
“ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ”အစီရင်ခံစာပါ ရေနှင့်ပတ်သက်သော အချက်အလက်များမှ အလယ်ပိုင်းဇုန်အခြေအနေကို ဆက်လက်တင်ပြပါမည်။
“ပုံမှန်အားဖြင့် အလယ်ပိုင်းဇုန်အတွင်း ပူပြင်းခြောက်သွေ့သည့်ရာသီတွင် အပူချိန်မှာ ၄၀ ဒီဂရီ ဆဲလ်စီယပ်ထိ ရောက်လေ့ရှိပြီး ရေခိုးရေငွေ့ပျံမှုနှုန်းများမှာ မိုးရွာသွန်းသည့်နှုန်းထက် နှစ်ဆများပြားနေပါသည်။
မိုးရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ခြင်းမှာ ယင်းဒေသတွင်းရှိ ကျေးလက်လူထုကြီးအတွက် အသက်မွေးမှု ပင်မရင်းမြစ်အဖြစ် ဆက်လက်ရှိနေပါသည်။ ထွန်ယက်စိုက်ပျိုးမြေ၏ ၁၆ ရာခိုင်နှုန်းအောက် ဖြစ်သည့် နည်းပါးသည့် စိုက်ပျိုးမြေအစိတ်အပိုင်းကိုသာ ဆည်မြောင်းရေထောက်ပံ့မှုကို အမှန်တကယ်ပေးထားနိုင်ခြင်းရှိပါသည်။
ရေအရင်းအမြစ်များအတွက် ထိခိုက်လွယ်အားနည်းမှုအခြေအနေအား စနစ်တကျ ကိုင်တွယ်နိုင်စွမ်းမရှိခြင်းမှာ အပူပိုင်းဒေသတွင်း တည်တံ့နေသည့် ဆင်းရဲနွမ်းပါးမှုနှင့် အစားအစာမလုံလောက်မှုတို့၏ များစွာသော ရင်းမြစ်အကြောင်းတရားပင် ဖြစ်ပါသည်။
၂၀၁၂ ခုနှစ် စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာတွင် မြစ်ရေတင်ခြင်း ၆၇ ခု အနေဖြင့် ဦးတည်ထားသည့်အနက်မှ ၁၆ .၃ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပြီး အချို့သောရေလှောင်တမံများနှင့် ရေလွှဲဆည်များအနေဖြင့် ရေသွင်းထောက်ပံ့မှုလုံးဝမရှိခဲ့ ဟူ၍ တွေ့ပါသည်။
အပူပိုင်းဒေသတွင် မြေအောက်ရေများမှာ ယခင်ကယူဆထားသည့်အတိုင်း များပြားကြီးမားစွာမရှိပါ။ အဆိုပါ မြေအောက်ရေရင်းမြစ်များကို ရေရှည်တည်တံ့မည့်ပုံစံဖြင့် အသုံးပြုခြင်းစနစ်မှာ လက်ရှိမြေပေါ်တွင် သိုမှီးနေသည့် ရေထုထည်ပမာ၏ ၅၀ ရာခိုင်နှုန်းသာ ထုတ်လုပ်ပေးပါလိမ့်မည်။”
အထက်ပါအချက်များထဲမှ ကျွန်တော် မီးမောင်းထိုးပြလိုသည်မှာ “ရေခိုးရေငွေ့ပျံမှုနှုန်းများမှာ မိုးရွာသွန်းသည့်နှုန်းထက် နှစ်ဆ များပြားနေပါသည်။” ဆိုသောအချက်ကို ဖြစ်သည်။ ရေငွေ့ပျံနိုင်စွမ်းက ရွာသောမိုးရေထက် နှစ်ဆများသဖြင့် မိုးမှန်သောနှစ်များ၌ပင် နောက်မိုးအထိ ရေမကျန်ဘဲခန်းကုန်သည်။ မိုးနည်းသောနှစ်ဆိုလျှင် ပို၍စောစောခန်းသည်။ လက်ရှိထက် မိုးရေနှစ်ဆပိုရသော်မှ အငွေ့ပျံတာနှင့် ကုန်သွားမည့်သဘောပင် ဖြစ်သည်။
ထို့ကြောင့် ရေကျန်နေအောင် ရေငွေ့ပျံမှုကိုထိန်းနိုင်သလောက်ထိန်းဖို့ ပြီးခဲ့သည့်ပို့စ်များ၌ ရေးခဲ့သလို မိုးရေလှောင်ကန် စာအုပ်ထဲတွင်လည်း ရေငွေ့ပျံခြင်းအကြောင်းကို တစ်ခန်းသပ်သပ် ရေးထားခြင်းဖြစ်သည်။
ရေငွေ့ပျံခြင်းသည် အခြားသောအချက်များအပြင် လေတိုက်နှုန်းပေါ်တွင်လည်း မူတည်သဖြင့် ကန်ဘေး၌ သစ်ပင်များစိုက်ထားလျှင် အငွေပျံမှု လျော့နည်းသည်။ Kanma Township DRD ၏ FB ပါ မကွေးတိုင်း ကံမမြို့နယ် မုန်းဒါးကြီး မြေသားကန်ဘေး၌ တွေ့ရသောအပင်များကြောင့် ယင်းကန်တွင် အငွေ့ပျံမှုလျော့နည်းမည် ဖြစ်သည်။ (ပူးတွဲပုံ)
ယေဘုယျအားဖြင့် သစ်ပင်တစ်ပင်သည် အမြင့်၏ ၈ ဆမှ ၁၂ ဆ(ပျမ်းမျှ ၁၀ ဆ) အကွာအဝေးအထိ လှမ်း၍ ရေမျက်နှာပြင်ပေါ် လေမတိုက်အောင် ကာထားပေးနိုင်ကြောင်း ပူးတွဲပုံအရ သိနိုင်ပါသည်။ ၁၀ ပေ မြင့်သော အပင်သည် ပေ ၁၀၀ ကျယ်သောရေကန်ကို အငွေ့ပျံမှုနည်းအောင် ကာပေးထားနိုင်သည်။ ကန်ထဲရေပိုကျန်စေလိုလျှင် ကန်ပေါင်တစ်လျှောက် သစ်ပင်စိုက်ကြပါ။