
ကျွန်တော့ကို အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွေးပါတယ်။ ကျွန်တော်တို့ရွာကလေးမှာ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေက ရေလွှဲယူထားတဲ့တူးမြောင်းတွေ ရှိတယ်။ အဲဒီရေတွေကြောင့် ရွာပတ်ဝန်းကျင်က လယ်ကွင်းတွေဟာ အမြဲစိမ်းစိုနေတယ်။ ဒါပေမဲ့ ကျွန်တော့အဖေက ကျွန်တော့ကို လယ်သမား မဖြစ်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်ဟာ အာယုဗေဒဆေးပညာကို သင်ယူတယ်။ ပြီးတော့ ရာဂျက်စထန်ပြည်နယ် ဂျိုင်ပူးမြို့က လူငယ်နဲ့အားကစားဌာနမှာ အလုပ်ရပါတယ်။
ရာဂျက်စထန်ပြည်နယ်မှာ ခြောက်သွေ့ပြီး မိုးခေါင်တယ်၊ ရေရှားတယ်။ ရာဂျက်စထန်ရဲ့ ဧရိယာဟာ အိန္ဒိယနိုင်ငံဧရိယာရဲ့ ၁၀ ပုံ ၁ ပုံလောက်အထိ ကျယ်ပေမယ့် မြေပေါ်ရေပမာဏဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြေပေါ်ရေရဲ့ ၁ ရာခိုင်နှုန်းလောက်သာရှိပါတယ်။
ဌာနမှာအလုပ်ဝင်ပြီး တစ်နှစ်ကြာတော့ အလုပ်ကထွက်ပြီး ရာဂျက်စထန် ကျေးလက်တွေက ကလေးတွေအတွက် စာသင်ကျောင်းတည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော် စကြိုးစားတဲ့ ဂိုပါလ်ပူရရွာသားတွေက စာသင်ကျောင်း ထောင်မယ့်ကိစ္စကို စိတ်မဝင်စားကြဘူ။ စစချင်း စိတ်ပျက်စရာနဲ့တိုးတော့တာပဲ။ ဒါပေမယ့် အားမလျှော့ဘူး၊ ဆက်ကြိုးစားနေတုန်း ရွာအကြီးအကဲ တစ်ဦးက ကျွန်တော့ကိုပြောလာတယ်။
“မင်းက ရွာသားတွေဘာလိုနေလဲဆိုတာကိုမှ မစူးစမ်းဘဲကိုး၊ သူတို့ တကယ်လိုနေတာက ရေကွ၊ ရေ။ ပြတ်တောင်းရွာတဲ့ မိုးရေတွေကိုခံပြီး မရွာတဲ့အခါသုံးနိုင်အောင် မိုးရေလှောင်ကန်တွေ လိုနေတာ”
အဲဒါနဲ့ပဲ အခြားစိတ်ဝင်စားတဲ့သူတွေနဲ့ စုပြီး Tarun Bharat Sangh (TBS) တီဘီအက်စ်လို့ အမည်ပေးထားတဲ့ ရေစုဆောင်းသိုလှောင်ရေးအဖွဲ့တစ်ခုကို ထောင်တယ်။ ဒေသခံတွေက “ဂျိုဟတ်”(Johad)လို့ ခေါ်တဲ့ မိုးရေလှောင်ကန်တွေ ဆောက်ပေးတယ်။ ပထမကန်ဆောက်ပြီး မကြာခင်မှာပဲ မိုးရွာတယ်။ မိုးရေတွေဟာ အရင်ကလို အလဟသစီးမသွားတော့ဘဲ လှောင်ကန်ထဲကို စီးဝင်ကြတယ်။ မိုးပြတ်သွားတော့ ကန်ထဲက ရေတွေကို ရွာသားတွေသုံးခွင့်ရကြတာပေါ့။
