ရန်ကုန်မြို့ပြအကျိုးအတွက်ထပ်ထိုးလိုက်သည့်ခေါင်းလောင်းသံ

မိုးရာသီရောက်သည်နှင့်”မိုးရွာရင် မိုးရေချိုးမယ်”ဟု အော်ဟစ်ကာ သီဆိုမြူးထူး ပျော်ပါးနေသော ကလေး တို့ကို ကြည့်၍ လူကြီးတို့ပါ စိတ်လက်ကြည်နူးရခြင်းကို ရန်ကုန်တွင် အတွေ့ရနည်းလာပြီ ဖြစ်သည်။ ကလေးကစားကွင်းများ၊ ရပ်ကွက်တွင်းပန်းခြံများ၏နေရာတွင် အဆောက်အအုံများ ရောက်လာသည့်အတွက် ကလေးတို့ ဆော့ကစားနိုင်သည့်နေရာပျောက်ပြီး လူကြီးတို့ကမူ အိမ်ထဲသို့ ရေဝင်လာတော့မလားဟု ရင်တမမဖြင့် “ရေကင်းစောင့်” ကြရသည့်ဘဝသို့ ရောက်နေသည်။

ရေကြီးရေလျှံမှုများသည် စည်းကမ်းမဲ့အမှိုက်ပစ်မှုများကြောင့်၊ ဌာနဆိုင်ရာများက ထိရောက်စွာ မလုပ်နိုင် မှုကြောင့်စသည်ဖြင့် အမျိုးမျိုး ပြောနေကြသည်၊ အပြန်အလှန် လက်ညှိုးထိုးနေကြသည်။ စင်စစ်တွင်မူ ရန်ကုန်၏ ရေကြီးရေလျှံမှု ပြဿနာသည် စည်းကမ်းတကျ အမှိုက်စွန့်ကြ၊ ဌာနဆိုင်ရာတို့က ရသမျှ ဘတ်ဂျက်တို့ကို အလေအလွင့် အဖိတ်အစင်မရှိအောင် ထိန်းသိမ်း လုပ်ဆောင်ကြလျှင်သော်မှ ပြေလည်ရန်မလွယ်တော့သည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

လက်ရှိရန်ကုန်လမ်းများ၊ မိလ္လာစွန့်စနစ်နှင့် ရေ ထုတ်မြောင်းများကို လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် ကတည်းက စတင်အကွက်ချတည်ဆောက်ခဲ့သည်။ စနစ်ကျသောအင်ဂျင်နီယာတို့၏လုပ်ထုံးလုပ်နည်းနှင့် အညီ တည်ဆောက်ပြီးစီးသည်မှ နောင်နှစ်ပေါင်း ၅၀၊ ၆၀ ကြာသည့်တိုင်အောင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ မည်သည့်နေရာတွင် မည်မျှမြင့်သည့် တိုက်တာ အဆောက်အအုံများ ရှိပြီး လူမည်မျှနေ၍ ရေမည်မျှသုံးကာ ရေဆိုး မည်မျှထွက်မည်၊ ရေများကို မည်သို့ပေးဝေပြီး ရေဆိုးများကို မည်သို့ထုတ်မည်စသဖြင့် ကြိုတင်တွက်ဆကာ စနစ်တကျ အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ ယင်းသို့လုပ်ဆောင်ခဲ့၍လည်း တည်ဆောက်ပြီး နှစ်ပေါင်း ၅၀ ကျော်အထိ အခက်အခဲ ပြဿနာ ကြီးကြီးမားမား မရှိခဲ့ကြောင်း ရန်ကုန်နေလူထုအများ ကိုယ်တွေ့သိရှိပြီး ဖြစ်သည်။

