
အာတိတ်ဒေသ(Arctic)သည် ရုရှား၊ ဂရင်းလန်းကျွန်း၊ ကနေဒါနှင့်အမေရိကန်နိုင်ငံတို့က ၀ိုင်းပတ်ထားသော ရေပြင်ပေါ်တွင် ပေါလောမျောနေသည့် ရေခဲပြင်ကြီး ဖြစ်သည်။
အာတိတ်ရေခဲပြင်ဧရိယာသည် တစ်သမတ်တည်းမဟုတ်ဘဲ ဆောင်းအခါ ကျယ်လာလိုက် နွေအခါ ကျုံ့သွားလိုက်နှင့် ပြောင်းလဲနေသည်။ နှစ်တစ်နှစ်၏မတ်လတွင် အကြီးဆုံးအရွယ်သို့ရောက်ကာ စက်တင်ဘာလတွင် အငယ်ဆုံး ဖြစ်သွားသည်။
အာတိတ်ဒေသအပူချိန်တက်မှုသည် ကမ္ဘာ့ပျမ်းမျှထက်နှစ်ဆခန့်မျှဖြစ်သည်။ စက်မှုတော်လှန်ရေး မတိုင်မီကနှင့် ယှဉ်လျှင် ကမ္ဘာ့အပူချိန်သည် ၁ . ၈ ဒီဂရီဖာရင်ဟိုက်(၁ ဒီဂရီစင်တီဂရိတ်)မျှတက်ခဲ့သည်။ အာတိတ်ဒေသတွင်မူ ၃ . ၅ မှ ၅ . ၅ ဒီဂရီဖာရင်ဟိုက်(၂ မှ ၃ ဒီဂရီစင်တီဂရိတ်)မျှတက်ခဲ့သည်။
အပူချိန်တက်မှုကြောင့် ၁၉၇၉ ခုနှစ်မှစ၍ အာတိတ်ရေခဲပြင်သည် တစ်နှစ်လျှင် စတုရန်းမိုင် ၂၇၀၀၀ ခန့်နှုန်း သေးငယ်လာလျက်ရှိသည်။
၂၀၂၀ ဇူလိုင်လက အာတိတ်ရေခဲပြင်အကျယ်အဝန်းသည် ဂြိုဟ်တုဖြင့်စတင်မှတ်တမ်းတင်ခဲ့ချိန် ၁၉၇၉ ခုနှစ်နောက်ပိုင်း အသေးငယ်ဆုံးအရွယ်သို့ ရောက်ခဲ့သည်။ ၂၀၂၀ မတ်လက အာတိတ်သမုဒ္ဒရာ၏ အကျယ်ဖြစ်သည့် စတုရန်းမိုင်ခြောက်သန်းလုံးအပြည့် ရေခဲဖုံးခဲ့သော်လည်း ဇူလိုင်လတွင် ၂ . ၈ သန်းစတုရန်းမိုင်သာကျန်တော့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ တွင် ၃ . ၇၄ သန်းစတုရန်းကီလိုမီတာ(စတုရန်းမိုင် ၁ . ၄၄ သန်း) (မြန်မာနိုင်ငံဧရိယာ၏ ငါးဆခွဲ)သာကျန်သည်။
အာတိတ်ရေခဲပြင်သည် ၁၉၈၁-၂၀၁၀ ကာလအတွင်းနှင့်ယှဉ်ပါက ၁၀ နှစ်လျှင် ၁၃ . ၁ ရာခိုင်နှုန်းဖြင့် သေးငယ်လာခဲ့ခြင်း ဖြစ်သည်။
ယခုနှုန်းအတိုင်းဆိုလျှင် ၂၀၃၅ ခုနှစ်အရောက်၌ အာတိတ်ရေခဲပြင်သည် နွေအခါလုံးဝအရည်ပျော်သွားနိုင်သည်။
အာတိတ်ရေခဲပြင်ကြီးသည် မြောက်ဝင်ရိုစွန်းဝန်းကျင်ကို အအေးဓာတ်ပေးနေသည်သာမက တစ်ကမ္ဘာလုံး၏ ရာသီဥတုကိုလည်း မျှတစေသည့်အတွက် ယင်းရေခဲပြင်ကျုံ့ဝင်လာခြင်းသည် ကမ္ဘာကြီးကို ပို၍နွေးထွေးလာစေရန် အားပေးလျက်ရှိသည်။
One thought on “အာတိတ်ဒေသ”