
မြစ်ရေကိုနေရာပေးခြင်း(Room for the Rivers Programme) သည် ပုံမှန်ထက် ထူးကဲသောအခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် ပုံမှန်စိတ်ကူးမှ ခွဲထွက်စဉ်းစားရာမှ ရရှိသော အဖြေဖြစ်သည်။
ပုံမှန်ထက်ထူးကဲသောအခြေအနေဆိုသည်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပုံမှန်ထက် သည်းထန်သောမိုးများ အကြိမ်စိပ်စိပ်ရွာလာသဖြင့် ဖြစ်နေကျထက်ဆိုးရွားသောရေကြီးမှုများကို ကြုံတွေ့လာရခြင်း ဖြစ်သည်။ ယင်းအခြေအနေတွင် တာရိုးကိုမြှင့်တင်ခြင်းစသော သမားရိုးကျ ကာကွယ်ရေးနည်းလမ်းများ သက်သက်ဖြင့် မလုံလောက်တော့သည်ကို သိလာကြပြီး မြစ်ရေကို နေရာပိုပေးသော ထူးခြားသည့်စဉ်းစားနည်းဖြင့် ဖြေရှင်းလိုက်သောအခါ အပျက်အစီး သိသာစွာ လျော့နည်းသွားသည်။
ပမာဏအကန့်အသတ်နှင့်သာရှိသောရေကို လူဦးရေများလာ တစ်ဦးချင်း ရေအသုံးများလာနေသော အခြေအနေအတွက် လုံလောက်စွာ ရယူနိုင်ရန် အားထုတ်ရာတွင် အစဉ်အဆက်က လုပ်ဆောင်ခဲ့သော မြစ်ရေ ကန်ရေ မြေအောက်ရေကို ထုတ်ယူနေခြင်းမျှဖြင့် အဆင်မပြေနိုင်၊ ပုံမှန်မဟုတ်သော အခြားနည်းလမ်းများကိုလည်း သုံးစွဲရမည်ဖြစ်ကြောင်း မကြာခဏရေးပြီး ဖြစ်ပါသည်။
မြစ်ရေကိုနေရာပေးခြင်း၏အစိတ်အပိုင်းတစ်ခုဖြစ်သော ရေလွှမ်းလွင်ပြင် အသုံးချခြင်းကို အခြေခံ၍ ဆက်စပ်တွေးခေါ်လျှင် ပုံမှန်မဟုတ်သော ရေရရှိရေးနည်းလမ်းတစ်ခု ပေါ်လာသည်။ မြစ်ရေကိုနေရာပေးခြင်းပို့စ်ပါ မိတ်ဆွေဦးလှဘော်(ဆည်မြောင်း ဒုညွှန်ချုပ်-ငြိမ်း)၏ကွန်မန့်၌ အဆိုပါနည်းလမ်းပါရှိရာ မဖတ်လိုက်ရသူများအတွက် ပြန်လည်ဝေမျှလိုပါသည်။
ဦးလှဘော်သည် သူ၏ဆရာတစ်ဦးနှင့်အတူ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ရေလွှမ်းလွင်ပြင်များကို လေ့လာရင်း ယင်းနေရာများကို တာပတ်၊ ရေထိန်းတံခါးများ လုပ်၊ ဧရာဝတီ ချင်းတွင်း ရေလျှံချိန်တွင် လျှံရေကိုလှောင်၊ မိုးကုန်လျှင် အနီးအနားစိုက်ခင်းများကို ရေပေးဖို့ အစီအစဉ်ရေးဆွဲခဲ့သည်။ သို့သော် အကြောင်းကြောင်းကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ဟု ရေးသားထားသည်။ ဦးလှဘော်တို့၏စိတ်ကူးသည် အစဉ်အလာမဟုတ်သော၊ တန်ဖိုးရှိလှသော စိတ်ကူးဖြစ်သည်။
စိုက်ပျိုးရေ သောက်သုံးရေတို့အတွက် မြစ်ရေ ကန်ရေ ဆည်ရေ မြေအောက်ရေတို့ကို အစဉ်အလာအားဖြင့် ရယူခဲ့ကြသဖြင့် ရေလွှမ်းလွင်ပြင်ရှိရေကို ပေးဝေရန်စီစဉ်ခြင်းသည် အစဉ်အလာမဟုတ်သော စိတ်ကူးဖြစ်သည်။
ဆိုင်ရာဒေသများ၌ မြစ်ရေ ဆည်ရေ မြေအောက်ရေ မလုံလောက်သည့် ချမ်းသာသောနိုင်ငံအချို့သည် ရပ်ဝေးမှရေများကို ဒေါ်လာဘီလျံနှင့်ချီ အကုန်အကျခံပြီး ရေလွှဲပြောင်းရေးစီမံကိန်းများဖြင့် သယ်ယူပို့ဆောင် ပေးနေကြရသည်။ ဥပမာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မိုင် ၄၀၀ ရှည်ပြီး ကုန်ကျစရိတ် ဒေါ်လာ ၁ . ၇၅ ဘီလျံရှိသည့် California Aqueduct စီမံကိန်း၊ တရုတ်နိုင်ငံတောင်ပိုင်းမှ ရေများကို မြောက်ပိုင်းသို့ ပို့သော ကုန်ကျစရိတ် ဒေါ်လာ ၆၂ ဘီလျံရှိသည့် South–North Water Transfer Project စီမံကိန်း။
ထိုမျှမကုန်သော်လည်း စရိတ်မသေးလှသည့် ဒေသအချင်းချင်း ရေလွှဲပြောင်းရေးစီမံကိန်းများလည်း ရှိသည်။
ရေလွှမ်းလွင်ပြင်များကို တာပတ်၊ ရေထိန်းတံခါးလုပ်ပြီး အနီးအနားစိုက်ခင်းများကို ရေပေးရန် အစီအစဉ်သည်မူ ငွေကုန်ခံ သယ်ယူစရာမလိုဘဲ ရပ်ဝေးမှမိမိဒေသသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသော လျှံရေများကို အကျိုးရှိရှိအသုံးချရန် ရည်ရွယ်ခြင်းဖြစ်၍ တန်ဖိုးရှိသည်ဟု ဆိုခြင်းဖြစ်သည်။
မိမိသည် နယ်မြေဒေသနှံ့စပ်သူမဟုတ်၍ တိကျစွာမပြောနိုင်သော်လည်း မြန်မာ့မိုးနည်းရေရှားဒေသရှိ ဧရာဝတီနှင့်ချင်းတွင်းတို့၏ ရေလွှမ်းလွင်ပြင်များနှင့် မဝေးလှသောနေရာများတွင် ရေငတ်နေသောစိုက်ခင်းများ ရှိနေမည်မှာ သေချာသည်။
ယင်းဒေသများတွင် မိုးနှောင်းမကောင်းသည့်အခါ သီးနှံများ မအောင်မမြင်ဖြစ်နေခြင်းအား မိမိတို့ ငွေအား လူအားမစိုက်ရဘဲ ဒေသတွင်းသို့ အဆင်သင့်ရောက်ချလာသောလျှံရေများကို အလဟသအဖြစ်မခံဘဲ သိုလှောင် သွယ်ယူ အသုံးချခြင်းဖြင့် ဖြေရှင်းသင့်ပါကြောင်း အကြံပြုပါသည်။