ထားဝယ်ရေရရှိရေး တနင်္သာရီအပတ်စဉ်နှင့်အမေးအဖြေ

(၁)ထားဝယ်ဒေသဟာ အရင်နှစ်တွေနဲ့မတူဘဲ ရေရှားတဲ့ ကိစ္စ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာနေတာတွေ့ရတယ်။ ဒီနှစ် မုတ်သုန်ဝင်တာကလည်း အရင်နှစ်တွေထက် နောက်ကျ နေတော့ အရင်ကမခန်းဖူးတဲ့ရေတွင်းတွေ၊ အဝီစိတွင်းတွေခန်းလာတာ ကြုံနေရတယ်။ ဆိုတော့ ဒီလိုမျိုးဖြစ်လာတာက ဘယ်လိုအကြောင်းအရာတွေက အဓိက အချက်ဖြစ်နေမလဲ။

ဒီနှစ်မှရုတ်တရက်ကြီး ဆိုးဝါးစွာ ဘာ့ကြောင့် ခန်းလာတယ်ဆိုတာကို အဝေးမှာ နေသူတစ်ယောက် အနေနဲ့ ဖြေဖို့မလွယ်ဘူးဗျ။ ဒါပေမယ့် အရင်ကလည်း တစ်နှစ်ထက်တစ်နှစ်ဆိုးလာနေခဲ့တာကို ကြားနေခဲ့ရတာပဲ။ အကြောင်းရင်းတွေကတော့ ရာသီဥတုပြောင်းလဲလာတယ်၊ လူဦးရေများလာတယ်၊ တစ်ဦးချင်း ရေအသုံး များလာတယ်၊ ကွန်ကရစ်ကတ္တရာစတဲ့ရေပိတ်လွှာ များ လာတော့ မိုးရေတွေမြေအောက်အဝင်နည်းသွားတယ်။ အဲဒီလေးချက်ကြောင့်ပါ။ တစ်ဦးချင်းရေအသုံးများလာ တယ်ဆိုတဲ့နေရာမှာ လူနေမှု အဆင့်မြင့်လာတာကြောင့် ရော၊ ရာသီဥတုပိုပူလာတာကြောင့်ရော ပါတာပေါ့။

(၂)အခုဆိုရင် ရေအရင်းအမြစ်ကြိုတင်စုဆောင်းတဲ့ အပိုင်းထက် ရေရှားလာရင် လှူမယ်ဆိုတဲ့ဖက်ကို ပိုပြီး စိတ်အားထက်သန်နေတာမျိုးတွေ့ရတယ်။ ဒါကလည်း ရေရှည်အတွက်အလုပ်မဖြစ်ဘူးဆိုတာ ဒီနှစ်က သက်သေဖြစ်နေတာမျိုး တွေ့ရတယ်။ ဒီလိုအခင်းအကျင်းမျိုးကိုရော တိုင်းအစိုးရအနေနဲ့ ဘယ်လိုစီမံသင့်လဲ။

ရေရှားတာဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်တယ်၊ ဒါကြောင့်ရေလှူကြမယ်၊ ရေလှူရင်းနဲ့ ရာသီဥတု ပြန်ကောင်းလာရင် ရေအခက်အခဲ ပြေလည်သွား ကောင်းရဲ့လို့မျှော်လင့်နေကြတယ်။ နောက်တစ်ခုက ရေလှူတော့ ရေအခက်အခဲ ပြေလည်သွားတာကို ကြည့်ပြီး ပီတိဖြစ်ကြတယ်။ ကိုယ့်လုပ်ဆောင်မှုရဲ့အကျိုးကို လက် ငင်းမြင်လိုက်ရတယ်။ ဒီတော့ ရေလှူတာကို ပိုအားသန် ကြတာပေါ့။

ရေလှူတာဟာလိုအပ်ပေမယ့် ဒီနှစ်လှူလိုက် နောက်နှစ်တွေမှာ ရေအခက်အခဲ ပိုဆိုးလာလိုက်နဲ့ အဆိုး သံသရာထဲကို တဖြည်းဖြည်းရောက်လာနေတယ် ဆိုတဲ့ အထိ မြင်တတ်ဖို့လိုသပေါ့ဗျာ။ ပြီးတော့ အခု ရေများတဲ့ နေရာတွေမှာလည်း တစ်ချိန်ရေရှားလာနိုင်တာမို့လို့ ရေ လှူတာ တစ်ခုတည်းဟာ မှန်ကန်တဲ့အဖြေ မဟုတ်ဘူး ဆိုတာကို သဘောပေါက်ရမယ်။

