
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဘန်ဂလော(Bangalore)မြို့သည် ကမ္ဘာတွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးကြီးထွားနေသော မြို့ကြီး ဆယ်မြို့စာရင်းဝင်ဖြစ်သည်။ လူဦးရေ ၁၂ သန်းနီးပါးနေထိုင်သောဘန်ဂလော ဖွံ့ဖြိုးရခြင်းအကြောင်းများတွင် စက်မှု၊ ဆက်သွယ်ရေး၊ လေကြောင်းအင်ဂျင်နီယာ၊ ဆေးဝါး၊ အထည်အလိပ်စသည်တို့အပြင် အိုင်တီခေါ် သတင်းအချက်အလက်နည်းပညာ အောင်မြင် ထွန်းကားသောကြောင့် ဖြစ်သည်။ ဟီတာချီ၊ အိုင်ဘီအမ်၊ အိပ်ချ်ပီစသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီရုံးခွဲများ ဘန်ဂလောတွင် ရှိသည်။
စီးပွားရေးတွင် ထိပ်ရောက်နေသော်လည်း ဘန်ဂလော၏ ရေပေးရေးစနစ်သည်မူ အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ မြို့နှင့်အနီးဆုံး အာကာဝတီမြစ်မှ ဘန်ဂလောအတွက် ရေထုတ်ယူမှု များလွန်းသဖြင့် မြစ်ရေစီးလျော့နည်းလာနေသောကြောင့် မြို့မှမိုင် ၆၀ ခန့်ဝေးသော ကော်ဗရီမြစ်ရေကို စုပ်ယူနေရသည်။
ဘန်ဂလောရှိ တရားဝင်အဝီစိတွင်းပေါင်း ၄၀၀၀၀ ကျော်၏ မြေအောက်ရေပြင်သည် ကျဆင်းလာနေသည်။ တစ်ချိန်ကဆိုလျှင် ဘန်ဂလောတွင် ရွာကျသောတစ်နှစ်မိုးရေချိန်လက်မ ၄၀ ခန့်၏ ၁၀ ရာခိုင်နှုန်းခန့်သည် မြေအောက်စိမ့်ဝင်သဖြင့် အဝီစိတွင်းများ ပုံမှန်ပြန်ပြည့်လာခဲ့သော်လည်း မြို့ပြဖွံ့ဖြိုးခြင်းနှင့်အတူ ကွန်ကရစ်ပြင် ကတ္တရာပြင်စသည့် ရေပိတ်လွှာများက မြို့ပြဧရိယာ၏ ၉၃ ရာခိုင်နှုန်းခန့်အထိ နေရာယူ ဖုံးလွှမ်းသွားခဲ့သောကြောင့် မြေအောက်ရေလျော့နည်းသွားရသည်။
သည်အတိုင်းဆက်သွားလျှင် ဘန်ဂလော၌ ၂၀၂၅ ခုနှစ်တွင် ရေပြတ်မည့်အလားအလာ ရှိနေသည်။ ဘန်ဂလောသည် ကုန်းတွင်းပိုင်းရောက်နေ၍ ပင်လယ်ရေမှရေချိုချက်ဖို့ကလည်း မဖြစ်နိုင်။ ထို့ကြောင့် အဆင့်မြင့်နည်းပညာများကြောင့် စီးပွားတိုးတက်နေသော ဘန်ဂလောသည် အချို့က”အဆင့်နိမ့်”သည်ဟု သတ်မှတ်သည့်ရေအရင်းအမြစ်များကို တိုးမြှင့်သုံးစွဲရန် အားထုတ်နေကြရသည်။ ယင်းတို့မှာ မိုးရေခံစနစ်များနှင့် လက်တူးတွင်းတိမ်များ ဖြစ်ကြသည်။
ဘန်ဂလောရှိအဆောက်အအုံများတွင် မိုးရေခံစနစ်များထားရှိသုံးစွဲရန် ၂၀၀၉ ခုနှစ်က ဥပဒေ ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်က စစ်ဆေးသောအခါ အဆောက်အအုံ ၁၂၀၀၀၀ ကျော်တွင်သာ မိုးရေခံစနစ်ရှိပြီး ကျန်အဆောက်အအုံများတွင် မရှိ၍ မိုးရေခံစနစ်သုံးစွဲရန် ကြပ်မတ်ဆော်သြနေရသည်။
ဘန်ဂလောရှိ မြေနေရာကွက်လပ်များတွင် လက်တူးတွင်းတိမ်များတူးကာ ရေရယူခြင်းသည်လည်း အရှိန်ရလာနေသည်။ လက်တူးတွင်းတိမ်များမှရသောရေပမာဏသည် အဝီစိတွင်းလောက်မများသော်လည်း မိုးတွင်း၌ ရေအလွယ်တကူပြန်ပြည့်နိုင်သဖြင့် မိုးရေခံစနစ်တစ်မျိုးဖြစ်သည့်အပြင် ကုန်ကျစရိတ်လည်း မများလှသဖြင့် အဆိုပါတွင်းတူးလုပ်ငန်းများ အရှိန်ရလာခြင်းဖြစ်သည်။ ယခုအခါ ဘန်ဂလော၌ လက်တူးတွင်းတိမ်ပေါင်းတစ်သိန်းခန့်ရှိနေပြီဟု ဆိုသည်။ လူနေအိမ်များအပြင် ဘန်ဂလောနိုင်ငံတကာလေဆိပ်နှင့်စက်ရုံအများအပြားတို့တွင်ပါ လက်တူးတွင်းတိမ်များ တူးဖော်အသုံးချနေကြပြီ။
