
ရေသန့်ဘူးခေတ်တွင် မသန့်စင်ရသေးသော ကန်ရေ မြစ်ရေတို့ကို သောက်နေရသည်များလည်း ရှိနေရာ ရေတွင်ပါသောရောဂါပိုးကို နေရောင်ဖြင့်သေစေသည့် ရိုးရှင်းသောနည်းကို မသိသေးသောသူများအတွက် ဝေမျှလိုပါသည်။
ဆော့ဒစ်(Solar Water Disinfection (SODIS))ဟု ခေါ်သော အဆိုပါနည်းသည် မသန့်စင်ရသေးသောရေကို နေရာတကာ တွေ့နေရသော ရေသန့်ဘူးခွံထဲထည့်၍ နေရောင်ပြခြင်းဖြင့် ရောဂါပိုးများကို သေစေသောနည်း ဖြစ်သည်။ ရေထည့်သည့်ဘူးသည် နေရောင် အလွယ်တကူ ထိုးဖောက်ဖြတ်သန်းနိုင်သည့် ဘူးအကြည်ဖြစ်ရန် လိုသည်။ သုံးစွဲပြီး ရေသန့်ဘူးနှင့် အချိုရည်ဘူးများကို သန့်စင်ဆေးကြော၍ သုံးနိုင်သည်။ သို့သော် နှစ်လီတာဝင်ဘူးထက် ပို၍မကြီးသင့်ချေ။ ကြီးလွန်းပါက ဘူးတွင်းရှိ ရေအားလုံး နေရောင်နှင့်မထိတွေ့နိုင်၍ ရောဂါပိုး အကုန်သေမည် မဟုတ်ချေ။ ဘူး၌ ချေးများကပ်နေ၊ အစင်းကြောင်းထင်နေလျှင် နေရောင်အဝင်နည်း၍ ယင်းဘူးကိုမသုံးသင့်ချေ။

ရေဘူးကိုနေရောင်အောက်၌ ခြောက်နာရီကြာထားရသည်။ အကယ်၍ တိမ်ဖုံးနေ၍ နေရောင်ကောင်းစွာ မရပါက ရေဘူးကို နှစ်ရက်ဆက်တိုက် နေရောင်အောက်တွင် ထားရသည်။ နေရောင်တွင်ပါသော ခရမ်းလွန်ရောင်ခြည်နှင့် အပူဓာတ်တို့သည် ရေတွင်ပါသော ရောဂါပိုးမွှားများကို ယင်းအချိန်အတွင်း သတ်ဖြတ်ဖယ်ရှားနိုင်သည်။
ဘူးထဲထည့်မည့်ရေတွင် အနည်နည်းလျှင် ပိုကောင်းသည်။ အနည်မှုန်တို့သည် နေရောင်ကို ရေတွင်ပါသော ပိုးမွှားတို့နှင့်ထိတွေ့ခွင့်မရစေရန် တားဆီးသောကြောင့် ဖြစ်သည်။ အနည်များသောရေတွင် ပိုးသေရန် အချိန် ပိုကြာသည်။ ထို့ကြောင့် အနည်မပါရန် ကြိုတင်စစ်ယူပြီးမှ နေရောင်နှင့်ထိတွေ့စေလျှင် ပို၍ထိရောက်သည်။
ဆော့ဒစ်နည်းသည် အောက်ဆီဂျင်ဓာတ်ရှိလျှင် ပို၍ ထိရောက်သည့်အတွက် ရေဘူးကို တစ်ဝက်ကျော်ကျော် ဖြည့်ပြီး စက္ကန့် ၂၀ မျှ လှုပ်ခါခြင်းဖြင့် ရေထဲအောက်ဆီဂျင်ရောက်စေပြီးမှ ရေအပြည့်ဖြည့်ရသည်။ ရေဖြည့်ထားသောဘူးကို နေရောင်ကောင်းစွာရသောနေရာ၌ ထားရသည်။ သွပ်မိုးပေါ်တင်ထားလျှင် ဘူးထဲသို့ အပူဓာတ်ပိုမိုဝင်ရောက်၍ ရောဂါပိုးများ လျင်မြန်စွာသေသည်။ အမိုးပေါ်တင်ထားရန် အဆင်မပြေလျှင် နေရောင်ကောင်းစွာရသော မြေပြင်ပေါ်ရှိ ခုံတစ်ခုပေါ်တွင်လည်း တင်ထားနိုင်သည်။ မည်သည့်နေရာ၌ ထားသည်ဖြစ်စေ ရေဘူးကိုထောင်မထားဘဲ နေရောင်အဝင်များစေရန် လှဲထားရသည်။
ဆော့ဒစ်နည်းဖြင့် ရေတွင်ပါသော ဓာတုပစ္စည်းတို့ကို မဖယ်ရှားနိုင်ချေ။ ရောဂါပိုးများကိုသာ သေစေသောနည်း ဖြစ်သည်။ နေရောင်ကောင်းစွာမရသောနေရာတွင် ထိရောက်မှုနည်းသည်။
နေရောင်ကြောင့် ဘူးခွံမှပလတ်စတစ်များ အရည်ပျော်ကာ ရေထဲမရောက်နိုင်ဘူးလားဟု မေးနိုင်သည်။ သုတေသနပြုလုပ်ချက်များအရ ယင်းအန္တရာယ်မရှိဟု သိရသည်။ သို့သော် ဘူးကို ခြောက်လခန့်သာသုံးပြီး အခြားဘူးခွံနှင့်လဲလှယ်အသုံးပြုသင့်ကြောင်း အကြံပြုထားသည်။
လေ့လာချက်များအရ ဆော့ဒစ်နည်းဖြင့် ပိုးသတ်ထားသောရေကိုသောက်သည့် ကလေးငယ်များသည် ပိုးသတ်မထားသောရေကိုသောက်သည့်ကလေးတို့ထက် ဝမ်းရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းသည်။ ဆော့ဒစ်နည်းကို ဖွံ့ဖြိုးဆဲနိုင်ငံ ၅၀ တို့တွင် အသုံးပြုနေကြောင်း သိရသည်။

