
၂၀၂၁ သြဂုတ် ၉ ရက်နေ့က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)သည် “ရာသီဥတုပြောင်းလဲခြင်း လေ့လာဆန်းစစ်မှုအစီရင်ခံစာ”၏ ပထမပိုင်းကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာသည် ဆဋ္ဌမမြောက်ဖြစ်ပြီး ပြီးခဲ့သောအစီရင်ခံစာနှင့် စာလျှင် ထောင့်ပိုစုံ၊ ပိုပြည့်စုံသည်။ ယင်းအစီရင်ခံစာတွင် ရာသီဥတု မည်သို့ပြောင်းလဲသည်၊ မည်သည့်နေရာတွင်ပြောင်းလဲသည်၊ မည်သည့်အတွက်ကြောင့် ပြောင်းလဲသည်တို့ကို သေသေချာချာ နှံ့နှံ့စပ်စပ် ဖော်ပြထားပြီး အနာဂတ်တွင် ကျွန်ုပ်တို့ မည်သည်တို့ကို မျှော်လင့်တွေ့ထိရမည်ဆိုသည်တို့ ပါရှိသည်။
လွန်ခဲ့သည်ရှစ်နှစ်က အိုင်ပီစီစီ၏ပဉ္စမအစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်ပိုင်း ကျွန်ုပ်တို့သည် ပြောင်းလဲလာသောရာသီဥတုကြောင့်ပေါ်ပေါက်သည့် စံချိန်တင်တောမီးလောင်မှုများ၊ ပြင်းထန်သောအပူလှိုင်းများ၊ အပျက်အစီးများလှသည့်ရေကြီးမှုများ၊ အားကောင်းသောမုန်တိုင်းများစသည့် သဘာဝဘေးအန္တရာယ်များကို ဆင့်ကဲဆင့်ကဲ ခံစားခဲ့ကြရပြီး၊ ခံစားနေကြရဆဲ ဖြစ်သည်။
(ယင်းအန္တရာယ်များအား)တစ်ချိန်ထက်တစ်ချိန် ထိန်းချုပ်ရန်ခက်လာသောကမ္ဘာကြီးတွင် ကျွန်ုပ်တို့သည် ယုံကြည်မျှော်လင့်ချက်ကို အပူတပြင်း အလိုရှိနေကြသည်။ ယင်းယုံကြည်မျှော်လင့်ချက်မှာ ကျွန်ုပ်တို့ရင်ဆိုင်နေရသော စိန်ခေါ်မှု၏ ပမာဏကြီးမားလှပုံကို ယုံကြည်လက်ခံအသိအမှတ်ပြုတတ်ခြင်းနှင့် ယင်းစိန်ခေါ်မှုကို တုံ့ပြန်ဖို့ ပျက်ကွက်လျှင် တွေ့ကြုံရမည့် အကျိုးဆက်ကို သဘောပေါက်ခြင်းပင် ဖြစ်သည်။
ယင်းယုံကြည်မျှော်လင့်ချက်ကို မည်သည့်နေရာ၌တွေ့နိုင်မည်နည်း။ လက်တွေ့လုပ်ဆောင်မှုတွင် တွေ့နိုင်သည်။ လက်တွေ့စတင်လုပ်ဆောင်လိုက်သည်နှင့် မျှော်လင့်ချက်က နေရာတိုင်းတွင် ပေါ်ပေါက်လာသည်။ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်အချို့ကို ယနေ့ကြုံတွေ့နေကြရပြီ။ အခြားအကျိုးဆက်များကို ဆက်တွေ့ရဖို့ သေချာနေသည်။ သို့သော် အဆိုးဆုံးအခြေအနေမှ ရှောင်လွှဲနိုင်ဆဲဖြစ်သည်ဟု အိုင်ပီစီစီ၏အစီရင်ခံစာတွင် ဆိုထားသည်။ အနာဂတ်သည် ကျွန်ုပ်တို့၏လက်ထဲ၌ ရှိနေသည်။
မိတ်ဆွေဘာလုပ်နိုင်ပါသလဲ၊ ရာသီဥတုပြောင်းလာလဲနေခြင်းကို တန်ပြန်ပြောင်းလဲရန် အရာရာကို မိတ်ဆွေ လုပ်နိုင်ပါသည်။
ပြောင်းလဲခြင်းကို ဘုရင် သမ္မတ ကျော်ကြားသောဆယ်လီစသူတို့က အစပျိုးလိုက်သည်မဟုတ်ပေ၊ ပြောင်းလဲခြင်းကို အစပျိုးလိုက်သူများမှာ အာဏာ ဓန ကျော်ကြားမှုစသည်တို့ မရှိသည့် သာမန်ပြည်သူများသာ ဖြစ်သည်။ ကျွန်ုပ်တို့ပြည်သူများသည် ကမ္ဘာကြီးကို ပြောင်းလဲခဲ့ကြပြီး နောက်ထပ်လည်း ပြောင်းလဲကြဦးမည်။
အစားအသောက်ထည့်သည့်ဘူးခွံများကို လွှင့်မပစ်ပါနှင့်၊ ဆေးကြောပြီးပြန်သုံးပါ၊ အစားအသောက်များကို မလေလွင့်ပါစေနှင့်။ အသီးအနှံများ ပိုစားပါ။
