
ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတွက်ရန် အချက်အလက်များကို ကမ္ဘာအရပ်ရပ်ရှိ တိုင်းတာရေးစခန်း ၄၀၀၀ ခန့်၏ မြေပြင်အပူချိန်များနှင့် ဂြိုဟ်တုများမှတိုင်းတာသည့် အောက်ပိုင်းလေထု၏အပူချိန်များကို ရယူသည်။ ထို့ပြင် သမုဒ္ဒရာရေထု၏အပူချိန်ကိုလည်း ထည့်သွင်းတွက်ချက်ရာ ယင်းတို့ကို ကုန်သွယ်ရေကြောင်းသင်္ဘောများ၊ ရေတပ်သင်္ဘောများနှင့် တိုင်းတာရေးဘော်ယာများစသည်တို့မှ ရသည်။
ပျမ်းမျှအပူချိန်ကိုတွက်ချက်ရန် မိုးလေဝသစခန်းများ၊ တိုင်းတာရေးကိရိယာများကို ကမ္ဘာအနှံ့တွင် တညီတညာတည်း ဖြန့်ကြက်ထားနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း ယင်းသို့ထားရှိရန် လက်တွေ့မဖြစ်နိုင်၍ အခြေအနေပေးသည့်နေရာများတွင်သာ ထားရှိသည်။
နှစ်တစ်နှစ်အတွက်ရရှိသော အပူချိန်တိုင်းတာချက်ပေါင်းများစွာကို စာရင်းအင်းပညာ၊ ကွန်ပျူတာစသည့် နည်းပညာများဖြင့် ချိန်ညှိကာ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ထုတ်ယူတွက်ချက်ကြသည်။
ကမ္ဘာ့ပျမ်းမျှအပူချိန်များကို တွက်ချက်ထုတ်ပြန်ပေးနေသည့် အဖွဲ့အစည်းများအနက်အချို့မှာ အမေရိကန် အာကာသအဖွဲ့အစည်း(နာဆာ) ဂေါဒတ်အာကာသလေ့လာရေးဌာန NASA Goddard Institute for Space Sciences (GISS)၊ ယူကေ မိုးလေဝသဌာန The Met Office Hadley Centre (United Kingdom)၊ အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့်လေထုလေ့လာရေးအဖွဲ့ National Oceanic and Atmospheric Administration (NOAA) နှင့် ဂျပန်မိုးလေဝသအေဂျင်စီ Japan Meteorological Agency ( JMA) တို့ ဖြစ်ကြသည်။
ယင်းအဖွဲ့အစည်းတစ်ခုချင်း၏ တွက်ချက်မှုများသည် အားသာချက် အားနည်းချက်အသီးသီးရှိကြကာ ရေတိုကာလအတွက် အဖြေထုတ်ချက်များ အနည်းငယ်ကွဲပြားသော်လည်း ရေရှည်တွင်မူ တစ်ခုနှင့်တစ်ခု ကိုက်ညီကြသည်။(ပုံ)

One thought on “ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း”