ကမ္ဘာပေါ်မှာ လူတွေ မရှိတော့လျှင်

လူသားတို့သည် ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံးသက်ရှိများဖြစ်ကြသည့်အတိုင်း ကမ္ဘာ့မြေမျက်နှာပြင်၏ ၄၀ ရာခိုင်နှုန်းခန့်ကို မြို့ပြအဆောက်အအုံများ၊ လယ်ယာများ၊ စားကျက်များ ပြုလုပ်လျက် ပိုင်ဆိုင်စိုးမိုး ထားကြသည်။ ယင်းတို့သည် လူတို့နေထိုင်စားသောက်ရန် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ကြသော်လည်း ဖန်တီးတည်ဆောက်မှု လွန်ကဲလာသောအခါ ကမ္ဘာကြီးကို ဖျက်ဆီးမှန်းမသိ ဖျက်ဆီးမိလျက်သား ဖြစ်နေသည်။

ပြုန်းတီးသွားသောသစ်တောများ၊ ညစ်ညမ်းနေသောကမ်းခြေများ၊ အဏုမြူ စွန့်ပစ် အညစ်ကြေးများ၊ ဓာတုညစ်ညမ်းမှုများ၊ ရာသီဥတုဖောက်ပြန်မှုများဖြင့် ကမ္ဘာသည် တစ်နေ့တခြား အကျည်းတန်လာလျက် ရှိသည်။

လက်ရှိ ကမ္ဘာ့လူဦးရေသန်း ၇၀၀၀ ကျော် လုံးဝပျောက်ကွယ်သွားခဲ့လျှင် ကမ္ဘာကြီးမည်သို့ဖြစ်လာမည်နည်း။

ခေတ်မီအဆောက်အအုံအများစုသည် နှစ် ၆၀ ခန့်ခံရန်အတွက်သာ ပုံစံထုတ်တည်ဆောက်ထားသည်။ တံတားများသည် နှစ် ၁၂၀ ခန့်နှင့် ရေလှောင်တမံများသည် အနှစ် ၂၀၀ ခန့်ခံသည်။ ယင်းသက်တမ်းများသည် ပုံမှန်ထိန်းသိမ်းမှုရှိသောအဆောက်အအုံများကိုသာဆိုလိုပြီးပစ်ထားပါက သည်ထက်ပို၍ လျင်မြန်စွာ ယိုယွင်းကြသည်။ ထို့ကြောင့် လူများလုံးဝပျောက်ကွယ်ချိန်မှစ၍ နှစ်ပေါင်း ၂၀၀ ခန့်ကြာလျှင် ကမ္ဘာပေါ်တွင် လူလုပ်အဆောက်အအုံ အကောင်းကျန်တော့မည်မဟုတ်ချေ။ ကျန်သမျှတို့ကို မြေကြီးက တဖြည်းဖြည်းဖုံးလွှမ်းသွားမည်။

အဆောက်အအုံများ ယိုယွင်းပျက်စီးနေချိန်တွင် လူတို့ခုတ်ထွင်ရှင်းလင်းခဲ့သော မြက်ခင်းနှင့်သစ်တောတို့ ပြန်လည်စိမ်းစိုရှင်သန်လာကြမည်။

လူတို့ခုတ်လှဲ၍ တောပြုန်းသွားသောဒေသတို့တွင် အချို့သောသတ္တဝါများ မျိုးပြုတ်သွားခဲ့သည်။ ထို့အတူ လူတို့ မဆင်မခြင်ဖမ်းယူစားသုံးမှုကြောင့် မျိုးပြုန်းသွားသည့် ကုန်းနေရေနေသတ္တဝါများလည်း အများအပြား ရှိသည်။ လုံးဝမျိုးပြုန်းသွားသည့် သတ္တဝါများ ပြန်ပေါ်လာရန်မှာ မဖြစ်နိုင်တော့ဘဲ မျိုးတုံးလုနီးနီးဖြစ်နေသော တိရစ္ဆာန်များသည်မူ အရေအတွက် ပြန်လည်တိုးပွားလာနိုင်သည်။ အအေးပိုင်းတွင်ထက် အပူပိုင်းဒေသတွင် နာလန်ထူမှု ပို၍မြန်ဆန်သည်။

