
မြန်မာနိုင်ငံဒေသအတော်များများတွင် ကန်ရေများစောစီးစွာ လျော့နည်းခန်းခြောက်ကုန်ကြသည့်သတင်းများကို အတော်စိပ်စိပ်ကြားလာရသည်။ ကန်ရေစောစီးစွာခန်းခြင်းသည် မိုးရေအဝင်နည်းခြင်းကြောင့် အဓိကဖြစ်ပြီး မိုးစောစောပြတ်၍ အပူကြောင့် စောစောနှင့်များများရေငွေ့ပျံခြင်းကြောင့်လည်း ပါသည်။
အငွေ့ပျံသည်ကို မမြင်နိုင်သော်လည်း အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေပမာဏက အတော်များသည်။ မြန်မာနိုင်ငံဒေသ အချို့၏ရေငွေ့ပျံနှုန်းသည် တစ်နှစ်လျှင်လက်မ ၆၀(ငါးပေ)ခန့်ရှိသည်။ သဘောမှာ ငါးပေနက်သော ကန်တစ်ကန်ကို ရေအပြည့်ထည့်၍ လုံးဝမသုံးဘဲဟင်းလင်းဖွင့်ထားလျှင် တစ်နှစ်ကြာသောအခါ အငွေ့ပျံခြင်းကြောင့် လုံး၀ ခန်းသွားမည်။
ရေငွေ့ပျံခြင်းအနည်းအများသည် ကန်မျက်နှာပြင်အကျယ်အဝန်း အနည်းအများနှင့်လည်း ဆိုင်သည်။ မျက်နှာပြင်ကျယ်လျှင် ရေငွေ့ပိုပျံသည်။ တစ်နည်းပြောရလျှင် မျက်နှာပြင်မှသာ ရေငွေ့ပျံသည်။ အနက်ပိုင်းမှရေများ အငွေ့မပျံနိုင်။
ထို့ကြောင့် လောလောဆယ်ဖြစ်နိုင်သောနည်းကိုပြောရလျှင် လျော့နည်းခန်းခြောက်သွားသည့်ကန်များ၏ ဘူမိသွင်ပြင် အနေအထား၊ ငွေကြေးတတ်နိုင်မှုတို့ပေါ် မူတည်၍ ဖြစ်နိုင်သမျှနက်အောင်တူးချထားနိုင်လျှင် နောက်နှစ်များတွင် ရေပို၍ကျန်လိမ့်မည်။
ထို့အတူ ကန်သစ်တူးလျှင် ဖြစ်နိုင်သမျှနက်အောင်တူးပြီး မျက်နှာပြင်ဧရိယာကို လျှော့ထားလျှင် ရေငွေ့ပျံဆုံးရှုံးမှု သက်သာသည်။ ပူးတွဲပုံပါ ကန်နှစ်ကန်သည် ထုထည်တူ၊ ရေအဝင်ပမာဏတူသော်လည်း ယာဘက်ကန်သည် ဝဲဘက်ကန်ထက် မျက်နှာပြင်ဧရိယာလေးဆနည်းသဖြင့် ရေငွေ့ပျံဆုံးရှုံးမှုလည်း လေးဆပိုနည်းသည်။