့် လည်းကောင်း ရေငွေ့များလေထဲပြန်ရောက်၊ မြေပေါ်မှ ရေများ နောက်ဆုံးတွင် ပင်လယ်ထဲ ပြန်စီးဝင်စသဖြင့် အစဉ်လှုပ်ရှားလည်ပတ်နေခြင်းကို ရေသံသရာဟု ခေါ်သည်။

ရေသံသရာဗီဒီယိုသရုပ်ဖော်ချက် ရှုစားရန်

ရေသံသရာတွင် ပင်လယ်ရေငန်၊ လေထုတွင်းရေငွေ့၊ ရွာကျလာသော မိုးရေနှင့်ဆီးနှင်းများ၊ မြေမျက်နှာပြင်ပေါ်စီးဆင်းနေတည်ရှိနေသော မြေပေါ်ရေနှင့် မြေအောက်ရေဟူ၍ အဓိကအပိုင်းငါးပိုင်း ရှိသည်။

ရှေးခေတ်က ရပ်ဝေးမှ မြေပေါ်ရေများကို လိုရာမပို့နိုင်ခဲ့၊ မြေအောက်ရေကို ထုတ်ယူနိုင်သော စက်များ မပေါ်ပေါက်ခဲ့စဉ်က မြေပေါ်ရေ မြေအောက်ရေများသည် သူ့နေရာနှင့်သူ ဟန်ချက်ညီညီ ရှိနေခဲ့သည်။ သောက်သုံးရန်အတွက် မိုးရေ၊ မိမိတို့နေထိုင်ရာအနီးရှိ မြေပေါ်ရေနှင့် လက်လှမ်းမီသောမြေအောက်ရေတို့ကို သုံးစွဲရှင်သန်ခဲ့ကြသည်။

ခေတ်မီနည်းပညာများ ပေါ်ပေါက်လာသောအခါ ရပ်ဝေးမှရေတို့ကို လိုရာသို့ ပိုက်လိုင်းများ၊ တူးမြောင်းများဖြင့် ပို့ဆောင်ကြသည်၊ မြေအောက်ရေများကို အလုံးအရင်းနှင့် စုပ်ယူကြသည်။ မိုးရေသုံးစွဲမှုအချိုး ရှေးကထက် နည်းလာသည်။ မြေပေါ်မြေအောက်ရေအရင်းအမြစ်များ ဆုတ်ယုတ်စပြုလာသည်။ ရေသံသရာ၏ တစ်ထောင့်တစ်နေရာတွင် ဟန်ချက်ပျက်လာသည်။

မိုးရေလှောင်ကန်များ တိုးတက်တည်ဆောက်သုံးစွဲလာကြခြင်းကြောင့် ရေရှားသောအရပ်များတွင် မိုးရေကို သုံးစွဲနိုင်သည်။ မိုးရေများ မြေအောက်သို့ စီးဝင်နိုင်ခွင့် ပိုရသွားသည်။ အချို့ဒေသများတွင် မြေအောက်ရေ ပြန်လည်ဖြည့်တင်းရန် ရည်ရွယ်ချက် သက်သက်ဖြင့် မိုးရေလှောင်ကန်များကို တည်ဆောက်ကြသည်။ ယင်းကန်များသည် ရေသံသရာကို ထိန်းညှိပေးသောကန်များ ဖြစ်လာသည်။

ပို၍ပူလာသောရာသီဥတုကြောင့် ပင်လယ်ရေပါ လိုက်ပူလာခြင်း၏ အကျိုးဆက် အဖြစ် ပို၍ပြင်းထန်သော မုန်တိုင်းမိုးများရွာသွန်းလာခြင်းဖြင့်လည်း ရေသံသရာ လည်ပတ်မှုသည် ရှေးကနှင့်မတူ ကွဲပြားလာသည်။ ယင်းဖြစ်စဉ်ကြောင့် ရေကြီးရေလျှံမှု အန္တရာယ် ပိုကြီးလာသောနေရာများတွင် မိုးရေလှောင်ကန်များ တည်ဆောက်ခြင်းဖြင့် ရေဘေးမှ အထိုက်အလျောက် လျော့ပါးစေနိုင်သည်။