ရန်ကုန်မြို့လယ်မိလ္လာစွန့်စနစ်သည် သက်တမ်းများစွာကျော်လွန်၍ အိုမင်းနေပြီဖြစ်သော်လည်း ဇီဝိန်ချုပ် ခွင့်မရသေးဘဲ ဝန်ဆောင်မှုပေးနေရဆဲ ဖြစ်သည်။ ယင်းစနစ်ကို တည်ဆောက်ခဲ့စဉ်က လူဦးရေ ၄၀၀၀၀ ခန့်မှထွက်သော မိလ္လာများကို သယ်ယူစွန့်ပစ်ရန် ရည်မှန်းခဲ့သည်။ ယခုအခါ ရည်မှန်းသည်ထက် ဆယ်ဆနီးပါး ပိုလွန်ကာ လူဦးရေ ၃၅၀၀၀၀ ခန့်တို့မှထွက်သော မိလ္လာများကို လက်ခံစွန့်ထုတ်ပေးနေရ ကြောင်း စည်ပင်၏ “ရန်ကုန်မြို့တော် ရေပေးရေးနှင့် မိလ္လာစနစ် တိုးတက် ကောင်းမွန်ရေး စီမံချက်” စာတမ်း၌ ဖော်ပြထားသည်။

ဤအချက်ကို ဂရုမစိုက်ဘဲ မြို့လယ်တစ်ဝိုက်တွင် ခုနစ်ထပ်၊ ရှစ်ထပ်နှင့်အထက် အဆောက်အအုံများကို ဆက်လက် ဆောက်လုပ်နေကြခြင်းသည် သန့်ရှင်းမှုဆိုင်ရာ ပြဿနာပေါင်းစုံကိုဖိတ်ခေါ်နေခြင်းပင် ဖြစ်သည်။ လုပ်ငန်းပြီးစီး၍ ဆောက်လုပ်သူများ ငွေထုပ်ပိုက်ထွက်သွားမည်ဖြစ်သော်လည်း နေထိုင်သူများ အခက်အခဲပေါင်းများစွာနှင့် ဆက်လက်ရင်ဆိုင်ကြရမည်ကို သတိပြုဖို့ လိုသည်။

မနိုင်ဝန်ထမ်းနေရသောမိလ္လာစွန့်စနစ်သည် လာမည့်နှစ်များတွင် ပို၍သာ အခြေအနေဆိုးလာရန် ရှိနေသည်။ လာမည့်ငါးနှစ်အတွင်း ရန်ကုန်မြို့လယ်၌ တိုးပွားမည့် ရှစ်ထပ်နှင့်အထက်တိုက်ပေါင်းလုံးရေ ၂၀၀ ရှိမည်ဟု ယူဆလျှင် တိုက်တစ်လုံးလျှင် ၁၆ ခန်း၊ လူဦးရေ ၁၀၀ ခန့်နေထိုင်မည် ဖြစ်သည်။ တိုက်သစ်အလုံး ၂၀၀ တွင်နေသည့် လူပေါင်း ၂၀၀၀၀ ခန့်မှ ထွက်လာသော မိလ္လာနှင့်ရေဆိုးများ၏ပမာဏသည် ဂါလန် ၃၀၀၀၀ ခန့်ရှိသည်။ ဖော်ပြပါ ကိန်းဂဏန်းများမှာ အနည်းဆုံးဖြစ်နိုင်ခြေကိုသာ တွက်ပြထားခြင်းဖြစ်ရာ လက်တွေ့တွင် ယင်းထက် များစွာပိုဖို့သာရှိသည်။ ယင်းမိလ္လာနှင့်ရေဆိုးများကို သက်တမ်းလွန်ပိုက်လိုင်းများ၊ မြောင်းများဖြင့် ပြည်သူ့ကျန်းမာရေး အန္တရာယ်ကင်းကင်း အဆင်ပြေပြေစွန့်ထုတ်ဖို့ဆိုသည်မှာ အလွန်တရာ မလွယ်ကူသောကိစ္စ ဖြစ်သည်။

မိလ္လာစနစ်နည်းတူ ရေထုတ်မြောင်းများသည်မတန်တဆဝန်ပိနေကြသည်။ ရန်ကုန်မြို့လယ်ဧရိယာအပြင် ယင်းကို ထိစပ်ဝန်းရံနေသောမြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများကို ယခုကပင် ဆိုးရွားစွာခံစားနေကြရရာ ထပ်တိုး အဆောက်အအုံနှင့်လူများမှ ထွက်လာမည့် ရေဆိုးများသည် ရေနစ်နေသောသူကို ဝါးကူထိုးရုံတင် မက လှေနှင့်ဝင်တိုက်သကဲ့သို့ ထပ်ဆင့်ဆိုးကျိုးများကို ဖန်တီးရာရောက်မည်ဖြစ်ကြောင်း သတိပြုသင့်သည်။

