
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဂရင်းလန်းကျွန်း၊ ရုရှားနိုင်ငံတို့က ဝိုင်းပတ်ထားသော အာတိတ်ဒေသများသည် တစ်နှစ်ပတ်လုံး ရေခဲနေသောနေရာ(ပထမပုံ) ဖြစ်ခဲ့သော်လည်း ကမ္ဘာ၏အပူချိန် တဖြည်းဖြည်း တက်လာသဖြင့် လွန်ခဲ့သောနှစ်များမှစ၍ ယင်းဒေသရေခဲပြင်၏ အချို့နေရာများသည် နွေအခါ စတင်အရည်ပျော်လာလျက်ရှိသည်။
အဆိုပါဖြစ်ရပ်သည် ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးဖြစ်သော်လည်း “ဘေးထွက်ကောင်းကျိုး”နှစ်မျိုး ရှိသည်။
ပထမကောင်းကျိုးမှာ ရေခဲပြင်ကြီးအရည်ပျော်သွားခဲ့လျှင် ယင်းဒေသ သမုဒ္ဒရာကြမ်းပြင်အောက်တွင် ရှိနေနိုင်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတများကိုတူးဖော်ရန် လက်လှမ်းမီလာမည်။ အဆိုပါအလားအလာကြောင့် ယင်းဒေသကို ကနေဒါနှင့်ရုရှားတို့က သူပိုင်သည် ငါပိုင်သည်ဟု စတင် ပြောဆိုလာကြသည်။ အခြားဥရောပနိုင်ငံများ၊ ဂျပန်နှင့်အမေရိကန်တို့ကတော့ ပွင့်လာသည့် အာတိတ်ဒေသသည် တစ်နိုင်ငံတည်းနှင့်သာဆိုင်သည်မဟုတ်၊ နိုင်ငံတကာပိုင်ဖြစ်သည်ဟု ဆိုနေသည်။
ဒုတိယကောင်းကျိုးမှာ တစ်နှစ်လျှင် နွေအခါလပိုင်းမျှဖြစ်စေ သင်္ဘောလမ်းပွင့်သွားနိုင်ခြင်း ဖြစ်သည်။
အတ္တလန်တိတ်သမုဒ္ဒရာဝန်းကျင်နိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာဝန်းကျင် နိုင်ငံများကြား ပစ္စည်းအမျိုးမျိုးကို သင်္ဘောဖြင့် တင်ပို့လျှင် တောင်နှင့်မြောက် အမေရိကတိုက်အကြား ပနားမားတူးမြောင်းကို ဖြတ်ကျော်ခြင်း၊ မြေထဲပင်လယ် စူးအက်တူးမြောင်းနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဖြတ်မောင်းခြင်း၊ အာဖရိကတိုက်ကို ကွေ့ပတ်မောင်းနှင်ခြင်းတို့ဖြင့် ပို့ဆောင်နေကြသည်။
အာတိတ်ဒေသကိုဖြတ်သွားနိုင်လျှင် လမ်းကြောင်းများစွာတို၍ အချိန်နှင့်ငွေ သက်သာနိုင်သော်လည်း ယင်းလမ်းကြောင်းတွင် တစ်နှစ်လုံးရေခဲဖုံးနေ၍ ကုန်တင်သင်္ဘောခုတ်မောင်းရန် မဖြစ်နိုင်ခဲ့ပေ။ မဖြစ်မနေ မောင်းမည်ဆိုလျှင် ရေခဲခွဲသင်္ဘောက ရှေ့ကလမ်းရှင်းသွားပြီး ကုန်တင်သင်္ဘောများက နောက်က လိုက်မောင်းရသည်။
နွေအခါမှစ၍ သင်္ဘောလမ်း အနည်းငယ် စတင်ပွင့်လာခဲ့ပြီး နောက်ပိုင်း နွေအခါများတွင် တဖြည်းဖြည်းကျယ်၍ကျယ်၍လာခဲ့သဖြင့် ၂၀၁၆ ခုနှစ် နွေကစ၍ ကုန်တင်သင်္ဘောနှင့်ရေနံတင်သင်္ဘောအချို့သည် ရေခဲခွဲသင်္ဘော အကူမပါဘဲ အာတိတ် သမုဒ္ဒရာကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့သည်။ ခုတ်မောင်းချိန် ထက်ဝက်ခန့်လျော့နည်းသွားသည်။

ယခုနှစ်တွင်မူ အာတိတ်ရေခဲပြင်သည် နွေအခါတွင်ပင် သင်္ဘောသွားလောက်အောင် အရည်မပျော် လမ်းမပွင့်သဖြင့် သင်္ဘောများ ဖြတ်မမောင်းနိုင်ကြချေ။
သို့သော် လာမည့်နှစ်များတွင် ရေခဲပြင်ပို၍ အရည်ပျော်လာရန်သာရှိသဖြင့် သင်္ဘောလမ်းကြောင်းသည် ပို၍ပွင့်လာဖို့သာရှိသည်။
Key words; ရေခဲပြင်အရည်ပျော်ခြင်း
(၂၇ . ၅ . ၂၂ တွင် ဖြည့်စွက် ရေးသားသည်။)