ပထမကန် ဆောက်ပြီးတာဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကပါ။ အခုဆိုရင် မိုးရေလှောင်ကန် ၁၀၀၀၀ ကျော် ဆောက်ပြီးပြီ။ ရေလှောင်ကန်တွေ ဆောက်ပေးတာအပြင် တီဘီအက်စ်အဖွဲ့ဟာ ရွာသားတွေကို ရေအသုံးနည်းတဲ့အပင်တွေကို ဦးစားပေးစိုက်ဖို့၊ မျိုးစေ့တွေဝယ်တဲ့အခါ အခြားက မျိုးစေ့တွေကို လှမ်းမှာ မယ့်အစား ဒေသတွင်းမှာပဲ ရနိုင်အောင်လုပ်ဖို့၊ မွေးမြူရေးကို တိုးချဲ့ဖို့ စသည်တွေကို အားပေးပါတယ်။ အဲဒါတွေရဲ့ ကျေးဇူးကြောင့် ရာဂျက်စထန်နယ်ဟာ ပိုပြီး စိမ်းစိုလာတယ်။ အသီးအနှံတွေ ပိုထွက်လာတယ်။ ကောစပြုနေတဲ့ ချောင်းငယ်တွေမှာ ရေပြန်စီးလာတယ်။ ဒေသရဲ့ဂေဟစနစ်လည်း ပိုပြီးရှင်သန်လာပါတယ်။

အဲဒီလုပ်ငန်းတွေ စည်ပင်အောင်မြင်လာတော့ ရွာသားတွေဟာ အခြားရွာတွေကိုသွားပြီး အလုပ်သွားရှာဖို့ မလိုတော့ဘူး။ ကိုယ့်ရွာမှာပဲနေပြီး အသက်မွေးဝမ်းကျောင်းလာနိုင်ကြတယ်။ အမျိုးသမီးတွေဟာ ထင်းရှာဖို့၊ မြက်ခြောက်သယ်ဖို့၊ ရေသယ်ဖို့စတဲ့ အလုပ်တွေအတွက် တစ်နေ့ ၁၆ နာရီအထိအချိန်ကုန်ခဲ့ရတာတွေဟာ အတိတ်မှာပဲ ကျန်နေခဲ့ပြီ။ ကျောင်းနေအရွယ် မိန်းကလေးတွေလည်း ကျောင်းမှန်မှန်တက်နိုင်ကြပြီ။
အဲ – အဖျက်အမှောင့်တွေလည်း မကင်းဘူးဆိုတာကိုတော့ ပြောဖို့လိုမယ်။ ဂျိုဟတ်ရေလှောင်ကန်တွေ ဆောက်တာ ခွင့်ပြုချက်မရှိဘဲဆောက်လို့ တရားမဝင်ဘူးဆိုပြီး လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ အစိုးရဌာနတစ်ခုက စာတွေ ပို့လာတယ်။ အဲဒီနို့တစ်စာတွေလာတိုင်း ကျွန်တော်က ဒီလိုပြန်လိုက်တယ်။
“ဂျိုဟတ်တွေဟာ တစ်ဦးတစ်ယောက်တည်းရဲ့ အကျိုးအတွက် မဟုတ်ဘူး၊ ဒေသခံရွာသားတိုင်းရဲ့ အကျိုးစီးပွားတွေပါ။ ဒါတွေကို အစိုးရဌာနတွေက ဦးဆောင်လုပ်ပေးရမှာဖြစ်ပေမယ့် မလုပ်ကြလို့ ကျွန်တော်တို့လုပ်နေကြတာပါ၊ ဂျိုဟတ်တွေအတွက် ကျွန်တော်နဲ့ရွာသားအားလုံးက အပြည့်အ၀ တာဝန်ယူပါတယ်”
ဂျိုဟတ်တွေကြောင့် ရွာသားတိုင်း အကျိုးစီးပွားဖြစ်ထွန်းလာနေချိန်မှာပဲ ရွာတွေအနီးမှာ စိတ်မသက်မသာ ဖြစ်စရာ ကိစ္စတွေပေါ်လာပြန်တယ်။ အဲဒါကတော့ သတ္တုတူးဖော်ဖို့ဆိုပြီး ရွာတွေ ဝန်းကျင်က တောင်ကုန်းတွေကို ဖြိုဖျက်လာကြတယ်။ သူတို့ စွန့်ပစ်လိုက်တဲ့မြေကြီးတွေက ရေစီးမြောင်းတွေ ချောင်းတွေမှာ ပိတ်ဆို့ကုန်ကြတယ်။
ဒါကို ကျွန်တော်တို့ အပြင်းအထန်ကန့်ကွက်လို့ သတ္တုတူးလုပ်ငန်းတွေကို ပိတ်ပစ်လိုက်ရတယ်။ လုပ်ငန်းထိခိုက်လို့ သတ္တုလုပ်ငန်းကုမ္ပဏီအချို့က လူမိုက်ငှားပြီး ကျွန်တော်တို့အဖွဲ့သားအချို့ကို ရိုက်ခိုင်းတယ်။ ကျွန်တော်လည်း သုံးခါတောင်အရိုက်ခံရသေးတယ်။
ဒီဒေသမှာ မိုးရေလှောင်ကန်တွေ ဆောက်ပြီး ရေရအောင် လုပ်ပေးတဲ့လူ၊ ချောင်းငယ်လေးတွေမှာ ရေပြန်စီးလာအောင် ဖန်တီးပေးတဲ့လူဖြစ်လို့ တချို့က ကျွန်တော့ကို “ရေလူကြီး”၊ “မြစ်လူကြီး”လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့ရဲ့ ဇာတိ အူတာပရာဒက်ရှ်ပြည်နယ်ကို ပြန်ရောက်လို့ ယမုန်နာမြစ်ကို မြင်လိုက်ရတော့ ကျွန်တော် “ရေလူကြီး”လို့ အခေါ်ခံရတာကို တွေးပြီး တစ်မျိုးကြီးဖြစ်သွားတယ်။
