
အစ္စရေးနိုင်ငံ၏တစ်နှစ်ပျမ်းမျှမိုးရေချိန်သည် ၂၁ လက်မမျှသာဖြစ်ရာ မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ၏ မိုးရေချိန်နှင့်နီးစပ်သည်။ မြန်မာ့ ခြောက်သွေ့ဒေသ၌ ရေအခက်အခဲကြီးမားသည့်နည်းတူ အစ္စရေးတွင်လည်း ရေပြဿနာကြီးကြီးမားမားရှိခဲ့သည်။ ယခုအခါ မြန်မာတွင် ခြောက်သွေ့ဒေသ၌သာမက မိုးများသည့်ဒေသ အချို့တွင်ပါ ရေအခက်အခဲရှိနေသော်လည်း အစ္စရေးတွင်မူ ရေများပိုလျှံသည့် အခြေအနေသို့ ရောက်သွားပြီ။ သူတို့ ရေအရင်းအမြစ်ကိုဘယ်လိုစီမံသလဲ လေ့လာပြီး သိလာသည်ကို အတိုချုံး၍ မျှဝေပါသည်။
အစ္စရေးသည် ၁၉၄၈ ခုနှစ် မေလ၌ သီးခြားလွတ်လပ်သောနိုင်ငံဖြစ်လာခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်နှင့် လပိုင်းသာကွာသည်။ သီးခြားနိုင်ငံ ထူထောင်ပြီး နှစ်နှစ်ကျော်အကြာတွင် နိုင်ငံရေဖူလုံရေးကို အလေးထား၍ အစ္စရေးအမျိုးသားရေပေးရေးအဖွဲ့(The National Water Carrier)ကို တည်ထောင်ကာ ဂလီလီရေချိုအိုင်မှ ရေများကို စတင်ပေးဝေသည်။ ဂလီလီမှရေများ၊ မြေအောက်ရေများစုစုပေါင်းတစ်ရက်လျှင် ရေကုဗမီတာ နှစ်သန်း ပေးနေရာမှ လူဦးရေများလာသဖြင့် ရေငန်ှမှရေချိုချက် စမ်းသပ်စက်ရုံငယ်တစ်ခုနှင့် ရေဆိုးမှသုံးရေအဖြစ် သန့်စင်အသုံးပြုခြင်းကို ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် စတင်လုပ်ဆောင်သည်။
ရေအသုံးအများဆုံးဖြစ်သောစိုက်ပျိုးရေးကဏ္ဍတွင် အစက်ချရေပေးရေးစနစ်ကို တီထွင်အသုံးပြု၍ ရေချွေတာသည်။ ရေလိုအပ်ချက်ပို၍မြင့်မားလာသဖြင့် ၂၀၀၅ ခုနှစ်တွင် ပထမဆုံးရေချိုချက်စက်ရုံမှ ရေစတင်ပေးဝေသည်။ ရေဆိုးပြန်လည်သန့်စင်အသုံးပြုခြင်းကို ပိုမိုလုပ်ဆောင်သည်။
၂၀၀၈ ခုနှစ်က အစ္စရေးတွင် မိုးအကြီးအကျယ်ခေါင်သဖြင့် သီးနှံစိုက်ခင်းများပျက်စီးသည်။ ယခင်ကထက်ပို၍ ရေချွေတာသည်။ ရေနည်းနည်းသုံး၍ လိုရာကိစ္စပြီးမြောက်စေမည့် အစီအမံများကို တီထွင်အသုံးချသည်။ ရေအထွက်နည်းသော်လည်း ပန်းထွက်အားကောင်းသည့် ရေချိုးခန်းသုံးရေပန်းများကို ထုတ်လုပ်သည်။ ရေနည်းနည်းဖြင့် အကုန်အစင် ဆေးကြောပေးနိုင်သော အိမ်သာရေဆွဲအိုးများကို တီထွင်သည်။ သုံးရေချိုးရေများ၏ ၈၆ ရာခိုင်နှုန်းကို ပြန်လည်သန့်စင်ကာ စိုက်ခင်းများသို့ပေးဝေသည်။