မိလ္လာနှင့်ရေဆိုးကိစ္စပြီးနောက် ရေပေးရေးကိုစဉ်းစားလျှင် လက်ရှိရန်ကုန် ရေပေးရေးစနစ်တွင်ပါသော လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ်တို့မှ ကန်ရေများ၊ အဝီစိတွင်းရေများဖြင့် တစ်နေ့လျှင် ရေဂါလန် သန်း ၂၀၀ ကျော်ခန့် ပေးဝေနေကြောင်း သိရသည်။ ရန်ကုန် လူဦးရေကို ငါးသန်းဟု ယူဆလျှင် တစ်ဦး ဂါလန် ၄၀ နှုန်းဖြစ်သည်။ တကယ်သာ ထိုမျှရလျှင် လုံလောက်သောပမာဏ ဖြစ်သည်။

သို့သော် ပိုက်ပေါက်ခြင်း၊ သုံးစွဲသူအချို့ မဆင်မခြင် ဖြုန်းတီးခြင်းစသည်တို့ကြောင့် ၅၀ ရာခိုင်နှုန်းခန့် လေလွင့်ဆုံးရှုံးပြီး ပေးဝေသည့်ရေပမာဏ၏ ထက်ဝက်ခန့်သာ ရန်ကုန်သားတို့သုံးနေရသည်ဟုဆိုသည်။ ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင်ပင် ပေးဝေသော ရေပမာဏ၏ ၄၀ ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးနေကြောင်း စစ်တမ်းများက ပြဆိုနေရာ ရန်ကုန်၌ ရေလေလွင့်ဆုံးရှုံးမှု ၅၀ ရာခိုင်နှုန်းသည် များစွာ ဖြစ်နိုင်ခြေရှိသည်။ ထို့ကြောင့် ကိန်းဂဏန်းများက ရန်ကုန်သားတစ်ဦး တစ်နေ့ရေဂါလန် ၄၀၊ စုစုပေါင်း ရေဂါလန်သန်း ၂၀၀ ရသည်ဟု ပြဆိုသော်လည်း လက်တွေ့တွင်မူ တစ်ဦးတစ်နေ့လျှင် ရေဂါလန် ၂၀ နှုန်း၊ တစ်မြို့လုံးအနေနှင့် တစ်နေ့ဂါလန်သန်း ၁၀၀ ခန့်သာ သုံးစွဲနေရသည်ဟု ဆိုနိုင်သည်။

ဤအခြေအနေမှ လွန်မြောက်ရန်အတွက် ရန်ကုန် စည်ပင်သည် လဂွန်းပြင်၊ တိုးမြစ်၊ ကုက္ကို၀ စသည့် စီမံကိန်းများ၊ အခြားတိုးချဲ့ပြုပြင်ခြင်းများကို ကျပ်ငွေ ဘီလျံပေါင်း များစွာ အပြင် ပြည်ပအကူအညီများနှင့်လည်း ကြိုးပမ်းလုပ်ဆောင်နေသည်။

ဤနေရာ၌ သတိပြုသင့်သည်မှာ ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကို ခံရဖွယ်ရှိသောနိုင်ငံများတွင် မြန်မာသည် ထိပ်ပိုင်းတွင်ပါဝင်နေသောအချက် ဖြစ်သည်။ နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းလေ့လာပြုစုကာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော “မြန်မာ့ရေအရင်းအမြစ်စီမံခန့်ခွဲရေး မဟာဗျူဟာ မြောက် လေ့လာချက်”တွင်လည်း မြန်မာ့ရေအရင်းအမြစ်အပေါ် ရာသီဥတုပြောင်းလဲခြင်း၏ သက် ရောက်မှုကို စဉ်းစားရမည်ဟု ဖော်ပြထားသည်။