အစိုးရရော၊ အဖွဲ့အစည်းတွေရော၊ တစ်ဦးချင်း ရော တစ်နှစ်တစ်နှစ် ရေလှူရာမှာ သက်သက်သုံးတဲ့ငွေ ဟာ တစ်ပြည်လုံးအနေနဲ့တွက်ရင် အလွန့်အလွန်များ တယ်ဗျ။ တစ်နွေအတွက်တော့ရေရသွားပါရဲ့၊ အကောင် အထည်ဘာမှမကျန်ခဲ့ဘူး။ အဲဒီငွေတွေထဲက အချို့ အဝက်ကို စနစ်ကျတဲ့မိုးရေလှောင်ကန်တွေ၊ ရေတွင်း တွေ တည်ဆောက်တူးဖော်ပေးပြီး ကန်တွေတွင်းတွေကို ဒေသခံတွေ ထိန်းသိမ်းတတ် အသုံးချတတ်အောင် ဆွေးနွေးစည်းရုံးဖို့လည်းလိုပါတယ်။ ရေရှည်မှာ အားလုံး အကျိုးရှိတဲ့နည်းပါ။

(၃)မြေအောက်ရေထုတ်ယူသုံးစွဲတာက ရေရှည်မှာ အဆင်မပြေနိုင်ဘူးလို့ ဆရာလည်း ပြောထားတာမျိုးတွေ့တော့ ရေချိုအရင်းအမြစ်အတွက် ဘယ်လိုစီမံသင့် လဲ။

ရာသီဥတုကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ဖို့မလွယ်၊ မြေအောက်ရေ အထုတ်များလာနေတာကိုလည်း တားဆီးဖို့ခက်လှတော့ မြေအောက်ရေအဝင်များလာအောင် လုပ်ဖို့ပဲ ကျန်တော့တယ်ဆိုတာကို သိကြရပါမယ်။ ကွန်ကရစ်ကတ္တရာစတဲ့ရေပိတ်လွှာတွေ မလိုအပ်ဘဲ ခင်းတာ ကို ရှောင်ရမယ်။ ပြီးတော့ ထားဝယ်တင်မက ဘယ်မှာပဲ ဖြစ်ဖြစ်၊ ရေအရင်းအမြစ် တစ်ခုတည်းကို အားကိုးနေဖို့ မသင့်ဘူး။ ထားဝယ်အတွက် မြေပေါ်ရေအရင်းအမြစ် တွေကို ကြိုပြီးရှာထားရမယ်။

(၄) ဆရာ့ရဲ့အတွေ့အကြုံအရဆိုရင် ထားဝယ်ဒေသရဲ့ မြေအောက်ရေအခြေအနေကရော ဘယ်လိုအနေ အထား ရှိလဲ။

ထားဝယ်ဒေသရဲ့ မြေအောက်ရေ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မလေ့လာဖူးဘူး။ ဒါပေမယ့် ထားဝယ်ကမိတ်ဆွေတွေကို လှမ်းမေးလို့ သိရသလောက်နဲ့ ပြောရရင်ထားဝယ်ကရေကြောဟာ တစ်ဖက်ပိတ် ရေကြော အမျိုးအစားပါ။ ဒီ ရေကြောမျိုးက တူးရတာလွယ်တယ်။ ဒါပေမယ့် အထူး သတိထားရမှာ က အခုတွင်းတွေ ထပ်တူးချလို့ရနေသေးပေမယ့် အနက် ဘယ်လောက်မှာ ရေကုန်သွားမလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ အဝီစိတွင်းလို့ဆိုပေမယ့် အဝီစိအထိ တူးချရင်တောင် တောက်လျှောက်ရေရနေမယ့် သဘော မဟုတ်ဘူး။

ထားဝယ်မှာတာဝန်ကျခဲ့တဲ့ ဇလဘူမိဗေဒ ပညာရှင်မိတ်ဆွေတွေကိုမေးကြည့်တော့ အောက်မှာ ဂရက်နိုက်အလွှာရှိပါတယ်တဲ့။ ရေမအောင်းနိုင်တဲ့အလွှာ၊ ရေပိတ်လွှာ ပေါ့။ ဘယ်လောက်အနက်မှာရှိသလဲဆိုတာကိုတော့ သူတို့လည်း အတိအကျ မပြောနိုင်ဘူး။ အခု ရေတွင်းတွေရေခန်းတော့ အောက်ကို ဆက်တူးနေကြတယ်။ တူးရင်းနဲ့တစ်ချိန်အဲဒီဂရက်နိုက်အလွှာကို ရောက်ရင်တော့ ထားဝယ်အကြီးအကျယ်ဒုက္ခရောက်ပြီ။

