ဘယ်လာဂါဗီရေအခက်အခဲ

အိန္ဒိယနိုင်ငံ အနောက်တောင်ဘက်ရှိ လူဦးရေငါးသိန်းခန့်နေထိုင်သော ဘယ်လာဂါဗီ(Belagavi (formerly Belgaum))မြို့တွင် ၁၉၉၅ ခုနှစ်က မိုးအကြီးအကျယ်ခေါင်သဖြင့် ရေအခက်အခဲတွေ့ခဲ့သည်။ မြို့ကိုရေပေးနေသောရေကန်ကြီးတွင် ရေသိသိသာသာလျော့နည်းခဲ့သဖြင့် ရက်သတ္တတစ်ပတ်တွင် တစ်ကြိမ်သာရေပေးနိုင်တော့သည်အထိ အခြေအနေဆိုးခဲ့သည်။ ရေမရသောအိမ်ရှင်မများက ရေပုံးရေခွက်ကိုယ်စီဖြင့် မြို့တော်ဝန်ရုံးခန်းရှေ့သို့ ချီတက်ဆန္ဒပြကြသည်။ ရေအတွက် တစ်နည်းနည်းစီစဉ်ပေးရန် အော်ဟစ်ကြသည်။ မြို့တော်ဝန်လည်း ဘာမျှမတတ်နိုင်၊ အော်သံ ဆူပူသံများကြားတွင် ခေါင်းမဖော်နိုင်ခဲ့ချေ။ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင်လည်း ထိုနည်းနှင်နှင် နွေရောက်၍ ရေပြတ်တိုင်း ရေပုံးရေခွက်များဖြင့် လာဝိုင်းသော အိမ်ရှင်မများ၏ဒဏ်ကို မြို့တော်ဝန် ကောင်းစွာခံခဲ့ရသည်။

ဘယ်လာဂါဗီမြို့တွင် ကန်ရေကိုပိုက်ဖြင့်မပေးဝေနိုင်မီက မြို့သားတို့သည် လက်တူးရေတွင်းကြီးများနှင့် ရပ်ကွက်တွင်းရှိရေကန်များဖြင့် အဆင်ပြေခဲ့ကြသော်လည်း ကန်ရေရသည့်အချိန်မှစ၍ ယင်းရေတွင်းကြီးများကို မည်သူမျှဂရုမစိုက်ကြတော့ချေ။ အချို့တွင်းများသည် အမှိုက်တွင်းကြီးများ ဖြစ်သွားသည်။ အချို့တွင်းများကို မြေကြီးဖုံးသွားသဖြင့် လူငယ်များက ယင်းတို့ရှိမှန်းပင် မသိကြတော့ချေ။ မြို့၏ရေအခက်အခဲ ကြီးထွားလာသောအခါ မြို့သားလူကြီးပိုင်းအချို့က ရေတွင်းဟောင်းများကိုပြန်ဆယ်ရန် အကြံပေးကြသည်။

အခြားနည်းများဖြင့်ရေရရန်မမြင်၍ မြို့စည်ပင်ဌာနသည် Kapileshwara tank အမည်ရှိ ကန်ကြီးကို စဆယ်သည်။ ပေ ၅၀ ပတ်လည်ခန့်ရှိသောကန်ကြီးကို လူအင်အား ၁၅၀ ခန့်ဖြင့် တစ်လကြာ ပြန်ဆယ်ပြီးသောအခါ ဘေးပတ်လည်မှရေများ ကန်ထဲစိမ့်ဝင်လာလာသဖြင့် အနီးအနားရပ်ကွက်များအတွက် အဆင်ပြေသွားသည်။

ကန်ဟောင်းပြန်ဆယ်တာအောင်မြင်သွားသဖြင့် မြို့စည်ပင်ဌာနသည် ကန်ဟောင်း တွင်းဟောင်းများကို ပြန်ဆယ် ပြန်ဖော်၍ ရေပေးဝေခဲ့ရာ ယခုအခါလက်တူးရေတွင်းဟောင်းပေါင်း ၁၀၀ ကျော်နှင့် ကောနေသောကန်ကြီး ၁၀ ကန်တို့ကို ပြန်လည်ဆန်းသစ်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းတို့ထဲမှတွင်းကြီး ၃၂ တွင်းမှ နွေအခါအပါအဝင် တစ်ရက်လျှင်လီတာ ၄၀၀၀၀၀ ထုတ်ယူသုံးစွဲလျက်ရှိသည်။ ထုတ်သုံးရုံမျှမဟုတ်၊ ပြန်လည်ရှင်သန်လာသောတွင်းဟောင်းများထဲသို့ မိုးရေဖြင့်ဖြည့်ပေးခြင်းကိုလည်း ဆက်လက်လုပ်ဆောင်နေကြသည်။ မြို့လူဦးရေအတော်များများသည် အဆိုပါတွင်းရေကန်ရေများကြောင့် တစ်နှစ်ပတ်လုံး ရေဖူလုံနေကြသည်။

ရေကောင်းရေသန့်ရှားပါးလာသောကမ္ဘာတွင် မြစ်ရေ ကန်ရေ အဝီစိတွင်းရေများကိုရယူတူးဖော်ခြင်း၊ အဆင့်မြင့်နည်းပညာအသုံးချခြင်းတို့အပြင် လက်တူးတွင်းအဟောင်းများကို ပြန်လည်ဆယ်ယူအသုံးချခြင်း၊ ယင်းတို့ကို မိုးရေပြန်ဖြည့်ခြင်းတို့ဖြင့်လည်း တစ်စိတ်တစ်ပိုင်းပြေလည်နိုင်ကြောင်း ဘယ်လာဂါဗီမြို့ကို သာဓကကောင်းတစ်ခုအဖြစ် လေ့လာ၍ သင်ခန်းစာယူ အသုံးချသင့်ကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s