ညစ်ညမ်းနေသောရေနှင့်လေတို့ တဖြည်းဖြည်း ပြန်လည်သန့်စင်လာမည်။ ပြန်လည်သန့်စင်မှုနှုန်းသည် ဓာတ်ပစ္စည်းအမျိုးအစားနှင့်နေရာပေါ်တွင် မူတည်သည်။ လေထုကို ညစ်ထေးစေသည့် နိုက်ထရိုဂျင် အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်စသည်တို့သည် လူတို့ မရှိတော့သည့်နောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း စီအက်ဖ်စီ၊ ဒိုင်အော့ဆင်၊ ဒီဒီတီ ပိုးသတ်ဆေး တို့သည်မူ ဆယ်စုနှစ် အနည်းငယ်ကြာမှ ပျောက်မည်။ ရေကန်နှင့်ရေအိုင်များရှိ ရေသတ္တဝါများကို အဆိပ်သင့်စေခဲ့သည့် နိုက်ထရိတ်နှင့်ဖော့စဖိတ်ဓာတ်ပေါင်းများသည် ဆယ်စုနှစ်အနည်းငယ် အတွင်း လျော့ပါးကုန်ခန်းသွားမည်။

ကမ္ဘာကြီးရာသီဥတုပြောင်းလဲလာနေမှု၏ အဓိကလက်သည်ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက်သည် လူတို့မရှိတော့သည့်အတွက် လေထုတွင်း အသစ်မဝင်တော့သလောက်ဖြစ်သွားမည်။ လက်ကျန် ကာဘွန်ဒိုင်အောက်ဆိုက်များကို သမုဒ္ဒရာရေတို့က ဖြည်းဖြည်းချင်းစုပ်ယူလိုက်ကြမည်။ သို့သော် စုပ်ယူနှုန်းမှာ နှေးကွေးလှ၍ နှစ်ထောင်ချီကြာသည့်တိုင်အောင် လေထုအပုံတစ်သန်းတွင် ကာဘွန်ဒိုင် အောက်ဆိုက် အပုံ ၃၀၀ မျှ ရှိနေဦးမည်။ ကမ္ဘာပေါ်မှ လူသားတို့ ပျောက်ကွယ်သွားပြီး နှစ်ပေါင်း ၁၀၀၀ ကျော်အထိ ကာဘွန်ဒိုင်အောက်ဆိုက်သည် ရာသီဥတုကို ဆက်လက်ပူနွေးနေစေဦးမည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်သည့် မုန်တိုင်းတိုက် ရေကြီး မိုးခေါင် ရေခဲအရည်ပျော် ပင်လယ်ရေပြင်မြင့်တက်စသော ဖြစ်စဉ်များသည် လူတို့ပျောက်ကွယ်ပြီး နှစ်ရာပေါင်းများစွာကြာမှသာ ဖြည်းဖြည်းချင်း လျော့နည်းလာမည်။

ကမ္ဘာပေါ်မှ လူအားလုံးပျောက်ကွယ်ပြီး နှစ် ၁၀၀၀၀ သို့မဟုတ် ၂၀၀၀၀ ခန့်ကြာမှ လူတို့၏ ခြေရာလက်ရာများ ကမ္ဘာ့မျက်နှာပြင်ပေါ်မှ အစအနမကျန်အောင် ပျောက်ကွယ်သွားမည်။

အကယ်၍ ယင်းအချိန်တွင် အခြားသောဂြိုဟ်သားများ ကမ္ဘာပေါ်ရောက်လာလျှင် လူသားများ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့ဖူးကြောင်း လုံးဝရိပ်မိနိုင်တော့မည် မဟုတ်ချေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s