“ရေလူကြီး”ငယ်စဉ်ကမြင်ခဲ့တဲ့ ယမုန်နာရေပြင်မြင်ကွင်းနဲ့အခုမြင်ရတဲ့မြင်ကွင်းဟာ တခြားစီဖြစ်နေပါပေါ့လား။ မြို့တော်နယူးဒေလီနားက ယမုန်နာရေပြင်ဟာ အညစ်အကြေးတွေ၊ စက်မှုလုပ်ငန်း စွန့်ပစ်ရေတွေနဲ့ မည်းနေတာပဲ။
အတူပါလာတဲ့ ကျွန်တော့သားက ပြောတယ်။
“ယမုန်နာမြစ်ရေကို ဖေဖေငယ်ငယ်တုန်းကလို ကြည်နေအောင် ပြန်မလုပ်နိုင်ကြတော့ဘူးလား။ ရာဂျက်စထန်ရဲ့ ကျေးလက်တွေမှာ ရေရအောင်၊ ချောင်းကောတွေ ရေပြန်စီးလာအောင် လုပ်ပေးနိုင်တဲ့ ဖေဖေဟာ ဖေဖေမွေးတဲ့ပြည်နယ်ရဲ့ ရေအခြေအနေကို တိုးတက်ကောင်းမွန်လာအောင် ကြိုးစား မပေးနိုင်ဘူးလား”
သားက ဒီလိုပြောပြီးရက်အနည်းငယ်အကြာမှာ ကျွန်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရောက်လာတယ်။ သူက-
“ယမုန်နာမြစ်ရိုးတစ်လျှောက်မှာ အဆောက်အအုံတွေ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အလုံးအရင်းနဲ့ ဆောက်နေကြတယ်၊ ဒါတွေကို အခုရပ်အောင် မလုပ်နိုင်ရင် ကျွန်တော်တို့ရဲ့ သားသမီးတွေဟာ ယမုန်နာမြစ်ဆိုတာကို မြင်ဖူးကြမှာ မဟုတ်တော့ဘူး”
သူတို့ရဲ့ စကားတွေဟာ ကျွန်တော့အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ကျွန်တော်တို့ဟာ ယမုန်နာမြစ်ရိုး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေတစ်လျှောက်မှာ သစ်ပင်တွေ စပြီး စိုက်ကြတယ်။ သစ်ပင်တွေက မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးလိမ့်မယ်၊ ရေစီးရေလာကို ထိန်းပေးလိမ့်မယ်၊ မြစ်ထဲ နုန်းအနည်တွေ ဝင်မလာအောင် တားပေးနိုင်လိမ့်မယ်။
အစမှာတော့ ရဲတွေလာပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းကို တားကြတယ်။ ကျွန်တော်တို့ကတော့ “ယမုန်နာ ကယ်တင်ရေး”အစီအစဉ်ကို ဆက်လုပ်ကြတယ်။
နောက်ဆုံးကျတော့ အစိုးရကိုယ်တိုင်က ကျွန်တော်တို့ လုပ်ငန်းမှာ ပူးပေါင်းပါဝင်လာတယ်။
ယမုန်နာမြစ်ရိုးတစ်လျှောက် ဧက ၂၅၀၀၀ လောက်ရှိတဲ့ မြေပြင်ပေါ်က ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး လုပ် ငန်းတွေကို ရပ်ပစ်လိုက်တယ်။ အမှန်ကတော့ အဲဒါတွေဟာ ရေတိုကြည့်ရင်တော့ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းတွေလို့ ထင်ရပေမယ့် ရေရှည်မှာတော့ ယမုန်နာ ပျက်စီးရာပျက်စီးကြောင်း၊ နိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်း လုပ်ငန်းတွေပဲလေ။

