နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်

၂၀ ရာစုအစပိုင်း ရန်ကုန်မြူနီစီပယ်အဖွဲ့၏ အင်ဂျင်နီယာဌာနတွင် အမြဲတန်းလုပ်သားပေါင်း ၃၀၀၀ ကျော်ရှိပြီး လမ်း၊ တံတား၊ သိုလှောင်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံ၊ မီးသတ်၊ လမ်းရေဖြန်းခြင်းဝန်ဆောင်မှု၊ လမ်းမီး၊ ရေပေးရေးနှင့် မိလ္လာစနစ်တို့ကို တာဝန်ယူလုပ်ဆောင်ရသည်။ ၁၉၀၉-၁၉၁၀ ဘဏ္ဍာနှစ်အတွက် အင်ဂျင်နီယာဌာန၏ ခန့်မှန်းဝင်ငွေသည် ရူပီး ၉၉၆၅၂၁ ဖြစ်သည်။

ယင်းအချိန်က အကောင်အထည်ဖော်နေသောလုပ်ငန်းတို့မှာ ရေကူးရေတွန်းစက်ရုံ တည်ဆောက်ခြင်း၊ မြူနီစီပယ်ရုံးသစ်များ၊ ဈေးများ၊ ကာကွယ်ဆေးထိုးဌာနများ၊ လမ်းသစ်များ၊ ပန်းခြံနှင့် ဥယျာဉ်များ၊ မီးသတ်စခန်း များ၊ နွားမွေးသူတို့အတွက် ရွာများ ဆောက်လုပ်ခြင်း၊ ရေမြောင်းများနှင့် နောက်ဖေးလမ်းကြားများကို အဆင့်မြှင့်ခြင်း၊ လေမှုတ်စက်ရုံများကို တိုးချဲ့ခြင်းတို့ ဖြစ်သည်။

ရေပေးရေး

၁၈၇၈ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ကို ရေပေးရာတွင် တွင်းရေကို ရေစုပ်စက်နှင့် ရေလှောင်ကန်များဖြင့် ပေးဝေခဲ့သည်။ ၁၈၇၈ ခုနှစ်မှစ၍ ကန်တော်ကြီးရေကို ပုဇွန်တောင်နှင့် ဂျူဒါအီစကယ်လမ်း(သိမ်ဖြူလမ်း) တို့သို့ ပေးဝေခဲ့ပြီး ၁၈၈၂ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်းသည် ကန်တော်ကြီးရေကို အချိန်ပိုင်းဖြင့် ရရှိသည်။ ကန်တော်ကြီးရေပေးရေးစနစ်အတွက် ရူပီးငွေ ၁၇၅၇၈၄ ကုန်ကျသည်။

ထို့နောက် ကုက္ကိုင်းတွင် ဝိတိုရိယရေလှောင်ကန်ကို ဆောက်လုပ်ကာ ယင်းကန်မှ ရေကို လက်မ ၃၀ အချင်းရှိ သံပိုက်ဖြင့် ကန်တော်ကြီးသို့ ဆက်သွယ်ပေးသွင်းရန် စီစဉ်သည်။ ရူပီးငွေ ၁၈၇၄၅၈၂ ကုန်ကျသည့် ယင်းစီမံကိန်းဖြင့် ရေပေးဝေမှုကို ၁၈၈၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စတင်ခဲ့သည်။ ယင်းရေပေးရေးစနစ်၏ ပိုက်လိုင်းများသည် အနောက်ဘက် မော်တင်လမ်း(လမ်းသစ်လမ်း)မှ အရှေ့ဘက်တွင် ဂျူဒါအီစကယ်လမ်းအတွင်း၌သာ ချထားနိုင်ခဲ့သည်။

တစ်ဖန် ၁၈၉၀ ခုနှစ်တွင် ရေရှားပါးမှုကို ကြုံတွေ့ရပြန်သည်။ ၁၈၇၄ ခုနှစ်က ရန်ကုန်လူဦးရေသည် ၁၀၀၀၀၀ ရှိခဲ့ရာမှ ၁၈၉၀ ခုနှစ်တွင် ရန်ကုန်လူဦးရေသည် ၁၈၀၀၀၀ မျှ ရှိနေပြီ။

၁၈၉၃ ခုနှစ်တွင် ရေပေးရေးစီမံကိန်းအသစ်တစ်ခုကို စတင်သည်။ ယင်းစီမံကိန်းအရ ရွှေတိဂုံဘုရား ခြေရင်းတွင် ရေလှောင်ကန်အသစ် တည်ဆောက်သည်။ ဝိတိုရိယကန်နှင့် ကန်တော်ကြီးအကြားရှိ ရေပိုက်လိုင်းတွင် အားကောင်းသောရေတွန်းစက်များတပ်ဆင်ကာ တစ်ရက်လျှင်ရေဂါလန် လေးသန်းကို ရေလှောင်ကန်အသစ်သို့ပို့ပြီး ယင်းမှတစ်ဆင့် ရန်ကုန် မြို့တွင်းသို့ ရေကိုအလိုအလျောက်စီးဆင်းစေသော စနစ်ဖြင့် ပေးပို့သည်။ ယင်းလုပ်ငန်းသည် ရူပီးငွေ ၇၂၀၅၂၉ ကုန်ကျကာ ၁၈၉၄ ခုနှစ် သြဂုတ်လ ၁ ရက်တွင် ပြီးစီးသည်။