နောက်တစ်ခုက တွင်းရေအရည်အသွေး။ အဖွဲ့ အစည်းတစ်ခုရဲ့လေ့လာချက်အရ ထားဝယ် မြေအောက် ရေမှာ ဖလူအိုရိုက်နဲ့အာဆင်းနစ်ဓာတ်တွေ ရှိသင့်သည် ထက်ပိုနေတယ်လို့ ဆိုတယ်။ လေ့လာချက်ကိုမဖတ်ရတော့ ဘယ်ရပ်ကွက်မှာ ဘာဓာတ် ဘယ်လောက်များ နေသလဲမသိပါ။ ဖလူအိုရိုက်နဲ့အာဆင်းနစ်ပါသင့်တာ ထက်တကယ်ပဲပိုနေရင်တော့စိုးရိမ်စရာရှိတယ်။ တွင်းရေ အရည်အသွေးကိုလည်း သေသေချာချာတိုင်းသင့်တယ်။

(၅) စိုးရိမ်စရာကောင်းလှပါတယ်။ ဘာဆက်လုပ်သင့် သလဲ ဆရာ။

ထားဝယ်မှာတာဝန်ကျဖူးလို့ ထားဝယ်ကို သံ ယောဇဉ်ရှိတဲ့ ဇလဘူမိဗေဒပညာရှင်တွေ ရှိတယ်။ ထားဝယ်မှာ အခုတာဝန်ကျနေတဲ့ ဇလဘူမိဗေဒ ပညာရှင် တွေ ရှိကောင်းရှိမယ်။ သူတို့ကို အကူအညီတောင်းပြီး ထားဝယ်မြေအောက်ရေကြောအခြေအနေကို တိုင်းရမယ်။ အဲဒီလိုတိုင်းလိုက်ရင် လက်ရှိသုံးနေတဲ့ရေကြောနဲ့ အောက်ခံရေပိတ်လွှာ ဆိုင် ရာ အချက်အလက်တွေ သိလာမယ်။ အချက်အလက် တွေနဲ့ လက်ကျန်မြေအောက်ရေ၊ ထုတ်သုံးနေတဲ့ ပမာ ဏ၊ ဝင်နေတဲ့ပမာဏတွေကို တွက်ပြီး ရေဘတ်ဂျက် ဆွဲရမယ်။ ရေဘတ်ဂျက် ထွက်လာလို့ ရေကြောထဲက ရေဟာ ဆယ်စုနှစ်ပေါင်းများစွာ ခံဦးမယ်လို့ သိလာရရင် စိတ်အေးရမှာပေါ့။ နှစ်အနည်းငယ်သာ ခံတော့မယ်လို့ အဖြေထွက်လာရင်တော့ မိုးရေနဲ့ မြေအောက်ရေ ပြန် ဖြည့်တာကို အပူတပြင်းလုပ်ရတော့မယ်။ ထားဝယ် မြေအောက်ရေကြောက ပြန်ဖြည့်ဖို့လွယ်တယ်လို့ ယူဆ တယ်။

ကုန်ကျစရိတ်အထိုက်အလျောက်တော့ ရှိမှာပဲ။ ဒါပေမယ့် ဆင်းသွားတဲ့ တွင်းရေနောက်လိုက်ပြီး တစ်မြို့လုံး တွင်းတွေထပ်နက်အောင် တူးနေရတာ၊ နောက်ဆုံး ဘယ်လောက်နက်အောင်တူးတူး ရေမရနိုင်တော့တာ တွေနဲ့စာရင်တော့ အများကြီးကုန်ရကျိုးနပ်မှာပါ။

ထားဝယ်မြို့ပေါ်ရပ်ကွက်တွေကိုကြည့်ရင် အဆောက်အအုံတွေ ကွန်ကရစ်ပြင် ကတ္တရာလမ်းတွေ များလွန်းနေပြီမို့လို့ မိုးရေနဲ့ပြန်ဖြည့်ပေးသည့်တိုင်အောင် မှ လူဒီထက်များလာရင်ရေလုံလောက်ဖို့မလွယ်ဘူး။ မြေပေါ်အရင်းအမြစ်တွေကိုလည်း ယူဖို့စီစဉ်ရမယ်။

(၆) တနင်္သာရီတိုင်းလိုမိုးရေချိန်များတဲ့တိုင်းတစ်ခုမှာ မိုးရေကိုသိုလှောင်ပြီး ပြန်လည်အသုံးချနိုင်တာမျိုးလည်း မတွေ့ရသေးဘူးပေါ့။ ဒီလိုအခင်းအကျင်းမျိုးမှာ မိုးရေကို အကျိုးရှိအောင် ဘယ်လိုအသုံးချသင့်လဲ။

