
ရေရှားသောမြန်မာ့ကျေးရွာများ၌ ညနေစောင်းတွင် ရေအိုးကိုယ်စီရွက်၍ ရေခပ်ဆင်းကြသော လုံမပျိုတို့အကြောင်း ကဗျာဖွဲ့ကြ၊ စာအလှသီကုံးကြသည်။ ကဗျာနှင့်စာကိုဖတ်ရတာ ချောနေသော်လည်း ရေအပြည့်ပါသောအိုးတို့ ပုံးတို့ကို ရွက်၍ပြန်လာရသည့် လုံမပျိုတို့၏ဘဝသည်မူ လှပသည်ဟု မဆိုနိုင်။ ရေအတွက်အချိန်ပေးရသဖြင့် အလုပ်ပျက်၊ ပညာရေးဘက်တွင် အချိန်လျှော့ပေးရသည့်အပြင် ကြာလျှင် ခါးနာ ကျောရိုးဒဏ်ရာရစသဖြင့် ကျန်းမာရေးထိခိုက်ကြသည်။ ထိုနည်းတူ အိန္ဒိယ၊ အာဖရိကနိုင်ငံအချို့ စသည်တို့ရှိ အမျိုးသမီးကြီးငယ်တို့သည်လည်း သောက်ရေသုံးရေတို့အတွက် ဝေးလံသောအရပ်များသို့ ရေခပ်သွားကာ လေးလံသောရေပုံးကို ခေါင်းပေါ်ရွက်၍သယ်ယူကြရသည်။ လေးဂါလန်ဆန့်ရေတစ်ပုံးသည် ပေါင် ၄၀ ကျော်လေးရာ ယင်းဝန်ကို နွေရောက်တိုင်း နေ့စဉ်ရက်ဆက်ဆိုသလိုသယ်နေရသည့် အမျိုးသမီးနှင့်ကလေးငယ်ပေါင်း ကမ္ဘာပေါ်တွင်သန်းပေါင်းများစွာ ရှိလိမ့်မည်။
တောင်အာဖရိကနိုင်ငံသားနှစ်ဦးတီထွင်ထုတ်လုပ်ထားသော Hippo Water Roller က သူတို့၏ဒုက္ခကို သက်သာရစေလျက်ရှိသည်။ Hippo Water Roller ကို မြန်မာလို ”ရေဒလိမ့်တုံး”ဟု ပြန်ဆိုနိုင်မည်ထင်သည်။ ရေဒလိမ့်တုံးကို ကျေးလက်ဒေသမြေပြင်ပေါ်၌ တွန်းသွားသောအခါ အကြမ်းပတမ်းခံနိုင်အောင် ပေါ်လီအက်သလင်းဖြင့် ပြုလုပ်ထားသည်။ ၂၄ ဂါလန်ဆန့်သဖြင့် ခေါင်းပေါ်ရွက်သယ်သည့်ပုံးများထက် ငါးဆမျှရှိသောရေကို သယ်ယူနိုင်သည်။
ရေဒလိမ့်တုံး၏ အဆင်မပြေလှသောအချက်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ပေးရသဖြင့် ကျေးလက်နေပြည်သူတို့အတွက် ဈေးကြီးလွန်းနေ၍ အလှူရှင်ရှိသောနေရာများတွင်သာ အသုံးများနေသည်။ ၂၀၁၅ ခုနှစ်စာရင်းအရ နိုင်ငံ ၂၀ ကျော်ရှိ ကျေးလက်များတွင် ရေဒလိမ့်တုံးပေါင်း ၅၀၀၀၀ ခန့်သုံးနေကြသည်။
ရေဒလိမ့်တုံးကို UV stabilized linear low-density polyethylene ဖြင့်ထုတ်လုပ်ကြောင်းသိရသည်။ ယင်းလုပ်ငန်းစဉ်ကိုနားမလည်သော်လည်း ခဲကျိုးစသည့်အစအနများရှိသော၊ မညီညာသောမြေပြင်တွင် လှိမ့်သွားခြင်းကိုကြာကြာခံနိုင်ရန် အထူးစီမံထားသည်ဟု သဘောပေါက်သည်။ အနည်းဆုံးငါးနှစ်ခံသည်ဟု ဆိုသည်။ သာမန်ရေတိုင်ကီတွင်သုံးသောပစ္စည်းမဟုတ်ပါ။
လက်ကိုင်ကို စတီးလ်ဖြင့်လုပ်ထားကာ စတီးလ်လက်ကိုင်နှင့် ဒလိမ့်တုံးကိုယ်ထည် ဆက်သောနေရာသည် လည်ပတ်ပွတ်တိုက်မှုများသဖြင့် အထူးထုတ်လုပ်ထားသောပေါ်လီမာဖြင့် ရေရှည်ခံအောင် စီမံထားသည်။
ဈေးကွက်တွင်မရောင်းမီ ရေဒလိမ့်တုံးကို တစ်နာရီကီလိုမီတာ ၂၀ နှုန်းဖြင့်မောင်းနေသည့်ကားနောက်တွင် ၁၅ ကီလိုမီတာအဝေးအထိစမ်းသပ်ဆွဲကြည့်ရာ ကွဲအက်ပျက်စီးခြင်းမရှိဟု ဆိုသည်။