
ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံတို့၏မြောက်ဘက်၊ တရုတ်နိုင်ငံ၏အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ(Hindu Kush Himalayan Region (HKH))တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်အပါအဝင် တောင်မြင့်များစွာပါဝင်သဖြင့် ကမ္ဘာ့ခေါင်မိုးဟုလည်းကောင်း၊ တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများပြီးလျှင် ရေခဲပြင် ရေခဲမြစ်အများဆုံးရှိ၍ တတိယဝင်ရိုးစွန်းဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြသည်။
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များသည် ၁၉၇၀ ပြည့်နှစ်အလွန်မှစ၍ အရည်ပျော်မှုများလာကာ ရေခဲပြန်ဖြစ်မှုနည်းလာသဖြင့် လျော့နည်းတိုဝင်လာလျက်ရှိသည်(ခြွင်းချက်-ဒေသအနောက်ပိုင်းရေခဲမြစ်များ)။ လေ့လာချက်တစ်ခုအရ အိန္ဒိယ၊ တရုတ်၊ နီပေါနှင့်ဘူတန်တို့ရှိ ရေခဲမြစ်များသည် ၂၀၀၀ ပြည့်နှစ်မှစ၍ တစ်နှစ်လျှင် ရေခဲမြစ်အထူ တစ်ပေခွဲမျှ၊ အလေးချိန်အားဖြင့် ရှစ်ဘီလျံတန် လျော့နည်းလာနေသည်။ ယင်းပမာဏမှာ ၁၉၇၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း အရည်ပျော်နှုန်း၏နှစ်ဆခန့်ဖြစ်သည်။
ရေခဲမြစ်တိုးတက်အရည်ပျော်မှု၏ ထင်ရှားသောအမှတ်အသားများအနက်တစ်ခုမှာ ရေခဲမြစ်များဆုတ်ခွာသွားရာလမ်းတလျှောက်တွင် ပေါ်ထွန်းလာသောရေအိုင်များဖြစ်သည်။ ယင်းရေအိုင်များသည် အရေအတွက်ရော၊ အရွယ်အစားပါ တိုးပွားလာလျက်ရှိသည်။

ရေခဲမြစ်များ နွေအခါအရည်ပိုပျော်လာသဖြင့် ယင်းရေခဲမြစ်များအရည်ပျော်စီးဝင်ရာမြစ်များ၏ ရေစီးပမာဏလည်း ပိုလာသည်။ နွေအခါမြစ်ရေစီးပိုလာခြင်းသည် ကောင်းသည့်လက္ခဏာဟု ယူဆရသော်လည်း အနာဂတ်တွင် ရေခဲမြစ်များလျော့နည်းသွားသောအခါ မြစ်ရေစီးလည်း လျော့သွားမည်ဖြစ်၍ စင်စစ်စိုးရိမ်ဖွယ်အခြေအနေဖြစ်သည်။
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရှိတောင်များတွင် ရွာကျသောဆီးနှင်း၊ မိုးနှင့် ရေခဲမြစ်များမှ အရည်ပျော်ကျလာသည့် ရေခဲရေများသည် အမူဒါယာ၊ တာရင်၊ အိန္ဒု၊ ဂင်္ဂါ၊ ဗြဟ္မပုတ္တရ၊ ဧရာဝတီ၊ သံလွင်၊ မဲခေါင်၊ မြစ်ဝါ၊ ယန်စီ မြစ်ဝှမ်းဒေသ ၁၀ ခုသို့ဝင်ရောက်ကာ လူပေါင်းသန်း ၁၉၀၀ တို့အတွက် သောက်သုံးရေ စိုက်ပျိုးရေ လုပ်ငန်းသုံးရေများအဖြစ် အကျိုးပြုနေသည်။
အထက်ပါမြစ်ဝှမ်း ၁၀ ခုတွင်ပါသည့် ဧရာဝတီနှင့်သံလွင်မြစ်များကို အဓိက မုတ်သုန်မိုးက အထောက်အပံ့ပေးနေသော်လည်း ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ၏အစိတ်အပိုင်းတစ်ခုဖြစ်သော တိဘက်ကုန်းမြင့်မှအရည်ပျော်ကျလာသည့် ရေခဲရေများလည်း ပါဝင်ရာ မဝေးလှသောအနာဂတ်တွင် ဧရာဝတီရေနှင့်သံလွင်ရေများသည်လည်း အတိုင်းအတာတစ်ခုအထိလျော့နည်းသွားလိမ့်မည်။