နောက်ဆုံးအခေါက် ထားဝယ်ကိုရောက်တော့ ဝန်ကြီးဦးဟိုပင်ကခေါ်ပြလို့ မျှော်အင်းတို့ ရွှေဘုန်းပွင့် တို့လို မိုးရေလှောင်ကန်အချို့ကို လေ့လာခွင့်ရခဲ့ပါတယ်။ လိုအပ်ချက်အချို့ရှိပေမယ့် ဒါမျိုးတွေ အများကြီး ထပ် လုပ်ဖို့လိုတာပေါ့။

ပြီးတော့ ရွှေဘုန်းပွင့်ကန်သည် မိုးရေလှောင်ဖို့ အဓိကလုပ်ထားတာဖြစ်ပေမယ့် ကန်ရေ မြေအောက် စိမ့်ဝင်ပြီး အနီးကရပ်ကွက်ရေတွင်းတွေထဲကို ရောက် နေသလား၊ တစ်နည်းပြောရရင် မရည်ရွယ်သော်လည်း မြေအောက်ရေ ဖြည့်ပေးတဲ့ကန် ဖြစ်နေသလားဆိုတာကို လေ့လာသင့်တယ်။

မိုးရေကိုအကျိုးရှိအောင် ဘယ်လို အသုံးချသင့် သလဲဆိုတဲ့မေးခွန်းရဲ့အဖြေ ကျွန်တော်ရေးတဲ့ မိုးရေ လှောင်ကန်စာအုပ်မှာအတော်ပြည့်ပြည့်စုံစုံပါတယ်။ စာအုပ်ကြော်ငြာမဟုတ်ဘူးနော်။ လှူတာ။ MRTV-4 ဦးဝင်းမော်က တစ်ပြည်လုံးအတွက် အုပ်ရေ ၅၀၀၀ လှူထားတယ်။ ထားဝယ်ပါရမီစာပေမှာ စာအုပ် ၂၀၀ ပို့ထားပြီး လာအလှူခံကြ အသုံးချကြပါလို့ လက်လှမ်းမီ သလောက်ပြောခဲ့တယ်။ ဝန်ကြီးဦးဟိုပင် ဒီစာအုပ်ဖတ်ပြီး မိုးရေလှောင်ကန်တွေ တူးနေတာ။ ဒါပေမယ့် ထားဝယ် မှာ ၁၅ ယောက်ပဲ လာအလှူခံသွားတယ်။ အခြားမြို့တွေ က လိုချင်တယ်ပြောလို့ ထားဝယ်က စာအုပ်တွေ ပြန် မှာပြီး ပေးလိုက်ရတယ်။ အခုတော့ ကုန်ပြီ။

(၇) မြို့သစ်တွေမြို့ပြစီမံကိန်းတွေ ရေရရှိရေးနဲ့ ပတ် သက်ပြီး ထည့်သွင်းစဉ်းစားထားတာမျိုး သိပ်မတွေ့ရဘူး။ ဆိုတော့ ဒီလိုမျိုးရေးဆွဲချိန်မှာ ရေရရှိရေးနဲ့ပတ်သက်ပြီး ဘယ်လိုထည့်သွင်းစဉ်းစားသင့်လဲ။

ရှေးတုန်းကမြို့တွေတည်ရင် ရေကြည်ရာ မြက် နုရာကိုရွေးခဲ့ကြပေမယ့် အခုခေတ်မြန်မာပြည်မှာတော့ ရှေးထုံးကိုပယ်ပြီး မြို့ပြစီမံကိန်းတွေမှာ ရေအတွက် စဉ်း စားကြဟန်မတူဘူး။ မြို့ကိုသာတည်လိုက်၊ ရေက တစ်နည်းနည်းနဲ့ရမှာပါ ဆိုတဲ့ မှားယွင်းတဲ့အတွေးအခေါ် တွေ ကြီးစိုးနေတယ်။

(၈) အခြားဖြည့်စွက်ပြောချင်တာမျိုး ရှိလားခင်ဗျား။

ကိုဗစ်အန္တရာယ်က အနှေးနဲ့အမြန်ကင်းစင်သွား မှာဖြစ်ပေမယ့် ထားဝယ်မြေအောက်ရေအခက်အခဲက တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာစရာသာ ရှိတော့ ကိုဗစ် အရေးပြီးရင် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ ပြည်သူ လူထုပူးပေါင်းပြီး အခုအကြံပြုခဲ့သလို စလုပ်ဖို့ လိုပါတယ်။ မိုးနည်းရေရှား ဒေသရယ်လို့ပဲရှိတာ၊ မိုးအေးလို့ နှစ်တိုင်းလို ရေအရေး သွေးအေးသွားကြရင်တော့ ထားဝယ်ဟာ မိုးများရေရှားဒေသဆိုပြီး နာမည်တွင်သွားပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s