ကျွန်တော်တို့ ဆက်လုပ်တာက ဂင်္ဂါမြစ်ကြီး ယိုယွင်းနေတာကို ကယ်တင်ဖို့ပဲ။ လူသန်းပေါင်း ၄၀၀ ခန့်က သောက်သုံးဖို့၊ သွားလာဖို့ မှီခိုနေရတဲ့ ဂင်္ဂါမြစ်ကြီးဟာ မြစ်ဖျားခံရာ ဟိမဝန္တာရေခဲမြစ်တွေ ကျုံ့ဝင် သေးငယ်နေတာကြောင့် တဖြည်းဖြည်း ကောလာနေပြီ။ တစ်ဖက်မှာလည်း စွန့်ပစ် အညစ်အကြေး တွေကြောင့် မြစ်ရေရဲ့အရည်အသွေးဟာ ဆိုးဆိုးရွားရွား ကျဆင်းနေတယ်။ ဒါကို ဆိုင်ရာအာဏာပိုင်တွေနဲ့ လူတွေ သတိပြုမိလာအောင် ကျွန်တော်နဲ့လုပ်ဖော်ကိုင်ဖက်တွေက နည်းမျိုးစုံနဲ့ လှုံ့ဆော်ကြတယ်။ ဂင်္ဂါမြစ်ကို ကယ်တင်ဖို့ မူဝါဒတွေ ချမှတ်ဖို့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်းကြတယ်။ ယမုန်နာ ကယ်တင်ရေးအစီအစဉ်ကို အတုယူပြီး “ဂင်္ဂါကယ်တင်ရေးအစီအစဉ်”ကို ကျွန်တော်တို့ စတင်ကြတယ်။
ရလဒ်ကတော့ အစိုးရက ဂင်္ဂါမြစ်ကို “အမျိုးသားမြစ်ကြီး”အဖြစ် သတ်မှတ်ပေးလိုက်တယ်။ “အမျိုးသား ဂင်္ဂါ မြစ်ဝှမ်းအဖွဲ့”ကို ဖွဲ့ပြီး စီမံကိန်းချဖို့၊ ငွေကြေးရရှိဖို့၊ မြစ်အခြေ အနေကို စောင့်ကြည့်လေ့လာဖို့ လုပ်ဆောင်နေပါပြီ။ (မှတ်ချက် – လုပ်ငန်းစတင်နေပြီဖြစ်သည်)
ယမုန်နာနဲ့ဂင်္ဂါမြစ်ကြီးထဲမှာ ရေကြည်တွေ အဆက်မပြတ်စီးနေနိုင်တဲ့ လမ်းစကို ကျွန်တော်တို့ စိတ်ကူးယဉ်လို့ ရနိုင်ပါပြီ။
ရေချိုအရင်းအမြစ်တွေနဲ့ ဂေဟစနစ်တွေဟာ ရာသီဥတု ပြောင်းလဲမှုကြောင့်ရော၊ ရာသီဥတုနဲ့ မသက်ဆိုင်တဲ့ အခြားအကြောင်းတွေကြောင့်ပါ အခြိမ်းခြောက်ခံနေကြရပါတယ်။
ရေဟာ ကျွန်တော်တို့ရဲ့ အသက်ပါ။ ရေဟာ ကျွန် တော်တို့ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ ရိုးရာဓလေ့ တွေ့ရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ကြစေချင်ပါတယ်။ ရေကို စီးပွားရေး အကျိုးအမြတ် သက်သက်အတွက်ပဲ အသုံးမချကြပါနဲ့။
လူတွေဟာ သမိုင်းအစကတည်းက မြစ်တွေကို တယုတယ ထိန်းသိမ်းလာခဲ့ကြတယ်။ ကိုးကွယ်ရာ တစ်ခုလို ရိုသေခဲ့ကြတယ်။ ဂင်္ဂါမြစ်ဖြစ်စေ၊ နိုင်းလ်မြစ် ဖြစ်စေ မြစ်ဆို တာ နိုင်ငံရဲ့ ပင်မသွေးကြောပါ။ မြစ်တွေရဲ့ ကျန်းမာရေးဟာ လူတွေရဲ့ ကျန်းမာရေးပါပဲ။
(စာရေးသူ ရာဂျင်ဒရာဆင်းသည် သူ၏ ထူးချွန်ပြောင်မြောက်သော ရေစီမံခန့်ခွဲရေး ဆောင်ရွက်ချက်များကြောင့် ရာမွန်မက်ဆေးဆေးဆုကို ရရှိခဲ့ သည်။)
(အောင်ပင်လယ်တွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်။)