ထိုသို့လုပ်ဆောင်သည့်တိုင်အောင် နိုင်ငံတွင်းရေလိုအပ်ချက် တစ်နှစ်နှစ်ဘီလျံကုဗမီတာနီးပါးကို ဖြည့်မပေးနိုင်သည့်သဖြင့် လိုသောရေကုဗမီတာသန်း ၅၀၀ အတွက် ဂလီလီရေချိုအိုင်မှ ရေများကိုဆက်လက်သုံးစွဲရသည်။ ဂလီလီရေအိုင်တွင် ရေတဖြည်းဖြည်းနည်းလာသည်။
မြေအောက်ရေကြောများ ခန်းလာသည်။ ပြန်ဖြည့်ပေးစရာမိုးရေက မလုံလောက်။
ဂလီလီရေနှင့်မြေအောက်ရေတို့ကိုသာ ဆက်မှီခိုရန်မဖြစ်နိုင်တော့၊ အခြားအရင်းအမြစ်များမှလည်း ပေါင်းစပ်ရယူမှဖြစ်မည်ကို သိလာသည့်အတွက် ရေချိုချက်စမ်းသပ်စက်ရုံငယ်မှရသော အတွေ့အကြုံဖြင့် ရေချိုချက်စက်ရုံကြီးများကို ၂၀၀၅ ခုနှစ်မှစတင်ဆောက်လုပ်အသုံးပြုခဲ့ရာ အစ္စရေးတွင် ရေချိုရေသန့်များ လိုသည်ထက်ပိုအောင် ထုတ်လုပ်နိုင်လာသည်။ ဂလီလီရေအိုင်သည် ရေပြန်ပြည့်လာပြီ။ စိုက်ပျိုးရေကောင်းစွာလုံလောက်သဖြင့် သီးနှံများကို ပြည်ပသို့အလုံးအရင်းနှင့် တင်ပို့လာနိုင်ပြီ။
ရေပိုလျှံလာသော်လည်း ရေကိုချွေတာတတ်သည့်အလေ့အကျင့်သည် တစ်နိုင်ငံလုံး၌ စွဲမြဲသွားသည်။ အစ္စရေးတစ်နိုင်ငံလုံး လက်ရှိရေသုံးသောပမာဏမှာ တစ်နှစ်လျှင်နှစ်ဘီလျံ ကုဗမီတာဖြစ်သည်။ ယင်းမှာ လွန်ခဲ့သည့်ဆယ်နှစ်ကထက် အနည်းငယ်နည်းသည်။ လူဦးရေများလာသော်လည်း သုံးသည့်ရေပမာဏ နည်းသွားခြင်းက ရေချွေတာရေးစီမံချက်၏အောင်မြင်မှုကိုပြဆိုနေသည်။
Alexander Kushnir, Head of the Israel Water Authority က “အစ္စရေးရဲ့ရေရှားပါးမှုကို ကံမကောင်းလို့ဖြစ်ရတာဆိုပြီး ပစ်မထားဘူး။ ဖြေရှင်းနိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ နည်းလမ်းမျိုးစုံကို တွေးတော လုပ်ဆောင်ခဲ့လို့ အခုလို ရေအတွက်ပူစရာမလိုတော့တာ”ဟု ဆိုသည်။ သုံးစွဲရေ နှစ်ဘီလျံကုဗမီတာ(ကုဗမီတာသန်း ၂၀၀၀)အနက် ကုဗမီတာသန်း ၆၀၀ သည် ရေငန်မှချက်သော ရေချိုဖြစ်ပြီး ကုဗမီတာသန်း ၄၀၀ သည် ရေဆိုးကိုပြန်လည်သန့်စင်အသုံးပြုထားခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
နိုင်ငံအတွက်ပူစရာမလိုတော့သည့်အပြင် ပါလက်စတိုင်းနယ်မြေနှင့်ဂျော်ဒန်နိုင်ငံတို့သို့ပါ ရေပေးဝေလျက်ရှိသည်။