
ရေခဲအမှတ်အောက်တွင် အနည်းဆုံးနှစ်နှစ်ဆက်တိုက်ရှိနေသော မြေလွှာ ကျောက်လွှာများရှိရာဒေသကို စဉ်ခဲဒေသဟု ခေါ်သည်။ မြောက်နှင့် တောင်ဝင်ရိုးစွန်း အနီးဝန်းကျင်အရပ်များ၊ အချို့တောင်တန်းများ၏ မြင့်မားသောအပိုင်းများသည် စဉ်ခဲဒေသများ ဖြစ်ကြသည်။ စဉ်ခဲဒေသ၏ ခဲမာနေသောမြေပြင်၏အထူသည် ပုံမှန်အားဖြင့် ၂ ပေ မှ ၁၂ ပေခန့်ရှိသော်လည်း အချိန်နှင့်နေရာကိုလိုက်၍ အပြောင်းအလဲရှိရာ ရုရှားပြည် ဆိုက်ဘေးရီးယား၏ အချို့နေရာများတွင် စဉ်ခဲမြေလွှာသည် ပေ ၄၅၀၀ အထိ ထူထဲသည်။ ရံခါ အရည်ပျော်တတ်သော စဉ်ခဲမြေလွှာများ၏ အပေါ်ယံ မျက်နှာပြင်တွင် သစ်ပင်များ ပေါက်ရောက်နိုင်သည်။
လက်ရှိစဉ်ခဲဒေသ၏ ဧရိယာသည် ကမ္ဘာမျက်နှာပြင်၏ ၂၀ ရာခိုင်နှုန်းမျှရှိသည်။ ယင်းအကျယ်အဝန်းသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲပူနွေးလာနေမှုကြောင့် စဉ်ခဲဒေသမြေလွှာများ အရည်ပျော်ကာ တဖြည်းဖြည်း ကျုံ့ဝင်သေးငယ်လာနေသည်။ မြေလွှာများအရည်ပျော်မှုကြောင့် ယင်းဒေသတွင် ဆောက်လုပ်ထားသော အဆောက်အအုံများ ကွဲအက် တိမ်း စောင်း ပြိုကျခြင်း၊ လမ်းများ ပျက်စီးခြင်း၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ကျိုးခြင်း၊ သစ်ပင်များလဲကျခြင်း စသည်တို့ကို ကြုံတွေ့နေရသည်။
အဆိုပါမြေလွှာများ အရည်ပျော်လျှင် ခြောက်သွေ့သောမြေလွှာများမှ ကာဘွန်ဒိုင်အောက်ဆိုက်၊ စိုစွတ်သော မြေလွှာများမှ မီသိန်းဓာတ်ငွေ့စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ လွတ်ထွက်ကာ လေထုထဲ ဝင်ရောက်၍ ပူနွေးနေသော ကမ္ဘာကို မီးထပ်တိုက်ပေးမည့်အန္တရာယ် ရှိနေသည်။
အအေးပိုင်းဒေသ ရေအောက်ကြမ်းပြင်များ၏အောက်တွင်လည်း အေးစက်သောအပူချိန်နှင့် ပြင်းထန်သောဖိအားတို့ကြောင့် အခဲဘဝတွင် ရောက်နေသော မီသိန်းတို့ ရှိသည်။
ကမ္ဘာ့မြောက်ဘက်စွန်း အာတိတ် ဒေသ၌ သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေကြသော ပညာရှင်တို့သည် ယင်းဒေသ၏ ရေအောက် စဉ်ခဲ မြေလွှာများ အရည်ပျော်မှုကြောင့် တန်ချိန်သန်းပေါင်းများစွာ ရှိသည့် မီသိန်းဓာတ်ငွေ့များ ရေအောက်မှ ထွက်ပေါ်နေကြောင်း ၂၀၀၈ ခုနှစ် စက်တင်ဘာလက တွေ့ရှိလိုက်ကြသည်။ သိပ္ပံပညာရှင်တစ်စုသည် သုတေ သနသင်္ဘောတစ်စီးဖြင့် ရုရှားနိုင်ငံ၏ မြောက်ဘက်ကမ်းရိုးတန်း တစ်လျှောက် လေ့လာနေခဲ့ရာ ပင်လယ်ရေပြင်ပေါ်တွင် ပွက်ထနေသော မီသိန်း ပူဖောင်း များကို တွေ့ရှိခဲ့သည်။ ပင်လယ်ကြမ်းပြင်အောက်ရှိ စဉ်ခဲမြေလွှာများ အရည် ပျော်ရာမှ မီသိန်းဓာတ်ငွေ့များ မျက်နှာပြင်သို့တိုင် တက်လာသည်ဟု ယူဆ ကြသည်။
ရုရှားကမ်းလွန်၌ မီသိန်းများ ပန်းထွက်နေသည်ကို တွေ့ရသကဲ့သို့ ဗြိတိသျှသိပ္ပံပညာရှင်များကလည်း နော်ဝေနိုင်ငံပိုင် ဆဗဲလ်ဘာကျွန်း၏ အနောက်ဘက်ကမ်းလွန် တစ်နေရာတွင် မီသိန်းများ ထွက်နေသည်ကို တွေ့ကြရပြန်သည်။ ဗြိတိသျှ သုတေသနသင်္ဘော “ဂျိမ်းစ်ကလပ်ရော့စ်”ပေါ်မှ ပညာရှင်များသည် ယင်းနေရာရေပြင်၏ ပေ ၁၂၀၀ ခန့်အနက်တွင် မီသိန်း များကို လေ့လာတွေ့ရှိခြင်း ဖြစ်သည်။
လွတ်ထွက်လာသော မီသိန်းအများစုသည် ရေထဲရှိ အောက်ဆီဂျင်နှင့် ပေါင်းမိပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဘဝသို့ ပြောင်းသည်။ ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် တစ်ဖန် ပင်လယ်ရေထဲတွင် ကာဘွန်နစ်အက်စစ် အဖြစ် ပြောင်းလဲကာ သမုဒ္ဒရာရေပြင်၏ အက်စစ်ဓာတ်ပမာဏကို တိုးမြင့်စေလျက် ရှိသည်။