ရန်ကုန်ဧရိယာ၏မြေအောက်ရေသည်လည်း အားကိုးလောက်သည့် အခြေအနေတွင် မရှိချေ။ တစ်ချိန်က ရန်ကုန်တွင် အဝီစိတွင်းတူးလိုလျှင် အိုးအိမ် ဦးစီးဌာန၊ မြေအောက်ရေကြီးကြပ်ရေးအရာရှိထံ ခွင့်ပြုချက် တောင်းခံပြီးမှ တူးရသည်။ ယင်းဌာနကလည်း တူးဖော်သည့်အဝီစိတွင်းများနှင့်သက်ဆိုင်သော မှတ်တမ်း မှတ်ရာများကို ပြုစုထားသဖြင့် မြေအောက်ရေထုတ်ယူမှုကို သိနိုင်သည်။ နောက်ပိုင်းတွင် ယင်းစနစ် မရှိတော့သဖြင့် ရန်ကုန်၏ မြေအောက်ရေ အတိုးအလျော့ကို အတိအကျ မသိနိုင်တော့ချေ။

သို့သော် အဝီစိတွင်းပိုင်ရှင်အချို့ကိုယ်တွေ့ခံစားနေရသည့် တွင်းရေပြင် တစ်နှစ်ထက်တစ်နှစ်နိမ့်ကျလာနေခြင်း၊ အချို့နေရာများတွင် ရေမမိတော့သဖြင့် တွင်းသစ်ပြန်တူးနေရခြင်း၊ ကမ်းနားနှင့်နီးသော တွင်းအချို့တွင် ရေငန်ဝင်လာနေခြင်းတို့က မြေအောက်ရေပြင် ကျဆင်းလာနေမှုကို ညွှန်ပြနေသည်။
မြေအောက်ရေကို အရှိန်ကောင်းကောင်းနှင့်ထုတ်ယူနေကြချိန်တွင် ကစားကွင်းနှင့် ပန်းခြံများနေရာတွင် အဆောက်အအုံများ ရောက်လာခြင်း၊ သဘာဝမြေသားပေါ်တွင် ကွန်ကရစ်ပြင် ကတ္တရာပြင်များဖြင့် ဖုံးလိုက်ခြင်းတို့က မြေပေါ်ရေများ မြေအောက်သို့ စိမ့်ဝင်မှုကို တားဆီးပိတ်ဆို့လိုက်ခြင်းဖြင့် မြေအောက်ရေပြင်ကို ပို၍ နိမ့်ကျစေလျက် ရှိသည်။

ရန်ကုန်စည်ပင်က ဌာနပိုင်အဝီစိတွင်း ၄၀၀ ကျော်မှတစ်နေ့ရေဂါလန်သန်း ၂၀ ရယူနေမှုကို ဖြည်း ဖြည်းချင်း လျှော့ချကာ ၂၀၄၀ ခုနှစ်တွင် ရန်ကုန်ရေပေးရေးတွင် မြေအောက်ရေလုံးဝမသုံးတော့ရန် ရည်ရွယ် ကြောင်းသိရသည်။

မြေအောက်ရေထုတ်ယူမှုနှင့် ဆက်စပ်၍ သတိပြုရမည်မှာ မြေလွှာနိမ့်ကျလာမှု ဖြစ်သည်။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်နှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ပညာရှင်များစုပေါင်းပြုစုပြီး ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော “ရန်ကုန်မြေလွှာရွေ့လျားမှုဆန်းစစ်ချက်”စာတမ်းတွင် “ဒဂုံတက္ကသိုလ်ဝင်းနှင့် အရှေ့ဒဂုံစက်မှုဇုန်ကြားရှိ မြေထုသည် တစ်နှစ်လျှင် နှစ်လက်မနှုန်းကျော်ကျော်ဖြင့် နိမ့်ဆင်းလျက်ရှိပြီး ထိုသို့ နိမ့်ဆင်းမှု၏ အကြောင်းရင်းသည် မြေအောက်ရေ အလွန်အကျွံ ထုတ်ယူမှုကြောင့် ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့၏ အခြားအပိုင်းများတွင်လည်း မြေအောက်ရေထုတ်ယူမှုကြောင့် ယင်းသို့ မြေပြင်နိမ့်ကျ မှုများ ဖြစ်ပေါ်နေနိုင်သော်လည်း တိကျသော တိုင်းတာမှုများ မရှိသဖြင့် အသေအချာပြောရန် ခက်ကြောင်း၊ ရန် ကုန် မြို့ပြဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ယင်းအချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း”စသဖြင့် ဖော်ပြ သတိ ပေးထားသည်။

(အလဲဗင်းသတင်းစာတွင် ၄ . ၆ . ၁၅ က ဖော်ပြခဲ့ပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s