၁၉၀၁ ခုနှစ်တွင် ရန်ကုန်ရေပေးရေးစနစ်ကို တစ်ဖန်တိုးချဲ့ပြန်သည်။ လှော်ကားတွင် ရေလှောင်ကန် တည်ဆောက်ပြီး ရေတွန်းစက်များဖြင့် ၄၂ လက်မအချင်း ရေပိုက်တစ်လျှောက် ရေများကို ပေးဝေသော စနစ်ဖြစ်သည်။ ရူပီးငွေ ၄၂၀၀၀၀၀ ကုန်ကျသော ယင်းလုပ်ငန်းကို ၁၉၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်အသုံးပြုခဲ့သည်။ လှော်ကားကန်ရေဖြင့် လူဦးရေ ၆၅၀၀၀၀ ကို တစ်ဦးတစ်ရက်လျှင် ၂၅ ဂါလန် ပေးနိုင်ရန် တွက်ချက်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကန်မှ ရေစိမ့်ခြင်း၊ တာကျိုးပေါက်တော့မည်ကဲ့သို့ ဖြစ်ခြင်းတို့ကြောင့် ရည်မှန်းလူဦးရေကို ပေးဝေနိုင်ခြင်းမရှိခဲ့ပေ။

ထို့နောက် အလုံတွင် အဝီစိတွင်းတစ်တွင်း တူးသည်။ ယင်းတွင်းရေကို တစ်ရက်လျှင် ဂါလန် ၄၅၀၀၀၀ နှုန်းဖြင့် အချင်း ၈ လက်မပိုက်ဖြင့် ရန်ကုန် အရှေ့ပိုင်းအထိ ပို့လွှတ်သည်။ ပိုက်လိုင်းကို ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)မှ တစ်ဆင့် ဒါလ်ဟိုဇီလမ်း(မဟာဗန္ဓုလလမ်း) တစ်လျှောက်ချထားကာ သော်မဆင်လမ်း (ဗိုလ်တထောင်ဘုရားလမ်း)အထိ သွယ်တန်းသည်။

ဆက်လက်၍ ရေတွန်းစက်ရုံအသစ်တစ်ရုံကို ဆောက်လုပ်သည်။ စက်ရုံတွင် တပ်ဆင်သော ဝါသင်တန် အမျိုးအစား ရေတွန်းစက်များသည် တစ်လုံးလျှင် တစ်မိနစ် ရေဂါလန် ၁၀၀၀၀ ကို ပေ ၂၂၀ အမြင့်အထိ ပို့နိုင်စွမ်းရှိသည်။ အဆိုပါစက်ရုံမဆောက်မီက ရန်ကုန် ရေပေးရေးစနစ်တွင် ညနေ ၆ နာရီမှ မနက် ၆ နာရီ အထိတစ်ကြိမ်နှင့် နေ့လည် ၁၂ နာရီမှနေ့လည် ၂ နာရီအထိတစ်ကြိမ် ဖိအားမြင့်ရေပေးစနစ်ကိုသုံး၍ ပေးဝေပြီး ကျန်အချိန်များတွင် ဖိအားနိမ့်ရေများကို ပေးပို့သည်။ စက်ရုံအသစ်ပြီးစီးချိန်မှစ၍ ဖိအားမြင့် ရေပေးချိန်ကို တိုးမြှင့်နိုင်ခဲ့သည်။ ထို့ပြင် စက်ရုံအသစ်ကြောင့် လှော်ကားကန်မှရေများကို တစ်မြို့လုံးသို့ ဖြန့်ဝေနိုင်ခဲ့ကာ ဝိတိုရိယကန်နှင့် ကန်တော်ကြီးရေများကို ဒိုဘီလိုင်းသို့ ပေးဝေခဲ့ပြီး အဝတ်လျှော်ဖွတ်ခြင်း လုပ်ငန်းအတွက်သာ သုံးခဲ့သည်။

ဒေါပုံ၊ ဒလနှင့် ကြည့်မြင်တိုင်မြောက်ပိုင်းတို့သို့မူ ရေဖြန့်ဝေခြင်း မလုပ်နိုင်ခဲ့ပေ။