သတိပြုရမည့်အချက်များ

သို့သော် မိုးရေအသုံးချခြင်းတွင် သတိပြုရမည့်အချက်များ၊ အားနည်းချက်များလည်း ရှိသည်။ မိုးခေါင်ချိန် ကြာလွန်းလျှင် ရေလုံလောက်စွာစဉ်ဆက်မပြတ်ပေးနိုင်ခြင်း မရှိ။ ဝင်ငွေနည်းလွန်းသော ဒေသများအတွက် ဆောက်လုပ်ထိန်းသိမ်းစရိတ် မတတ်နိုင်ဖြစ် တတ်သည်။ ငွေကြေးမလုံလောက်၍ မိုးရေ ရယူ သိုလှောင် အသုံးချစနစ်အရွယ်အစား ကန့်သတ်ရသောနေရာများတွင် အကျိုးရသင့်သလောက် မရနိုင်။ ရေဖြတ်ယူ သိုလှောင်သောပမာဏများလွန်းလျှင် ရေစီးပမာဏနည်းသွားသဖြင့် မြစ်အောက်ပိုင်းဒေသခံများနှင့် အငြင်းပွားနိုင်သည်။ အငြင်းမပွားသည့်တိုင်အောင် မြစ်အောက်ပိုင်း ဂေဟစနစ်ရှင်သန်မှုကို ထိခိုက်အောင် အထိ မိုးရေကို လွန်ကဲစွာ တားဆီးသိုလှောင်ခြင်း မပြုရ။ ရေရှည်တည်တံ့ အသုံးချနိုင်သောစနစ် ဖြစ်ရန် ကောင်းမွန်သောစီမံအုပ်ချုပ်မှု လိုအပ်သည်။ ရေလှောင်ကန်များကို စနစ်တကျ မထိန်းသိမ်းနိုင်လျှင် ခြင်နှင့်အခြားပိုးကောင်များ ပေါက်ပွားကာ ရောဂါဖြန့်ဖြူးရာနေရာများ ဖြစ်သွားတတ်သည်။

မိုးရေစုဆောင်းသိုလှောင်အသုံးချပုံဗီဒီယိုသရုပ်ဖော်ချက် ရှုစားရန်

မိုးရေလှောင်ကန်အပါအဝင်ဖြစ်သော မိုးရေရယူသိုလှောင်အသုံးချခြင်းစနစ်သည် သာမန်ကြည့်ပါက တည်ဆောက်ထိန်းသိမ်းရလွယ်သည်ဟု ထင်ရသော်လည်း ကျယ်ပြန့်သောရေဝေဒေသကို ခြုံငုံ ထည့်သွင်း စဉ်းစားရခြင်း၊ ခိုင်ခန့်မှုအတွက် အင်ဂျင်နီယာဆိုင်ရာ ဒီဇိုင်းရေးဆွဲရခြင်း၊ မိုးလေဝသနှင့်ဇလဗေဒ အချက်အလက်များ၊ ဆောက်လုပ်မည့်နေရာရှိ မြေသား၏ရေစိမ့်ဝင်နိုင်မှု အနည်းအများ၊ ဝန်ခံနိုင်မှုစသည့် ဘူမိဗေဒအချက်အလက်များကို တိုင်းတာတွက်ချက်ရခြင်း၊ ရရှိလာမည့်အကျိုးကျေးဇူးနှင့် ရေရှည် ဆက်လက် ထိန်းသိမ်းရမည့်တာဝန်တို့ကို ဒေသခံတို့အား ပွင့်လင်းမြင်သာစွာ ရှင်းပြကာ ယင်းတို့ ပူးပေါင်းပါဝင်ရန် စည်းရုံးရခြင်းစသည်တို့ကို ထိရောက်စွာလုပ်ဆောင်နိုင်မှ ရေရှည်တွင် အောင်မြင်တည်တံ့နိုင်သည်။

စနစ်တကျ တည်ဆောက်ထိန်းသိမ်းနိုင်သဖြင့် ဒေသခံများကိုရော ဂေဟစနစ်ကိုပါ ထိရောက်စွာအကျိုးပြုကာ နှစ်ကာလများစွာတည်တံ့နေသော မိုးရေတိုက်ရိုက်ရယူ သိုလှောင် အသုံးချခြင်းစနစ် သို့မဟုတ် မိုးရေလှောင်ကန်များကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပါ အမြောက်အမြား ဆောက်လုပ်လာနေခြင်းသည် ပျက်ယွင်းစ ပြုလာသော ရေသံသရာ ပုံမှန်ပြန်ရောက်စေရန် အထောက်အကူပြုသည့် ဆောင်ရွက်ချက်များပင် ဖြစ်သည်။


အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၃ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်

အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး

အခန်း-၅ မြေလျှိုးမိုးရေ

အခန်း-၆ မိုးကျရေချို

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး

အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး

9 thoughts on “ပျက်ယွင်းရေသံသရာနှင့်မိုးရေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s