ဘန်ဂလော၏ ရေပြဿနာကိုဖြေရှင်းရန် “ရေတွင်းတစ်သန်းလှုံ့ဆော်ချက်”သည် အောင်မြင်မှုလမ်းစပေါ် ရောက်နေသည်။ မြို့ရေပေးရေးအတွက် မြစ်ရေ ကန်ရေ အဝီစိတွင်းရေများကိုသာ မှီခိုနေမည့်အစား လက်တူးတွင်းတိမ်များဖြင့် အတိမ်ပိုင်းမြေအောက်ရေကြောများမှရေကို ရယူမည့်လှုံ့ဆော်ချက်ဖြစ်သည်။ မြို့အနှံ့လက်တူးတွင်းတိမ်ပေါင်းတစ်သန်းအထိတူးရန် ရည်ရွယ်ရာ ယခုအထိ တွင်းတစ်သိန်းကျော်သွားပြီ ဖြစ်သည်။

အဆိုပါတွင်းတိမ်များအနက် အချို့သည်ရေဖြည့်တွင်းများဖြစ်သည်။ ရေတွင်းဟူသည် ထုတ်သုံးရန်သက်သက် ဖြစ်သည်ဆိုသော အယူအဆအမှားကြောင့် အထုတ်များ၍အဝင်နည်းလာသောအခါ ရေခန်းရသည့်အဖြစ်ကို ကာကွယ်ရန် ရေဖြည့်တွင်းများ တူးဖော်အသုံးချခြင်းဖြစ်သည်။ အတိမ်ပိုင်း မြေအောက်ရေကြောနှင့် အနက်ပိုင်းမြေအောက်ရေကြော နှစ်မျိုးလုံးကို ရေဖြည့်ပေးနိုင်သော်လည်း အတိမ်ပိုင်းရေကြောကို ဖြည့်ပေးခြင်းက ပို၍လွယ်သည်။ နွေ၌ခန်းသွားသောတွင်းများ မိုးရွာသောအခါ ပြန်ပြည့်လာခြင်းသည့် သဘာဝကရေပြန်ဖြည့်ပေးသောကြောင့် ဖြစ်သည်။ ထုတ်သုံးသည်ကများသည့်အထဲ မိုးပါလိုက်နည်းလာလျှင် သဘာဝအလျောက်နိုင်အောင်ပြန်မပြည့်နိုင်တော့သောအခါ လူကပြန်ဖြည့်ပေးနိုင်သည်။
ယင်းသဘောတရားကိုအသုံးမချနိုင်သောမြို့ရွာများ၌ နွေအခါ ရေအခက်တွေ့နေကြချိန်တွင် လက်တူးတွင်းတိမ်များကြောင့် ဘန်ဂလောနေရာအများအပြားတွင် ရေပြဿနာ လျော့နည်းလာနေသည်။ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် မြို့သူမြို့သားများ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြသည့်အချက်ကလည်း အဓိကကျသည်။ Friends of Lakes အဖွဲ့က ရပ်ရွာလူထုကိုစည်းရုံး၍ တွင်းတူးလုပ်ငန်းကို ကြီးကြပ်သည်၊ လိုအပ်သောရန်ပုံငွေကို India Cares Foundation က ကူညီရှာပေးသည်၊ Biome အမည်ရှိအဖွဲ့က အင်ဂျင်နီယာများ၊ ဘူမိဗေဒပညာရှင်များ၊ မြို့ပြစီမံရေးဗိသုကာများဖြင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးသည်။

United Ways Bengaluru အင်န်ဂျီအိုအဖွဲ့သည် ရေဖြည့်တွင်းများကို တူးဖော်အသုံးချနေရာ ယခုအထိရေဖြည့်တွင်းပေါင်း ၅၀ ပြီးစီးပြီ။ စုစုပေါင်းတွင်း ၅၀၀ တူး၍ မိုးရေလီတာပေါင်း ၂၃၀၀၀၀ ဖြင့် အတိမ်ပိုင်းမြေအောက်ရေကြောကို ဖြည့်ပေးရန် ရာထားသည်။
လက်တူးတွင်းတိမ်များ၏ကျေးဇူးကြောင့် ရေအခက်အခဲလျော့နည်းသွားသော သာဓက အများအပြား ရှိသည့်အနက် တစ်ခုအဖြစ် ဘန်ဂလောရှိ အိန္ဒိယစီမံခန့်ခွဲမှုတက္ကသိုလ်ဝင်းကို ကြည့်နိုင်သည်။ ယင်းတက္ကသိုလ်ဝင်းရှိ ရေဖြည့်တွင်းများ၊ မိုးရေခံစနစ်များမှရသည့်ရေဖြင့် စုစုပေါင်းရေလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်သည်။