ကန်ရေ မြစ်ရေကို ရောဂါပိုးကင်းစင်သည့်သောက်ရေအဖြစ် လွယ်ကူရိုးရှင်းစွာ ပြောင်းလဲပြုပြင်ပေးနိုင်သော ဆော့ဒစ်(Solar Water Disinfection (SODIS))နည်းပညာကို ဦးစွာဖော်ထုတ်သူမှာ American University of Beirut ၏ပါမောက္ခ Aftim Acra ဖြစ်ပြီး ခိုင်လုံစိတ်ချရသည့်နည်းပညာတစ်ခု ဖြစ်လာအောင် ဆက်လက်သုတေသနပြုပြန့်ပွားစေသူများမှာ ဆွစ်ရေသန့်အင်ဂျင်နီယာ Martin Wegelin နှင့် အိုင်ယာလန်ပါမောက္ခ Kevin McGuigan တို့ဖြစ်ကြသည်။
Martin Wegelin သည် ကျွန်တော်၏ သူငယ်ချင်းလည်းဖြစ်၊ ဆရာလည်း ဖြစ်သည်။ European Course in Sanitary Engineering ၌ တက်ရောက်သင်ကြားခဲ့စဉ်က ရင်းနှီးခင်မင်ခဲ့သည့် Martin Wegelin သည် ကျွန်တော့ထက် အသက်တစ်နှစ်သာကြီးသော်လည်း သူ့ပညာရပ်နှင့် လုပ်ငန်းအတွေ့အကြုံများက ကျွန်တော့ထက် အပုံကြီးသာလွန်သည်။ ကျွန်တော်က ဆရာများ ပို့ချသည်ကို နားထောင်ရုံမျှသာ ဖြစ်သော်လည်း သူက ဆရာများနှင့်အခြေအတင်ငြင်းခုံဆွေးနွေးနိုင်သည်။ သူသည် ကျွန်တော် နားမလည်သည်များကို စိတ်ရှည်လက်ရှည်ရှင်းပြတတ်၍ ဆရာဟု ဆိုခြင်းဖြစ်သည်။ ပညာရေးအပြင် အခြားကိစ္စအ၀၀၌လည်း အချိန်အကုန်ခံလိုက်လုပ်ပေးခဲ့သူဖြစ်သည်။ သူ၏ထူးခြားချက်မှာ ချမ်းသာသောနိုင်ငံသား၊ ချမ်းသာသောရေသန့်အင်ဂျင်နီယာ ဖြစ်သော်လည်း ဆင်းရဲသောနိုင်ငံများ၏ ရေပေးရေးစနစ်များကိုမှ စိတ်ဝင်စားခြင်းဖြစ်သည်။

သူသည် ဆော့ဒစ်ပိုးသတ်ခြင်းနည်းပညာအပြင် ရေတွင်ပါသည့်အနည်များကို ကျောက်စရစ်များကို အသုံးပြုကာ စစ်ယူဖယ်ထုတ်ပေးသည့် Horizontal Roughing Filtration ခေါ်ရေစစ်ကန်စနစ်ကိုလည်း ပြန့်ပွားအောင် ဦးဆောင်ခဲ့သူဖြစ်သည်။ ယင်းရေစစ်စနစ်သည် သဲရေစစ်ကန်နှင့်တွဲသုံးလျှင် အနည်အမှုန်များ၊ ရောဂါပိုးမွှားများကို ရာနှုန်းပြည့် ဖယ်ရှားပေးနိုင်သည်။ သဲရေစစ်ကန်မရှိသောနေရာများတွင် Horizontal Roughing Filtration မှထွက်လာသောရေကို ဆော့ဒစ်ပိုးသတ်နည်းဖြင့် သန့်စင်လျှင် သဲရေစစ်ကန်သုံးသကဲ့သို့ အရည်အသွေးမပြည့်သော်လည်း သောက်သုံးနိုင်သည့်အဆင့်အထိ ရသည်။ ထို့ပြင် Horizontal Roughing Filtration သည် ဆောက်လုပ် အသုံးပြု ထိန်းသိမ်းရန် လွယ်ကူသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် သင့်တော်သည်။
Martin Wegelin သည် သူ့ဘဝ၏ အချိန်အတော်များများကို အာဖရိကနှင့် တောင်အမေရိကနိုင်ငံများတွင် ကုန်လွန်စေခဲ့သည်။ သူ၏လုပ်ဆောင်ချက်များကြောင့် ပညာရပ်ဆိုင်ရာအသိအမှတ်ပြုမှုများသာမက Swiss Red Cross (SRK) Award for Humanitarian Services ကိုလည်း ရရှိခဲ့သည်။