ကိုယ်တိုင် လုပ်ဆောင်နေရုံမျှမဟုတ်၊ မိတ်ဆွေ၏ ကျောင်း ရုံး ဌာနစသည်တို့၌ မိတ်ဆွေလုပ်သကဲ့သို့ လိုက်လုပ်ရန် ဟောပြောစည်းရုံးပါ။
ကမ္ဘာကြီးကို ပြောင်းလဲရန် ကျွန်ုပ်တို့အားလုံးအချင်းချင်း ချိတ်ဆက်၍ အတူတကွလုပ်ဆောင်ရမည်။ ရာသီဥတုပြောင်းလဲခြင်း၏ အရေးကြီးလှပုံကို ယင်းဖြစ်စဉ်က မိမိအပေါ်သက်ရောက်နေမှုနှင့် ယှဉ်၍ ဟောပြောဆွေးနွေးပါ၊ ကိုယ်တိုင်လုပ်ဆောင်သည်များအပြင် အခြားသူတို့လုပ်ဆောင်နေသည်များထဲက မိမိ မြင်တွေ့ ကြားသိ ဖတ်ရှုခဲ့သမျှကို ထပ်ဆင့်ဝေမျှပါ။
ရာသီဥတုနှင့်သက်ဆိုင်သောလုပ်ဆောင်ချက်သည် မတ်စောက်သောတောင်ခြေရှိ ဧရာမကျောက်တုံးကြီးကို လူအနည်းငယ်မျှဖြင့် တွန်းတင်နေခြင်းနှင့် မတူပါ။
ရာသီဥတုနှင့်သက်ဆိုင်သောလုပ်ဆောင်ချက်သည် သန်းနှင့်ချီသောလူအများက တွန်းရွှေ့၍ ဖြည်းဖြည်းချင်း စလိမ့်နေသော တောင်ပေါ်က ကျောက်တုံးကြီးနှင့် အလားတူသည်။ ကျောက်တုံးကြီးသည် ကုန်းလျှောဘက်ကို ဦးတည်၍ စလိမ့်နေပြီ။ ပို၍မြန်မြန်လိမ့်သွားကာ တောင်အောက်ရောက်ဖို့ပဲ လိုသည်။
ကျွန်ုပ် နှစ်သက်လိုလားသည်ကတော့ အိမ်နီးချင်းကောင်းတစ်ဦးဖြစ်ဖို့ပါပဲ။ အိမ်နီးချင်းကောင်းတစ်ဦးဖြစ်ဖို့ လွယ်လှသည်ဟု ထင်စရာရှိသည်။ သို့သော် ပို၍အစွန်းရောက်လာနေသော၊ မညီမျှမှု ပိုများလာနေသော ကမ္ဘာ၌ ကိုယ်ချင်းစာတရားဖြင့် အချင်းချင်းဂရုတစိုက်နေတတ်ခြင်းသည် ရေကြီး အပူလွန်ကဲ တောမီးလောင် စသည့် အစွန်းရောက်ဖြစ်စဉ်များကို ရင်ဆိုင်လာနေရသည့်အချိန်တွင် အရေးကြီးလှပါသည်။ စုဖွဲ့၍ စည်းစည်းလုံးလုံးနေတတ်ခြင်း၊ ကြုံခဲ့ရသောဘေးအန္တရာယ်မှ အတူတကွ ပြန်လည်ရုန်းထထူထောင်ခြင်းတို့သည် ရာသီဥတုပြောင်းလဲခြင်းကို တွန်းလှန်ခြင်း၏ အစိတ်အပိုင်းဖြစ်သည်။
အိုင်ပီစီစီကထုတ်ပြန်သော ရာသီဥတုပြောင်းလဲခြင်းလေ့လာဆန်းစစ်မှုအစီရင်ခံစာ၊ ယင်းအစီရင်ခံစာကြောင့်ပေါ်ပေါက်သည့် စိုးရိမ်ပူပန်မှုများသည် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်တန်ပြန်ရန် လိုအပ်ချက်များဖြစ်သည့် အားထုတ်လုပ်ဆောင်ခြင်း၊ ဟောပြောလှုံ့ဆော်ခြင်းစသည်တို့ မိတ်ဆွေ၏သန္တန်တွင် ပေါက်ဖွားလာစေသောတွန်းအားဖြစ်လာရန် ကျွန်ုပ်မျှော်လင့်ပါသည်။
မည်သည့်အတွက်ကြောင့် မိတ်ဆွေကို ရည်ညွှန်းပြောဆိုနေရပါသလဲ၊ ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် ဤမြေကမ္ဘာပေါ်တွင်နေထိုင်သည့် လူသားဖြစ်ဖို့သာ လိုအပ်ပါသည်။ ဤဆောင်းပါးကို ဖတ်ရှုနေသော မိတ်ဆွေသည် ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် အားထုတ်လုပ်ဆောင်နိုင်သူ ဖြစ်ပါသည်။
(time.com ပါ Professor Katharine Hayhoe ၏ In the Face of Climate Change, We Must Act So That We Can Feel Hopeful—Not the Other Way Aroundကို ဆီလျော်သလို(ပြန်တတ်သလို)ပြန်ဆိုမျှဝေခြင်း ဖြစ်ပါသည်။)