မိလ္လာစွန့်စနစ်

ကနဦးရန်ကုန်တွင် မိလ္လာစွန့်စနစ် လုံးဝမရှိဘဲ ကျင်းအိမ်သာများနှင့်သာ ဖြစ်သလို စခန်းသွားနေခဲ့သည်။ မိလ္လာကျင်းများမှာ ရေတွင်းများနှင့် နီးကပ်စွာ တည်ရှိသဖြင့် ကူးစက်ရောဂါ ဖြစ်ပွားမှု များပြားလှသည်။ ၁၈၇၃ ခုနှစ် မှစ၍ ညဘက်တွင် လှည်းများဖြင့် မိလ္လာများကိုသယ်ယူကာ ရန်ကုန်မြစ်အတွင်း သွန်ချပေးသည်။ သွန်ချသောနေရာများမှာ ဗိုလ်တထောင်တွင်တစ်နေရာနှင့် လမ်းမတော်တွင်တစ်နေရာတို့ ဖြစ်သည်။

ယင်းနောက်တွင် တောင်ဘက်၌ ရန်ကုန်မြစ်၊ မြောက်ဘက်တွင် မောင်ဂိုမာရီလမ်းနှင့် ကော်မရှင်နာလမ်း (ဗိုလ်ချုပ်လမ်း)တို့အကြား၊ အရှေ့ဘက်တွင် သော်မဆင်လမ်း(ဗိုလ်တထောင်ဘုရားလမ်း)နှင့် အနောက်ဘက် လားသော် ဂေါ်ဒွင်လမ်း(မြို့မကျောင်းလမ်း)ကြားရှိ ဧရိယာတွင် မိလ္လာပိုက်လိုင်းများ ချထားသည်။ ၁၈၈၇ ခုနှစ်တွင် ပြီးစီးသော်လည်း ၁၈၉၀ ခုနှစ် နှစ်ဦးပိုင်းတွင်မှ စတင်အသုံးပြုသည်။ မိလ္လာထွက်ပေါက်သည် ရန်ကုန်မြစ်၏ အနက်ပိုင်းတွင် တည်ရှိသည်။ မည်သည့်သန့်စင်မှုမှမရှိဘဲ မြစ်ထဲသွန်ချစွန့်ပစ်သည်။

လူ ၄၀၀၀၀ တို့ တစ်ဦးလျှင် တစ်ရက်ဂါလန် ၃၀ နှုန်းဖြင့် စွန့်ပစ်သောမိလ္လာများကို သယ်ယူရန် ရာထားခဲ့သော်လည်း လေမှုတ်စက်ရုံများ တည်ဆောက်ပြီးနောက်ပိုင်းတွင် လူ ၁၀၀၀၀၀ တို့ တစ်ဦးလျှင် တစ်ရက်ဂါလန် ၄၀ နှုန်းဖြင့် စွန့်ပစ်သောမိလ္လာများကို အခက်အခဲမရှိ သယ်ယူစွန့်ပစ်နိုင်ခဲ့သည်။ ၁၈၉၀ ခုနှစ်တွင် စသုံးခဲ့သော မိလ္လာတွန်းလေမှုတ်စက်များသည် မူလက ၃၁ လုံးသာ ရှိခဲ့သည်။ တစ်လုံးလျှင် ဂါလန် ၂၀၀ မှ ၅၀၀ အထိ တွန်းထုတ်နိုင်သည်။ ဂါလန် ၅၀၀ နှင့် ဂါလန် ၁၀၀၀ ပမာဏရှိ လေမှုတ်စက် နှစ်လုံးကို စတင်တပ်ဆင်ခဲ့ပြီး ဂါလန် ၁၀၀၀ ပမာဏစက် ၆ လုံးကို တပ်ဆင်ရန် အစီအစဉ် ရှိသည်။

ရန်ကုန်တွင် ၆ လက်မမှ ၃၆ လက်မ အချင်းရှိသော ပင်မမိလ္လာပိုက်လိုင်းများ၏ စုစုပေါင်းအရှည်သည် ၁၁ မိုင်မျှ ရှိသည်။ ပိုက်လိုင်းငယ်များတွင် လေတွန်းစနစ်ဖြင့် စွန့်ပစ်သောပိုက်လိုင်းများသည် ၁၃ မိုင်ရှိပြီး အလိုအလျောက်စီးသော ပိုက်လိုင်းများသည် ၂၂ မိုင်ခွဲ ရှည်သည်။

ယခင်က ကာလဝမ်းရောဂါစသည့် ကူးစက်ရောဂါများကြောင့် အသေအပျောက်များခဲ့သော ရန်ကုန်တွင် မိလ္လာပိုက်လိုင်းများ တည်ဆောက်နိုင်မှုကြောင့် ယင်းရောဂါများဖြစ်ပွားမှု သိသာစွာ လျော့ကျသွားခဲ့သည်။

One thought on “နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s